News @ M-Media

Tag: Palestine

  • ဂျူးအခြေချသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံး

    ဂျူးအခြေချသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံး

    အောက်တိုဘာ ၇၊ ၂၀၂၃

    M-Media 


    ဒူမိုင်ဒီ၏ စျာပနကို အစ္စရေးတပ်ဖွဲ့များ၏ နှောက်ယှက်မှု မြင်ကွင်း

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက ဟူ၀ါရာမြို့မှာ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေ အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။ 

    မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ အသက် ၁၉ နှစ်အရွယ် လာဘစ် ဒူမိုင်ဒီဟာ ရင်ဘတ်ကို သေနတ်နဲ့ ပစ်ခံလိုက်ရတာပါ။ 

    ဂျူးလူအုပ်က အကြမ်းဖက်တိုက်ခိုက်နေမှုကို ရှောင်ရှားဖို့အတွက် နေအိမ်အမိုးပေါ် ရှောင်နေစဥ်မှာ ဒီလို သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒူမိုင်ဒီဟာ တက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ 

    ကြာသာပတေးနေ့က သန်းခေါင်ကျော်အချိန်မှာ လူ ၂၀၀ ကျော်လောက်ပါ၀င်တဲ့ ဂျူးလူအုပ်ဟာ ဟူ၀ါရာမြို့မှာ စု၀ေးတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီးခဲ့ကြပြီး အစ္စရေးစစ်သားတွေက ဒီအကြမ်းဖက်မှုကို ရပ်ကြည့်နေခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    အနောက်ဖက်ကမ်းကို အစ္စရေးက ပိတ်ဆို့ထိန်းချုပ်ထားတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ။ ပါလက်စတိုင်းပိုင်နက်အတွင်း တရားမ၀င် အခြေချအိမ်ယာတွေကို ဆောက်လုပ်ကာ ဂျူးတွေကို ထားရှိပါတယ်။ 

    ပြီးခဲ့တဲ့နှစ်အတွေအတွင်း အဲဒီအခြေချအိမ်ယာမှာ နေထိုင်တဲ့ ဂျူးတွေက ပါလက်စတိုင်းတွေကို အုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်တာမျိုး မကြာခဏ ဖြစ်လာပါတယ်။ 

    ဟူ၀ါရာမှာ ဒီလိုတိုက်ခိုက်မှုဖြစ်တာ အနည်းဆုံး ၃ ကြိမ်ရှိပါပြီ။ 

    ဒူမိုင်ဒီရဲ့ စျာပနမှာ လိုက်ပို့တဲ့လူတွေကို အစ္စရေးစစ်သားတွေက ရာဘာကျည်တွေ၊ ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လို့ အနည်းဆုံး ပါလက်စတိုင်း ၅၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ၂၀၂၃ ခုနှစ် ပထမ ၈ လအတွင်း ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုဟာ ပျမ်းမျှ တစ်ရက်ကို ၃ ခုလောက် ဖြစ်တယ်လို့ ကုလရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းမှာ စစ်ရာဇ၀တ်မှုတွေ ထပ်ကျူးလိုက်ပြန်တဲ့ အစ္စရေး

    ပါလက်စတိုင်းမှာ စစ်ရာဇ၀တ်မှုတွေ ထပ်ကျူးလိုက်ပြန်တဲ့ အစ္စရေး

    ဇူလိုင် ၃၊ ၂၀၂၃

    M-Media 

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းမှာ ရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးစစ်တပ်က ဒီကနေ့မနက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ 

    ဂျီနင်ဒုက္ခသည်စခန်းဖြစ်ပြီး ရာနဲ့ချီတဲ့ မြေပြင်တပ်တွေနဲ့ ၀င်ရောက်စီးနင်းခဲ့သလို၊ ရဟတ်ယာဥ်တွေနဲ့လည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း ကလေးငယ် ၃ ဦး အပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂျီနင်ဒုက္ခသည်စခန်းကို အကြိမ်ကြိမ် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ လူငယ် ပါလက်စတိုင်း တော်လှန်ရေးသမားတွေကို ပစ်မှတ်ထား ချေမှုန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။  

    ရှုတ်ချ 

    ———

    ကုလသမဂ္ဂနဲ့ ပတ်၀န်းကျင် အာရပ်နိုင်ငံတွေကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နဆာရ် ကာနာနီက အစ္စရေးဟာ ရာဇ၀တ်မှု ကျူးလွန်နေတာဖြစ်ပြီး အကြမ်းဖက်နိုင်ငံဆိုတာ ထင်ရှားတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    “ဆက်ဆံရေးတည်ဆောက်လိုက်ရုံနဲ့ ဇိုင်ယွန်အဖွဲ့အစည်းရဲ့ လူသတ်၀ါဒကို မတားဆီး၊ မဟန့်တားနိုင်သလို၊ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘဲ ဇိုင်ယွန်အဖွဲ့ဟာ ရာဇ၀တ်မှုတွေ ဆက်လက် ကျူးလွန်နေမယ်ဆိုတာ အခုလုပ်ရပ်က သက်သေပါပဲ”

    အီဂျစ်ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြား၀င် ဟန့်တားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

    ဂျော်ဒန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေ၊ တာ၀န်၀တ္တရားတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

    အာရပ်လိဂ် အထွေထွေအတွင်းရေးမှူး အဟ်မဒ် အဘူလ် ဂီအစ်က အစ္စရေးရဲ့ ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးကို ရှုတ်ချကြောင်း ပြောကြားခဲ့ပြီး အခြေအနေကို ပိုမိုတင်းမာစေလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းအတွင်း ဂျူးအခြေချနေထိုင်သူများ၏ အကြမ်းဖက်မှု မြင့်တက်လာ

    ပါလက်စတိုင်းအတွင်း ဂျူးအခြေချနေထိုင်သူများ၏ အကြမ်းဖက်မှု မြင့်တက်လာ

    ဇွန် ၂၇၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံအတွင်း ဂျူးအခြေချနေထိုင်သူတွေရဲ့ ပါလက်စတိုင်းလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အလွန်အမင်း မြင့်တက်လာတာကို လေ့လာဆန်းစစ်မှုမှာ တွေ့ရပါတယ်။ 

    ၂၀၂၃ ခုနှစ်အတွင်း ဂျူးတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၁၀၆ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်ထက်စာရင် ၂ ဆတက်လာတာလို့ အကျိုးအမြတ်မယူတဲ့ လေ့လာဆန်းစစ်ရေးအဖွဲ့ Abraham Initiatives က ပြောပါတယ်။ 

    ဒါဟာ အစ္စရေးရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားတဲ့ ပမာဏဖြစ်ပါတယ်။ ဒီအမှုတွေရဲ့ ၁၂ ရာခိုင်နှုန်းလောက်ကိုသာ အစ္စရေးက အရေးယူထားပါတယ်။ 

    ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက အဓမ္မသိမ်းပိုက်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ဂျူးအခြေချနေထိုင်သူတွေ ဌာနေပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှု ရှိလာခဲ့တာဖြစ်ပါတယ်။

    ဂျူးလယ်ယာစွန်းရောက် ၀န်ကြီးချုပ် နေတန်ယာဟု သိပ်မကြာခင်က အာဏာပြန်ရအပြီးမှာ အကြမ်းဖက်မှုတွေ ပိုမို များပြားလာပါတယ်။ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ ဘာသာရေးနဲ့ လူမှုရေး အခမ်းအနားတွေပါမကျန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာပါ။ 

    ပါလက်စတိုင်းတွေအားလုံးကို လူမျိုးတုန်းရှင်းပစ်ချင်တဲ့ ဂျူးအစွန်းရောက်ခေါင်းဆောင် အီတာမာရ် ဘန် ဂဗီရ်ကို ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ နေတန်ယာဟုက ပြည်ထဲရေး၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး နောက်ဆက်တွဲ ဂျူးအစွန်းရောက်တွေဟာ ပိုမိုအတင့်ရဲစွာနဲ့ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်လာကြပါတယ်။ 

    အစ္စရေးက အာရပ်အုပ်ချုပ်ရေးမှူးများဆိုင်ရာကော်မတီ ဥက္ကဌ မူဒါယူနစ်က အကြမ်းဖက်မှုတွေ မြင့်တက်လာမှုမှာ ဘန် ဂဗီရ်က အဓိက တာ၀န်ရှိသူဖြစ်တယ်လို့ ပြောပါတယ်။ 

    “သူက အားလုံးကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ပုံစံမျိုး ဖမ်းနေတာ။ တကယ်တော့ သူ ဘာကိုမှ မထိန်းချုပ်နိုင်ပါဘူး”

    အကြမ်းဖက်မှုတွေ လျော့ပါးစေရေး ဘန် ဂဗီရ်က စီမံကိန်းတစ်ချို့လုပ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး။

    “သူ့အစီအစဥ်တွေက ပြဿနာတွေကို မဖြေရှင်းပေးနိုင်တဲ့အပြင် ပိုတောင်များလာပါသေးတယ်” လို့ ပါလက်စတိုင်းရေးရာ တက်ကြွလှုပ်ရှားသူ ရှဟာဒါက ပြောပါတယ် 

    ဂျူးအစွန်းရောက် ဘန် ဂဗီရ်ဟာ သူကိုယ်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မယ့် ခါးပိုင်ဆောင်တပ်ကိုတောင် ဖွဲ့စည်းဖို့ ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ 

    တားဆီးဖို့ ကြိုးပမ်း 

    ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာက ၀ေဖန်မှုတွေ ပြုလုပ်လာတဲ့အတွက် အစ္စရေးအစိုးရက တားဆီးဖို့ ကြိုးပမ်းလာပါတယ်။ 

    ဇွန်လ ၁၈ ရက်နေ့မှာ ၀န်ကြီးချုပ်နေတန်ယာဟုဟာ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့မှာ ဂျူး ၁၈ ယောက် ပါ၀င်ပေမယ့် ပါလက်စတိုင်း ၂ ဦးသာ ထည့်သွင်းထားပါတယ်။ 

    ဂျူးအစွန်းရောက်ခေါင်းဆောင် ဘန် ဂဗီရ်နဲ့ အစ္စရေးဘဏ္ဍာရေး၀န်ကြီး ဘီဇာလီ စမိုထရစ်ချ်တို့လည်း ဒီအဖွဲ့မှာ ပါ၀င်ပါတယ်။ ကော်မတီရဲ့ ပထမဆုံးအစည်းအ၀ေး ကျင်းပဖို့ စီစဥ်ထားပေမယ့် အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသကို ၀င်စီးတဲ့ ဖြစ်ရပ်ကြောင့် အစည်းအ၀ေးကို ရပ်ဆိုင်းလိုက်ရပါတယ်။ 

    ရှဟာဒါကတော့ ဒီကော်မတီကနေ ဘာမှ မျှော်လင့်လို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးက ၀င်စီး၍ လူ ၃ ဦး သေဆုံး

    ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးက ၀င်စီး၍ လူ ၃ ဦး သေဆုံး

    ဇွန် ၁၉၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်း ဂျီနင်မြို့က ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဒီကနေ့မနက်မှာ ၀င်ရောက်စီးနင်းတာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ 

    ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၇ ခုနှစ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ ဂျီနင်ဒုက္ခသည်စခန်းမှာ နေထိုင် ကြတာဖြစ်ပါတယ်။ 

    သံသယရှိသူ ၂ ဦးကို ၀င်ရောက်ဖမ်းဆီးရာမှာ ခုခံမှု ကြုံတွေ့တဲ့အတွက် တိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။ 

    သေဆုံးသူတွေထဲမှာ ကလေးငယ် ၁ ဦး ပါ၀င်ပြီး ဒဏ်ရာရသူက အနည်းဆုံး ၃၇ ဦး ရှိပါတယ်။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ PIJ ရဲ့ အဖွဲ့ခွဲ al-Quds တပ်ဖွဲ့က အစ္စရေးတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

    ဒုက္ခသည်စီးစခန်း စီးနင်းမှုအတွင်း ဂျာနယ်လစ်တွေကိုလည်း အစ္စရေးစစ်တပ်က ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံထားရသည့် နေရာ ၃ ခုကို ထပ်မံတွေ့ရှိ

    မေ ၂၅၊ ၂၀၂၃

    M-Media


    -၁၉၄၈ ခုနှစ် ပါလက်စတိုင်းနယ်မြေတွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်စဥ် လူအမြောက်အများ သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာသစ် အနည်းဆုံး ၃ ခုကို တွေ့ရှိထားတယ်လို့ သုတေသန အဖွဲ့က ပြောပါတယ်။ 

    ယနေ့ အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့အနီးက တန်တူရာလို့ခေါ်တဲ့ ရွာမှာဖြစ်ပါတယ်။ တန်တူရာဟာ ၁၉၄၈ ခုနှစ် မတိုင်ခင်က ပါလက်စတိုင်း ၁၅၀၀ လောက် နေထိုင်တဲ့ ရွာတစ်ခုပါ။ 

    ၁၉၄၈ ခုနှစ်မှာ နောက်ပိုင်း အစ္စရေးစစ်တပ်ဖြစ်လာမယ့် ဂျူးလက်နက်ကိုင်အဖွဲ့က ဒီရွာကို ၀င်ရောက်တိုက်ခိုက်ပြီး ပါလက်စတိုင်းတွေကို မောင်းထုတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း နည်းဆုံး လူ ၂၀၀ လောက် အသတ်ခံခဲ့ရတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

    တန်တူရာရွာက အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့နေရာတွေကို သုတေသနအဖွဲ့အစည်းတွေက ရှာဖွေနေတာ ကြာပါပြီ။ 

    လန်ဒန်အခြေစိုက် Forensic Architecture သုတေသနအဖွဲ့တစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေ၊အသက်ရှင်ကျန်ရစ်သူတွေ၊ ပါလက်စတိုင်းကို ဗြိတိသျှအုပ်စိုးစဥ်က မှတ်တမ်းတွေကနေတစ်ဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာ ၃ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    ၂ ခုက တန်တူရာရွာ ကမ်းခြေက ကားပါကင်မှာဖြစ်ပါတယ်။

    ကျန်ရစ်သူ မိသားစုတွေ ရုပ်ကြွင်းတွေကို တူးဖော်သင်္ဂြိုဟ်ခွင့် ရနိုင်ရေးအတွက် တွေ့ရှိထားတဲ့ အထောက်အထားတွေကို Forensic Architecture အဖွဲ့က အစ္စရေးအာဏာပိုင်တွေထံ တင်ပြသွားဖို့ ရှိနေပါတယ်။ 

    ၁၉၄၈ ခုနှစ် ဂျူးလက်နက်ကိုင်တွေက ပါလက်စတိုင်းနယ်မြေတွေကို သိမ်းပိုက်ချိန် ပါလက်စတိုင်းမြို့ရွာပေါင်း အနည်းဆုံး ၅၀၀ လောက် ဖျက်ဆီးခံခဲ့ရပြီး လူ ၇ သိန်းခွဲလောက် နေရပ်ကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ 

    Ref: Arab News