News @ M-Media

Tag: Palestine

  • အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    အစ္စရေးကိုရှုတ်ချသည့် ကုလ၏ အစီရင်ခံစာသစ်တစ်ခု ထပ်ထွက်လာ

    ဇွန် ၈၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးရဲ့ကျူးကျော်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ မူ၀ါဒတွေကို ဆန့်ကျင်ရှုတ်ချတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်တစ်စောင် မနေ့က ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့စည်းပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို သုံးသပ်ခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်မှာ ပြည်ပကဂျူးတွေ ၀င်ရောက်ပြီး လက်နက်ကိုင်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံ ထူထောင်မှုမှာ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။

    အင်္ဂါနေ့က ကုလရဲ့ထုတ်ပြန်ချက်မှာ အရင်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး နှစ်ဖက်သဘောတူထားတဲ့ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးဖက်က အပြည့်အ၀ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေတာကို တွေ့ရပြီး ရပ်တန့်မယ့်အလားအလာမျိုး မရှိဘူးလို့ ဖော်ပြထားပါတယ်။

    ဒီလို ကျူးကျော်သိမ်းပိုက်မှုတွေ၊ ပါလက်စတိုင်းတွေအပေါ် ညှင်းပမ်းမှုတွေ၊ ဂျူးတွေများလာပြီး ပါလက်စတိုင်းတွေနည်းသွားအောင်လုပ်တာတွေ ရပ်တန့်ဖို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးအရေအတွက် ၇ သိန်းကျော်ရှိပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအိမ်ယာတွေ ဆောက်လုပ်မှုကို ကန့်ကွက်ထားပါတယ်။

    ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်နဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့က ကုလရဲ့ ဒီအစီရင်ခံစာကို ချီးကျူးကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် အစ္စရေးခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေး နိုင်ငံခြားရေး၀န်ကြီးဌာနက ကော်မရှင်ဟာ​ အချိန်နဲ့ ​ေငွကို ဖြုန်းတီးပစ်တာသာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

    ကုလလူ့အခွင့်အရေးကောင်စီရဲ့ လာမယ့်တစ်ပတ်အစည်းအ​ေ၀းမှာ ဒီအစီရင်ခံစာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

    Ref : Reuters

  • ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    ဂျူးလက်ယာစွန်းရောက်များ အလ်အက်ဆွာဗလီကို ၀င်စီး

    မေ ၂၉၊ ၂၀၂၂
    M-Media

    -ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂျေရုစလင်က အလ်အက်ဆွာဗလီကို ဂျူးအစွန်းရောက်တွေ ဒီကနေ့မနက်ပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ အချုပ်အခြာနဲ့ ဘာသာရေးကို ကျူးကျော်စော်ကားမှု မြင့်တက်လာတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။

    အစ္စရေးလွှတ်တော်မှာ အမတ်နေရာတစ်ချို့ ရရှိထားတဲ့ ဂျူးအမျိုးသားရေးအစွန်းရောက်ပါတီတစ်ခုရဲ့ ခေါင်းဆောင် အီတာမာရ် ဘင်ဂဗီရ်က ဦးဆောင်ပြီး ဗလီထဲကို ၀င်ရောက်စီးနင်းခဲ့တာပါ။

    အစ္စရေးတပ်ဖွဲ့တွေကလည်း ဗလီထဲ ၀င်ရောက်တပ်စွဲကာ ၀တ်ပြုနေတဲ့ ပါလက်စတိုင်းတွေကို တံခါးပိတ်လှောင်ပြီး ဂျူးအစွန်းရောက်တွေအတွက် လမ်းရှင်းပေးခဲ့ပါတယ်။

    သတင်းယူဖို့သွားတဲ့ ဂျာနယ်လစ်တွေကို အစ္စရေးတပ်ဖွဲ့တွေက ဟန့်တားခဲ့သလို၊ ဗလီအတွင်းရှိနေတဲ့ ပါလက်စတိုင်းတွေကို ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ဂျူးအစွန်းရောက်တွေဟာ ဗလီထဲမှာ ဂျူးဘာသာအတိုင်း ဘရားရှိခိုးဖို့အထိ ကြိုးစားခဲ့ကြတာပါ။ အစ္စရေးဥပဒေအရ အလ်အက်ဆွာဗလီထဲမှာ ဂျူးတွေ ဘုရား၀တ်ပြုခွင့်မရှိလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

    အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာတွေကို အတင်းအဓမ္မ ကျူးကျော်သိမ်းပိုက်ရုံသာမက အလ်အက်ဆွာဗလီကို ဖြိုချပြီး ဂျူးဘုရားကျောင်းဆောက်ဖို့အတွက် ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

    ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ပါလက်စတိုင်းပိုင်နက်တွေကို ထပ်မံ ကျူးကျော်သိမ်းပိုက်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဥ်နှစ်တိုင်း ဂျူးအခြေချသူတွေဟာ ဂျေရုစလင်က ပါလက်စတိုင်းရပ်ကွက်တွေမှာ ချီတက်လှည့်လည် ရန်စလေ့ရှိပြီး လာမယ့်ရက်ပိုင်းအတွင်း ဒီလိုချီတက်မှု ပြုလုပ်ဖို့ရှိနေပါတယ်။

    Ref: Aljazeera

    mmInternationalNews

  • ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    မေ ၁၁၊ ၂၀၂၂

    M-Media


    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေ ၀င်ရောက်စီးနင်းစဥ်အတွင်း အလ်ဂျာဇီးရားသတင်းထောက် ရှီရင် အဘူ အက္ကလာကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ဂျီနင်မြို့က အစ္စရေးတပ်ဖွဲ့တွေရဲ့ ၀င်ရောက်စီးနင်းမှုကို အဘူ အက္ကလာကတစ်ယောက် တိုက်ရိုက်တင်ဆက်နေတဲ့အချိန် စာနယ်ဇင်းသမားဖြစ်ကြောင်း ဖော်ပြတဲ့ ‘Press’ စာတမ်းပါ ဂျာကင်နဲ့ ဦးထုပ်ကို ၀တ်ဆင်ထားပေမယ့် အစ္စရေးတပ်ဖွဲ့တွေက ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

    အဘူ အက္ကလာဟာ ၁၉၉၇ ခုနှစ်ကစတင်ကာ အလ်ဂျာရီဇားသတင်းဌာနမှာ အလုပ်၀င်လုပ်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ် ရှိပါပြီ။ 

    သတင်းထောက်တစ်ယောက်ကို ဒီလို သတ်ဖြတ်တာဟာ လူသတ်မှု၊ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး၊ အမှန်တရားကို ဖော်ပြနိုင်ရေး မီဒီယာတွေရဲ့ကြိုးပမ်းမှုကို တားဆီးတာဖြစ်တယ်လို့ အယ်ဂျာဇီးရားသတင်းဌာနက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ 

    ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ဒီသတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေးဟာ  အမှန်တရားဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားကာ ရာဇ၀တ်မှုကျူးလွန်နေကြောင်း၊ ဒီအတွက် အစ္စရေးအစိုးရမှာ တာ၀န်ရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးစစ်တပ်က စာနယ်ဇင်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘဲ ဂျီနင်က ဒုက္ခသည်စခန်းကို ၀င်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေနဲ့ အပြန်အလှန် ပစ်ခတ်တာမျိုး ရှိခဲ့တယ်လို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။ 

    အဘူ အက္ကလာနဲ့အတူ လိုက်ပါသတင်းယူတဲ့ ဂျာနယ်လစ်တွေက ဒီအဖြစ်အပျက် ဖြစ်ပွားစဥ်အတွင်း ဘယ်လို အပြန်အလှန် ပစ်ခတ်မှုမျိုးမှ ရှိမနေဘဲ အစ္စရေးတပ်ဖွဲ့တွေက မိမိတို့ကိုသာ ချိန်ရွယ်ပစ်ခတ်တာဖြစ်ကြောင်း၊ အဘူအက္ကလာ လဲကျသွားတဲ့အချိန်မှာတောင် ဆက်လက်ပစ်ခတ်နေတဲ့အတွက် အလောင်းမကောက်နိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။ 

    အဘူအက္ကလာ သတ်ဖြတ်ခံရမှုကို ကမ္ဘာတစ်၀ှမ်း စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ 

    Ref: Aljazeera 

  • ဂျေရုစလင်ရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ပပျောက်အောင် ဂျူးအစွန်းရောက်အဖွဲ့များက လုပ်ဆောင်နေ

    ဂျေရုစလင်ရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ပပျောက်အောင် ဂျူးအစွန်းရောက်အဖွဲ့များက လုပ်ဆောင်နေ

    မေ ၄၊ ၂၀၂၂
    M-Media

    -ဂျူးအစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အစ္စရေးအစိုးရကလည်း ကျူးလွန်သူတွေကို အရေးယူမှု မရှိဘူးလို့ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဒီမိုကရက်နဲ့ ရီပက်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါလက်စတိုင်းက ခရစ်ယာန်တွေ ထိခိုက်ခံစားရမှုကို ဖော်ပြထားပါတယ်။

    အစ္စရေးအစိုးရနဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခရစ်ယာန်တွေအပေါ် ဒုက္ခပေးမှုနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေ လူသိရှင်ကြား၀ေဖန်တာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

    အခု အစီရင်ခံစာမှာတော့ ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းကို မောင်းထုတ်ကာ မြို့ရဲ့ ဘာသာစုံ၊ လူမျိုးစုံ မတူကွဲပြားစွာ ညီညွတ်မှုကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

    “ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ပါတီနှစ်ခုက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့အဖွဲ့က ထုတ်ဖော်ပြောကြားလိုပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းပိုင် ဂျေရုစလင်မှာ ခရစ်ယာန်ဘုရားကျောင်း ၉၅ ကျောင်းရှိပြီး ဂရိအော်သိုဒေ့ါစ်၊ ဂရိကက်သလစ်၊ ရိုမန်ကက်သလစ်၊ ဆီရီအက်နဲ့ အာမေးနီးယန်းခရစ်ယာန်ဘာသာ၀င်တွေ ရှိနေကြတာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဂျေရုစလင်မြို့ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာ၀င်တွေ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ခရစ်ယာန်အသင်းတော် ၁၃ ခုက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်ဘာသာ၀င်တွေကို မောင်းထုတ်ဖို့ ဆောင်ရွက်နေမှုကို အစ္စရေးအစိုးရက အရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ ၀ေဖန်ထားပါတယ်။

    Ref: Middle East Eye

    mmInternationalNews

  • အလ်အက်ဆွာဗလီထဲသို့ အစ္စရေးက ထပ်မံ ၀င်ရောက်စီးနင်းပြန်

    အလ်အက်ဆွာဗလီထဲသို့ အစ္စရေးက ထပ်မံ ၀င်ရောက်စီးနင်းပြန်

    ဧပြီ ၂၂၊ ၂၀၂၂

    M-Media 


    – အစ္စရေးတပ်ဖွဲ့တွေဟာ သောကြောနေ့ မနက်ပိုင်းက ဂျေရုစလင်မှာရှိတဲ့ အလ်အက်ဆွာ ဗလီ၀တ်ကျောင်းတော်ထဲကို ထပ်မံ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ဒါဟာ တစ်ပတ်အတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ၂ ကြိမ်မြောက် စီးနင်းမှုဖြစ်ပါတယ်။ ဗလီထဲမှာရှိနေတဲ့ ၀တ်ပြုသူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး၊ ကျည်အစစ်နဲ့ ပစ်တာလည်းရှိကာ၊ ဗလီပရ၀ုဏ်ထဲ သစ်ပင်တစ်ချို့ကိုလည်း အစ္စရေးတပ်ဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပါလက်စတိုင်း ၃၁ ဦး ဒဏ်ရာရခဲ့ပြီး ၁၄ ဦး ဆေးရုံတင်လိုက်ရတယ်လို့ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဂျာနယ်လစ် ၃ ဦးလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးကတော့ ပါလက်စတိုင်းတွေ ခဲနဲ့ထုတဲ့အတွက် ၀င်စီးတာလို့ ထုတ်ပြန်ပါတယ်။ 

    ဂျူးဘာသာရေးပွဲတော် pass over ကို အလ်အက်ဆွာဗလီထဲမှာလုပ်ဖို့ ဂျူးလက်ယာစွန်းရောက်တွေက ကြိုးစားလာခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အလ်အက်ဆွာဗလီမှာ တင်းမာမှုတွေ မြင့်တက်လာတာပါ။ 

    အစ္စရေးတပ်ဖွဲ့တွေက ဂျူးအစွန်းရောက်တွေကို ကာကွယ်ကာ အလ်အက်ဆွာဗလီထဲ ပို့ဆောင်ပေးတာတွေရှိပြီး ပါလက်စတိုင်းတွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေတာဖြစ်ပါတယ်။ 

    Ref: Aljazeera