News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    စက်တင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    ယူအေအီး၊ ဘာရိန်းနှင့် အစ္စရေးတို့ မနေ့က အမေရိကန်တွင် လက်မှတ်ရေးထိုးမှု

    -အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ခြင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် အစ္စရေးနဲ့ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ တရား၀င်ဆက်ဆံရေး ထူထောင်ဖို့အတွက် မနေ့က အမေရိကန်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ပင်လယ်ကွေ့က အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကာတာကတော့ ငြင်းဆန်ပါတယ်။

    “ဆက်ဆံရေးထူထောင်မှုဟာ ပြဿနာရဲ့ ရင်းမြစ်မဟုတ်တဲ့အတွက် ဒီလိုဆောင်ရွက်မှုကနေပြီး အဖြေလည်း ထွက်မှာမဟုတ်ပါဘူး။ ပြဿနာရဲ့ရင်းမြစ်က ပါလက်စတိုင်းတွေ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတာ၊ နိုင်ငံပျောက်နေတာ၊ ကျူးကျော်သိမ်းပိုက်ခံရတာတွေ ဖြစ်ပါတယ်” လို့ ကာတာနိုင်ငံခြားရေး၀န်ကြီး လို၀ါ အလ်-ခါတာရ်က ပြောကြားခဲ့ပါတယ်။

    ယူအေအီးနဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး ထူထောင်မှုအပြင် စီးပွားရေး၊ လုံခြုံရေးနဲ့ အခြားနယ်ပယ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ယူအေအီးနဲ့ ဘာရိန်းတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref : Aljazeera

  • အာရပ်-အစ္စရေး ဆက်ဆံရေးထူထောင်မှုကြောင့် ပါလက်စတိုင်းများ အလ်အက္ကဆွာဗလီကို ဆုံးရှုံးနိုင်ချေ ရှိနေ

    အာရပ်-အစ္စရေး ဆက်ဆံရေးထူထောင်မှုကြောင့် ပါလက်စတိုင်းများ အလ်အက္ကဆွာဗလီကို ဆုံးရှုံးနိုင်ချေ ရှိနေ

    စက်တင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    -အာရပ်နိုင်ငံတွေ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မှုကြောင့် ဂျေရုစလင်က အလ်အက္ကဆွာဗလီရဲ့ လက်ရှိအနေအထားပျောက်ဆုံးကာ ပိုင်းဖဲ့ခံရနိုင်ချေရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက သတိပေးလိုက်ပါတယ်။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးထူထောင်ကြောင်း သြဂုတ်လမှာ ကြေငြာခဲ့ပြီး ဘာရိန်းနိုင်ငံကလည်း အခုလမှာ အစ္စရေးနဲ့ အဆက်အသွယ်လုပ်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

    ဂျေရုစလင်အခြေစိုက် NGO အဖွဲ့ဖြစ်တဲ့ Terrestrial Jerusalem (TJ) က ဆက်ဆံရေးထူထောင်ကြောင်း ထုတ်ပြန်တဲ့ကြေငြာချက်တွေကိုကြည့်ရင် အလ်အက္ကဆွာဗလီရဲ့ လက်ရှိအနေအထားဟာ ပြောင်းလဲပြီး အနာဂတ်မှာ ပေါက်ကွဲလာနိုင်စရာရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

    ၁၉၆၇ ခုနှစ် သဘောတူညီချက်အရ ၃၅ ဧကကျယ်တဲ့ အလ်အက္ကဆွာ ဗလီ၀တ်ကျောင်းတော်မှာ အစ္စလမ်ဘာသာ၀င်တွေကိုသာ ၀တ်ပြုခွင့်ပေးထားပါတယ်။

    အစ္စလာမ်ဘာသာ၀င်မဟုတ်သူတွေဟာ ဗလီထဲကို ၀င်ရောက်လည်ပတ်ခွင့်ရပေမယ့် ၀တ်ပြုဆုတောင်းခွင့် မရှိပါဘူး။ ဒီအချက်ကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုရဲ့ ၂၀၁၅ ခုနှစ် တရား၀င်ကြေငြာချက်မှာလည်း လက်ခံထားပါတယ်။

    ဒါပေမယ့် အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ရဲ့ လတ်တလော ထုတ်ပြန်ချက်တွေအရ ဒီအနေအထားဟာ ပြောင်းသွားနိုင်ချေ ရှိနေပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်တဲ့ သြဂုတ်လ ၁၃ ရက် ယူအေအီး-ကန်-အစ္စရေး ၃ နိုင်ငံကြေငြာချက်မှာ ‘ငြိမ်းချမ်းရေး ရည်မှန်းချက်အရ ငြိမ်းချမ်းစွာလာရောက်တဲ့ မွတ်စလင်တွေအားလုံးဟာ အလ်အက္ကဆွာဗလီမှာ ၀တ်ပြုနိုင်မှာဖြစ်ပြီး၊ ဂျေရုစလင်က အခြား မြင့်မြတ်ရာနေရာတွေကိုလည်း အခြားဘာသာအားလုံးက ငြိမ်းချမ်းစွာလာရောက်တဲ့ ၀တ်ပြုသူတွေအတွက် ဖွင့်ပေးသင့်ပါတယ်’

    ပြီးခဲ့တဲ့ တစ်ပတ် ဘာရိန်း-ကန်-အစ္စရေးထုတ်ပြန်ချက်မှာလည်း ဒီအချက် ပါ၀င်ပါတယ်။

    အစ္စရေးဟာ ဗလီအဆောက်အဦးကိုသာ အလ်အက္ကဆွာဗလီလို့ သတ်မှတ်တာဖြစ်ပြီး ဗလီပရ၀ုဏ်အတွင်းက မြင့်မြတ်ရာနေရာတွေကို ‘ဂျေရုစလင်ရဲ့ မြင့်မြတ်ရာနေရာတွေထဲက တစ်ခု’ လို့ သတ်မှတ်ကာ ဂျူးအပါအ၀င် ဘာသာအားလုံးအတွက် ၀တ်ပြုခွင့်ပေးဖို့ စီစဥ်ထားကြောင်း TJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ကြေငြာချက်ထဲမှာ သုံးတဲ့ စကားလုံးအသုံးအနှုန်းဟာ နမော်နမဲ့ သုံးတာမျိုးမဟုတ်ဘဲ အလ်က္ကဆွာဗလီမှာ ဂျူးတွေ၀တ်ပြုခွင့်ရပြီး လက်ရှိအနေအထားကို ပြောင်းဖို့အတွက် ရည်ရွယ်ချက်ရှိရှိ မြှုပ်ကွက်ထည့် သုံးသွားတာပါ”

    အလ်အက္ကဆွာဗလီနဲ့ ဂျေရုစလင်ရေးရာတွေကိုး အထူးပြုလေ့လာနေတဲ့ ပါလက်စတိုင်းရှေ့နေ ခါလစ် ဇာဘာကာက ကြေငြာချက်တွေကိုကြည့်ရင် အလ်အက္ကဆွာဗလီကို အစ္စလာမ်ဘာသာ၀င်တွေ ပိုင်ဆိုင်ခွင့် မရှိတော့ဘူးဆိုတာ ထင်ရှားနေတယ်လို့ ပြောပါတယ်။

    “ဒီလို စာပိုဒ်မျိုးကို ယူအေအီးက လက်ခံလိုက်တာဟာ အလ်အက္ကဆွာဗလီကို အစ္စရေးက ပိုင်စိုးဖို့ မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ် အစ္စရေးက ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက် အလ်အက္ကဆွာဗလီပရ၀ုဏ်ထဲက ရှိသမျှအရာအားလုံး ဂျော်ဒန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိရမယ်ဆိုတဲ့ လက်ရှိအနေအထား၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု စတာတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါ”

    အလ်အက္ကဆွာဗလီ ပရ၀ုဏ်အတွင်းမှာ ဂျူးဘုရားကျောင်းဆောက်ရေး၊ ဂျူးတွေ ၀တ်ပြုခွင့်ရရေးအတွက် လက်ယာစွန်းရောက် ဂျူးအဖွဲ့တွေဟာ အရင်ကတည်းက လှုံ့ဆော် တောင်းဆိုခဲ့ကြတာပါ။

    အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အီဗရာဟီမီဗလီမှာလည်း ဂျူးတွေက ဒီလိုဆောင်ရွက်ခဲ့ပြီး ပါလက်စတိုင်းပြည်သူတွေက အလ်အက္ကဆွာဗလီကိုပါ ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။

    Ref: Aljazeera

  • အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ဘာရိန်း သဘောတူ

    အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ဘာရိန်း သဘောတူ

    စက်တင်ဘာ ၁၂၊ ၂၀၂၀
    M-Media

    -အစ္စရေးနဲ့ ဘာရိန်းတို့ဟာ ပြည့်စုံတဲ့ သံတမန်ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပြီး ဒါဟာ သမိုင်း၀င်အောင်မြင်မှုတစ်ခုလို့လည်း ပြောကြားခဲ့ပါတယ်။

    ထရမ့်ဟာ အစ္စရေး၀န်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟု၊ ဘာရိန်းဘုရင် ဟာမဒ် ဘင် အီဆာ အလ်ခါလီဖာတို့နဲ့ ဆွေးနွေးပြီးနောက် ဒီလို သဘောတူညီချက် ရခဲ့တာဖြစ်တယ်လို့ ၃ နိုင်ငံ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လမှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကလည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ အိမ်ဖြူတော်မှာ ပြုလုပ်မယ့် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယူအေအီး၊ ဘာရိန်းနဲ့ အစ္စရေးတို့ တက်ရောက်မှာ ဖြစ်ပါတယ်။

    မနေ့က ဘာရိန်းနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ မိမိတို့ဟာ အရှေ့အလယ်ပိုင်းဒေသမှာ မျှတပြီး ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးမျိုး အလိုရှိတယ်လို့ ဖော်ပြထားပါတယ်။

    ဘုရင်ဟာမဒ်က အဲဒီငြိမ်းချမ်းရေးဟာ ပါလက်စတိုင်း-အစ္စရေး ပူးတွဲတည်ရှိတဲ့ နှစ်နိုင်ငံအဖြေကို အခြေခံသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ဒီသဘောတူညီချက်ဟာ ပါလက်စတိုင်းတွေရဲ့နောက်ကျောကိုထိုးတဲ့ နောက်ထပ်သစ္စာမဲ့ဓားချက်တစ်ခု ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – နေတန်ယာဟု၊ ထရမ့်နှင့် ဘုရင်ဟာမဒ်)

  • အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းတို့၏ နေအိမ် ဖြိုချခံရမှု သိသိသာသာ မြင့်တက်

    အရှေ့ဂျေရုစလင်တွင် ပါလက်စတိုင်းတို့၏ နေအိမ် ဖြိုချခံရမှု သိသိသာသာ မြင့်တက်

    စက်တင်ဘာ ၇၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းပိုင်အနောက်ဖက်ကမ်းက အရှေ့ဂျေရုစလင်မှာ သြဂုတ်လအတွင်း အစ္စရေးက အဆောက်အဦးတွေ ဖြိုချဖျက်ဆီးမှုကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၈၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

    အနောက်ဖက်ကမ်းက ဒေသတော်တော်များများကို အစ္စရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားထားပါ။

    ဆောက်လုပ်ရေးပါမစ်မရှိလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပါလက်စတိုင်းနေအိမ်တွေကို အစ္စရေးက ဖြိုချမှုဟာ အရင်ကတည်းကရှိခဲ့ပြီး သြဂုတ်လအတွင်း ဒီအခြေအနေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ပါလက်စတိုင်းလေ့လာမှုအဖွဲ့ Wadi Hilweh Information Center က ပြောပါတယ်။

    ပြီးခဲ့တဲ့လမှာ အရှေ့ဂျေရုစလင်က ပါလက်စတိုင်းတွေရဲ့အဆောက်ဦး ၅၁ ခု ဖြိုချ ဖျက်ဆီးခံခဲ့ရပြီး ကလေးငယ် အများစုအပါအ၀င် ၈၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

    ဖြိုချခံရတဲ့ အဆောက်အဦးတွေဟာ လူနေအိမ် ၃၆ လုံး၊ စီးပွားရေးလုပ်ငန်း ၅ ခု၊လယ်ယာလုပ်ငန်း ၇ ခုနဲ့ အခြားအဆောက်အဦးတွေ ဖြစ်ပါတယ်။

    အခုနှစ်အတွင်း အရှေ့ဂျေရုစလင်မှာ ဖြိုချဖျက်ဆီးခံရတဲ့ ပါလက်စတိုင်း အဆောက်အဦးအရေအတွက်ဟာ ၈၉ ခုရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း အရှေ့ဂျေရုစလင်မှာ ပါလက်စတိုင်းပိုင်အဆောက်အဦး စုစုပေါင်း ၁၀၉ ခု ဖြိုချခံခဲ့ရပါတယ်။

    Ref: RT

  • ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    အိမ်ဖြူတ​ော်အကြံပေး ဂျရဒ် ကက်ရှ်နာနှင့် ကာတာခေါင်းဆောင် အလ် သာနီ

    -လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့မူကို မိမိတို့က လက်ကိုင်ထားတယ်လို့ ကာတာက အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေးကို ပြောကြားလိုက်ပါတယ်။

    ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်တဲ့ အိမ်ဖြူတော်အကြံပေး ဂျာရဒ် ကက်ရှ်နာဟာ မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကက်ရှ်နာနဲ့ အလ် သာနီတို့ဟာ နှစ်နိုင်ငံအကြားရှိနေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို သုံးသပ်ခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

    အလ် သာနီက ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ထွက်သွားပြီး၊အရှေ့ဂျေရုစလင်ကို မြို့တော်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မှ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဥ်ကို ဆက်လက်ဆွဲကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စေရးနဲ့ ယူအေအီးတို့ ပြီးခဲ့တဲ့လမှာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေလည်း ဒီလမ်းစဥ်ကိုလိုက်ဖို့ အမေရိကန်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ပြီးတဲ့နောက် ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံ ဖြစ်လာတာပါ။ ယူအေအီးရဲ့ဒီလုပ်ရပ်ကို ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

    Ref: Aljazeera