News @ M-Media
Tag: Palestine
  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ
    စက်တင်ဘာ ၄၊ ၂၀၁၈
    M-Media
    တရုတ်-အာဖရိက အစည်းအဝေးတွင်တွေ့ရသည့် ရှီကျင့်ဖျင်
    အစ္စရေးကျူးကျော်အိမ်ယာတွင် ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံရ
    ==============
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ ဓားနဲ့တိုက်ခိုက်ဖို့ ကြိုးစားတယ်ဆိုတဲ့စွဲချက်နဲ့ အစ္စရေးစစ်တပ်က အသက် ၂၈ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို မနေ့မှာ ပစ်သတ်လိုက်ပါတယ်။ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ကမ္ဘာကလည်း ကန့်ကွက်ထားပေမယ့် အစ္စရေးဟာ ပါလက်စတိုင်းပိုက်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ရပ်တန့်ခြင်း မရှိပါဘူး။ အဲဒီအိမ်ယာတွေကြောင့် ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးအကြားမှာ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မနေ့ကအဖြစ်အပျက်တွင်း သေဆုံးသူရဲ့အလောင်းကို သယ်ဖို့အတွက် ပါလက်စတိုင်း လူနာတင်ယာဉ်ကို အစ္စရေးက ၀င်ခွင့်မပေးခဲ့ပါဘူး။
    နိုက်ဂျီးရီးယားတွင် လူ ၁၁ သန်း အရေးပေါ်အကူအညီ လိုအပ်နေ
    ===============
    နိုက်ဂျီးရီးနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိနေတဲ့ Lake Chad ဒေသမှာ ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ရန်ကြောင့် ဒုက္ခရောက်နေတဲ့ လူပေါင်း ၁၁ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလက ပြောကြားလိုက်ပါတယ်။ အဲဒီဒေသက နေရပ်စွန့်ခွာသူတွေ ပြန်လည်ရောက်ရှိလာပေမယ့် တိုက်ခိုက်မှု ထပ်ဖြစ်မှာကို ကြောက်နေရတာပါ။ အစားအစာ ပြတ်လတ်မှုကြောင့် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူ ရာချီ သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေကလည်း လိုအပ်နေတဲ့ အကူအညီတွေ မရဘူးဆိုရင် အသက်ဆုံးရှုံးနိုင်ချေ ရှိတယ်လို့ ကုလက ဆိုပါတယ်။
    အာဖရိကကို ကန်ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ရန် တရုတ်က ကတိပြု
    =================
    ဘေဂျင်းမှာ မနေ့က စတင်ကျင်းပတဲ့ အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအတွင်း အာဖရိကကို ရင်းနှီးမြှုပ်နှံမှု၊ အတိုးမဲ့ချေးငွေတွေကနေတစ်ဆင့် ကန်ဒေါ်လာ ဘီလီယံ ၆၀ ဘဏ္ဍာရေးအကူအညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ်းလှမ်းခဲ့ပြီး၊ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အကြွေးတွေကို လျော်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် ၃ နှစ်အတွင်း တရုတ်ကုမ္ပဏီတွေ အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အာဖရိကတိုက်အတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စီမံကိန်း အခု ၅၀ လောက် လုပ်ဆောင်သွားမယ်လို့လည်း ရှီက ဆိုပါတယ်။ တရုတ်ဟာ အာဖရိကသမဂ္ဂအဖွဲ့ကို လက်နက်အကူအညီတွေ အခမဲ့ ပေးသွားဖို့လည်း ရှိနေပါတယ်။
    အမြန်ရထားလိုင်းစီမံကိန်း ရပ်တန့်ရန် မလေးနှင့် စင်ကာပူ သဘောတူ
    =============
    ကွာလာလမ်ပူ-စင်ကာပူ အမြန်ရထားလိုင်း ဆောက်လုပ်မှုကို ၂ နှစ် ဆိုင်းငံ့သွားဖို့အတွက် မလေးရှားနဲ့ စင်ကာပူတို့က သဘောတူလိုက်ပါတယ်။ မလေးရှား စီးပွားရေးဝန်ကြီးက နိုင်ငံစီးပွားရေး ပြန်လည် ကောင်းမွန်လာတဲ့အထိ ဒီစီမံကိန်းကို သုံးသပ်သွားမှာဖြစ်ပြီး၊ လက်ရှိမှာ လျော်ကြေးပေးစရာ မလိုသေးကြောင်း ဆိုင်းငံ့ကာလနောက်ပိုင်း စီမံကိန်းကို လုံးဝရပ်ဆဲမှ ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။
    Ref: Aljazeera, CNA
  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ
    သြဂုတ် ၂၃၊ ၂၀၁၈
    M-Media
    ဗီယမ်နက်က အစိုးရဆန့်ကျင်ရေးသမားများကို ရုံးထုတ်မှုမြင်ကွင်း
    ပါလက်စတိုင်းတွင် တရားမ၀င်အိမ်ယာ တစ်ထောင်ကို အစ္စရေးက ထပ်ဆောက်မည်
    =================
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ တရားမ၀င်အိမ်ယာ ၁၀၀၀ ကျော် ဆောက်လုပ်ဖို့အတွက် အစ္စရေးက မနေ့မှာ အတည်ပြုလိုက်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ ဒီလို ကျူးကျော်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ ကမ္ဘာ့နိုင်ငံတော်တော်များများကလည်း ကန့်ကွက်ထားပါတယ်။ ပါလက်စတိုင်းက အစ္စရေးရဲ့တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူ အရေအတွက်ဟာ ၆ သိန်းအထိ ရှိလာပြီး ပါလက်စတိုင်းတွေက သူတို့ရဲ့ပိုင်နက်တွေကို ကျူးကျော်မှုအတွက် ဒီတရားမ၀င်အိမ်ယာတွေကို ဆန့်ကျင်တိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်ခဲ့ကြပါတယ်။
    ဗီယက်နမ်က ကွန်မြူနစ်ဆန့်ကျင်ရေးသမား ၁၂ ဦးကို ထောင်ချ
    =================
    ပြီးခဲ့တဲ့နှစ်မှာ အစိုးရဆန့်ကျင်ရေးစာရွက်စာတမ်းတွေ ဝေငှကာ ဆူပူအောင်လုပ်ပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗီယက်နမ်က အမေရိကန်နိုင်ငံသား ၂ ဦးအပါအ၀င် လူ ၁၂ ယောက်ကို မနေ့မှာ ထောင်ဒဏ် ၅ နှစ်ကနေ ၁၄ နှစ်အထိ ချမှတ်လိုက်ပါတယ်။ အဲဒီလူတွေဟာ အမေရိကန်အခြေစိုက် ကွန်မြူနစ်ဆန့်ကျင်ရေး Provisional National Government of Vietnam (PNGV) အဖွဲ့ကဖြစ်ပြီး ဗီယက်နမ်ဟာ ဒီအဖွဲ့အပါအ၀င် ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်အရေး ရှေ့နေတွေကို တရားစွဲဆိုကာ ထောင်ချလေ့ရှိပါတယ်။
    မြောက်ကိုရီးယား နျူဖျက်သိမ်းရေးကတိက၀တ်ကို မလိုက်နာဟု The 38 North အဖွဲ့ပြော
    ================
    မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်တဲ့နေရာ Sohae Satellite Launching Station ဖြိုဖျက်မှုကို သြဂုတ်လအစောပိုင်းမှာ ရပ်တန့်လိုက်ပြီး နျူဖျက်သိမ်းရေး ကတိက၀တ်ကို ဆက်လက် အကောင်အထည်မဖော်တော့ဘူးလို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ The 38 North က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ စင်ကာပူဆွေးနွေးပွဲမှာ ကင်ဂျုံအွန်က နျူဖျက်သိမ်းရေး ကတိပြုခဲ့ပြီးတဲ့နောက် ဇူလိုင်လကစလို့ ဒီနေရာကို ဖြိုချခဲ့တာ ဖြစ်ပါတယ်။
    ရုရှားဦးဆောင်သည့် ငြိမ်းချမ်းရေးညီလာခံသို့ မတက်ဟု အာဖဂန်ပြော
    ===========
    ရုရှားက ဦးဆောင်ပြီး နောက်လအစောပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရုရှားဟာ ငြိမ်ချမ်းရေးညီလာခံအတွက် အမေရိကန်အပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဖိတ်ကြားထားပြီး အမေရိကန်က တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲကို တာလီဘန်အဖွဲ့လည်း တက်ရောက်ဖို့ရှိနေပြီး အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့အနေနဲ့ အာဖဂန်နဲ့ တိုက်ရိုက်ဆွေးနွေးသွားမှာဖြစ်ကာ နိုင်ငံခြားတိုင်းပြည်က ၀င်စွက်မှုကို မလိုလားဘူးလို့ ဆိုပါတယ်။
    Ref: CNA, Aljazeera
  • စနေနေ့မနက် နိုင်ငံတကာသတင်းများ
    စနေနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၁၁၊ ၂၀၁၈
    M-Media
    ဂါဇာမှ ပါလက်စတိုင်းများ
    မလေးဝန်ကြီးချုပ်ဟောင်း၏ လုံခြုံရေးများထံမှ ငွေသား ၁ သန်းကျော် သိမ်းဆည်းရမိ
    ====================
    နျူဖျက်သိမ်းရေး ကုလအတွင်းရေးမှူး၏စကားကို မြောက်ကိုရီးယား ဝေဖန်
    =====================
    ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ရဲ့ နျူလက်နက်ဖျက်သိမ်းရေး ပြောကြားချက်ဟာ နမော်နမဲ့ ပြောကြားမှုမျိုးဖြစ်ပြီး အမေရိကန်ရဲ့ စကားအတိုင်း လိုက်နေတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ဝေဖန်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့တွေ့ဆုံစဉ် ဂူတာရက်စ်က မြောက်ကိုရီးယားဟာ လုံးဝ နျူကင်းစင်မှသာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေထပ်လုပ်ဖို့ အမေရိကန်ရဲ့ တိုက်တွန်းမှုကိုလည်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် လူ ၂ ဦး ထပ်မံသေဆုံး
    ===================
    ဂါဇာကမ်းမြှောင်ဒေသမှာ မနေ့က ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် စေတနာ့ဝန်ထမ်း ဆေးမှူးတစ်ဦးအပါအ၀င် ပါလက်စတိုင်း နှစ်ဦး သေဆုံးခဲ့ကာ လူရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကလည်း အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ကိုယ်ဝန် ၉ လလွယ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် မိခင်နဲ့ သူ့ရဲ့ အသက် ၁၈ လအရွယ် သမီးတစ်ဦးတို့အပါအ၀င် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပိုင်နက်တွေကို ဂျူးလက်နက်ကိုင်တွေရဲ့ ကျူကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးရတဲ့ ပါလက်စတိုင်းမျိုးဆက်တွေ နေရပ်ပြန်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၂၀ ရက်နေ့ကတည်းက အပတ်စဉ် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြလူအုပ်ကို အစ္စရေးက နှိမ်နှင်းမှုကြောင့် အခုအချိန်အထိ အနည်းဆုံး ၁၅၉ ဦးသေဆုံးပြီး ၁၆၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
    Ref: Aljazeera, CNA
  • ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ကို အစ္စရေးပြည်သူများ ကန့်ကွက်
    ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ကို အစ္စရေးပြည်သူများ ကန့်ကွက်
    သြဂုတ် ၅၊ ၂၀၁၈
    M-Media
    – အစ္စရေးကို ဂျူးအမျိုးသားနိုင်ငံတော်အဖြစ် သတ်မှတ်တဲ့ ဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ သိန်းနဲ့ချီတဲ့ အစ္စရေးနိုင်ငံသားတွေဟာ မနေ့က မြို့တော် တလ်အဗီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့လနှောင်းပိုင်းက အစ္စရေးလွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးပြီး အတည်ပြုခဲ့တဲ့ အဲဒီမူကြမ်းဟာ အာရပ်ဘာသာစကားကို အဆင့်လျှော့ချပြီး၊ လူမျိုးစုဒေသတွေမှာ ဂျူးတွေအပေါ် အခြားလူမျိုးတွေက အုပ်စိုးမှုကို ကန့်သတ်ထားပါတယ်။
    ဒီဥပဒေပြဌာန်းမှုကို အစ္စရေးမှာသာမက ကမ္ဘာတစ်ဝှမ်းကလည်း ဝေဖန်ခဲ့ကြပြီး အစ္စရေးနိုင်ငံအတွင်းမှာရှိတဲ့ ဂျူးမဟုတ်သူတွေအပေါ် ခွဲခြားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မနေ့က ဆန္ဒပြပွဲမှာ ပြည်သူတွေဟာ “ငါတို့ဟာ ညီအစ်ကိုတွေဆိုရင် ညီတူမျှတူဖြစ်ရမယ်”၊ “ငါတို့ရဲ့အင်အားက ညီညွတ်ခြင်းပဲ- ဂျူးအမျိုးသားနိုင်ငံဥပဒေဟာ ငါတို့ကိုသွေးကွဲစေတယ်” စတဲ့ ဆောင်ပုဒ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စရေးအလံနဲ့ ဒရူဇီလူမျိုးတွေရဲ့ အလံတွေကိုလည်း ယှဉ်တွဲ ကိုင်ဆောင်ခဲ့ကြပါတယ်။
    ဒရူဇီလူမျိုးတွေဟာ အာရဘီဘာသာစကားပြော လူမျိုးစုဖြစ်ပြီး ထူးချွန်တာကြောင့် အစ္စရေးစစ်တပ်နဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ထိပ်တန်းရာထူးတွေကို ရယူထားသူတွေ ဖြစ်ပါတယ်။ ဒရူဇီတွေက ‘ဂျူးအမျိုးသားနိုင်ငံ ဥပဒေ’ ဟာ နိုင်ငံအတွင်းက အခြားသောအုပ်စုတွေကို ခွဲခြားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆန္ဒပြပွဲတွေကို ရပ်တန့်ရေးအတွက် ၀န်ကြီးချုပ် နေတန်ယာဟုဟာ ဒရူဇီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။
    အစ္စရေးစစ်တပ်က ဒရူဇီလူမျိုး ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ အေမဲလ် အာဆတ်က ၀န်ကြီးချုပ်ဟာ လူနည်းစုတွေရဲ့အသံကို နားထောင်လိုစိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဂျူးအမျိုးသားနိုင်ငံ ဥပဒေဟာ အစ္စရေးကို လူမျိုးရေးခွဲခြားတဲ့တိုင်းပြည်မျိုး ဖြစ်သွားစေတယ်လို့လည်း ဗိုလ်ချုပ် အေမဲလ်က စောစောပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။
    အစ္စရေးက ဂျူးလက်ယာအုပ်စုတွေဟာ ဒီဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် ၂၀၁၁ ခုနှစ်ကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး အမေရိကန်အပါအ၀င် တစ်ခြားနိုင်ငံတွေက ဂျူးတွေကလည်း ဒီလုပ်ရပ်ကို ကွန့်ကွက်ခဲ့ကြပါတယ်။
    Ref: RT
  • ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော
    ပါလက်စတိုင်း လွတ်မြောက်ရေးအတွက် ထောင်အကြိမ် ၁၀၀ ကျလည်း မမှုဟု တမီမီ ပြော
    သြဂုတ် ၂၊ ၂၀၁၈
    M-Media
    -အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကနေ ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရာမှာ ထောင် အကြိမ် ၁၀၀ ချခံရမယ်ဆိုရင်လည်း ကျခံသွားမယ်လို့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ အဟဒ် တမီမီက RT သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
    ပါလက်စတိုင်းပြည်သူတွေကို ညှင်းပမ်းတဲ့ အစ္စရေးစစ်သားကို ရင်ဆိုင်တုန့်ပြန်ရင်း အစ္စရေးရဲ့ ဖမ်းဆီးထောင်ချခြင်းခံခဲ့ရတဲ့ တမီမီဟာ ထောင်ဒဏ် ၈ လ ကျခံရပြီးတဲ့နောက် တနင်္ဂနွေမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
    “ကျွန်မခံစားခံရသလို တစ်ခြားလူတွေ ဘယ်တော့မှ မခံစားရပါစေနဲ့လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ယုံကြည်ချက်တွေအတွက်ကြောင့် ဒီလိုကြုံရတာမျိုးကို နောင်တမရပါဘူး။ တိုင်းပြည်အတွက်ဆိုရင် ထောင် အကြိမ်တရာမကကျလည်း ကျွန်မ မမှုပါဘူး” လို့ တမီမီက ပြောကြားခဲ့ပါတယ်။
    အသက် ၁၇ နှစ်အရွယ် တမီမီဟာ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပါတယ်။
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘီဆာလေဟ်ရွာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အစ္စရေးစစ်သားတွေရဲ့ ၀င်ရောက်စီးနင်းမှုအတွင်း တမီမီ၊ သူ့ရဲ့မိခင် နာရီမန်နဲ့ အသက် ၂၀ အရွယ် ၀မ်းကွဲအမ နူရ်တို့ဟာ အစ္စရေးစစ်သားတွေကို ရင်ဆိုင်တုန့်ပြန်ခဲ့ကြပြီး နောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
    “သူတို့ ကျွန်မကိုဖမ်းမယ်ဆိုတာ ကျွန်မ သိပါတယ်။ အစ္စရေးရဲ့ ဖိနှိပ်မှုအောက်မှာ နေထိုင်တဲ့သူတိုင်း ဒီလို အမြဲကြုံတွေ့ရတာပါ”
    တမီမီက သူမ ပါးရိုက်ခဲ့တဲ့ အစ္စရေးစစ်သားဟာ စောစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၀မ်းကွဲမောင် မိုဟာမက်ကို ရာဘာအုပ်ထားတဲ့ စတီးကျည်ဆံနဲ့ မျက်နှာကို အနီးကပ်ပစ်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မိုဟာမက်ကတော့ အဲဒီဒဏ်ရာကြောင့် မျက်နှာနဲ့ ဦးခေါင်းမှာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိကာ အခုအချိန်အထိ ဆေးကုသမှု ခံယူနေရပါတယ်။
    “ကျွန်မမောင် မျက်နှာမှာ ဒဏ်ရာရနေမှန်း သိသိကြီးနဲ့ ဒီစစ်သားက ပစ်ခဲ့တယ်။ မောင်လေးက သေမလိုကိုဖြစ်သွားခဲ့တာပါ။ အရင်ကလည်း ကျွန်မနေတဲ့နေရာက လူငယ်ဆယ်ကျော်သက်လေးတွေကို အဲဒီစစ်သားက သေနတ်နဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်”
    အစ္စရေးစစ်သားကို ပါးရိုက်မှုအတွက် အစ္စရေးစစ်ခုံရုံးက တမီမီကို ထောင်ဒဏ် ၈ လ ချမှတ်ခဲ့ပါတယ်။ တမီမီ ထောင်ထဲမှာရှိနေစဉ်အတွင်း သူ့ရဲ့ နောက်ထပ် မောင်ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မူဆဘ်ဟာ ဇန်န၀ါရီလမှာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။
    တမီမီကတော့ သူ့အနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ဆက်လက်လှုပ်ရှားသွာမှာဖြစ်ပြီး ရှေ့နေဖြစ်အောင်ကြိုးစားကာ အစ္စရေးရဲ့ မတရားမှုတွေကို တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: RT