News @ M-Media

Tag: Palestine

  • အစ္စရေးအား အသိအမှတ်ပြုမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ရပ်ဆိုင်း

    အစ္စရေးအား အသိအမှတ်ပြုမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ရပ်ဆိုင်း

    အောက်တိုဘာ ၃၀၊ ၂၀၁၈
    M-Media

    PCC အစည်းအဝေးမြင်ကွင်း

    – အစ္စရေးကို အသိအမှတ်ပြုမှု၊ အစ္စရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ PLO ရဲ့ ဗဟိုကောင်စီ PCC က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ရာမာလာဟ်ဒေသမှာ ၂ ရက်တာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် ပဲရစ်စီးပွားရေး သဘောတူညီချက်အောက်က ကိစ္စတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

    အစ္စရေးကို အသိအမှတ်ပြုခဲ့တဲ့ အော်စလို သဘောတူညီချက်ရဲ့ တရားဝင်မှုကိုလည်း PCC က ပယ်ဖျက်ခဲ့ပါတယ်။

    လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အစ္စရေးက တစ်စိုက်မတ်မတ် ငြင်းပယ်နေတဲ့အတွက် ဒီလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ၁၉၆၇ ခုနှစ်က နယ်နမိတ်တွေအတိုင်း ပါလက်စတိုင်းကို အစ္စရေးက အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ဗဟိုကောင်စီက ပြောကြားခဲ့ပါတယ်။

    PCC ရဲ့ ဆုံးဖြတ်ချက်ကို ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ PLO အမှုဆောင်ကောင်စီတို့က အတည်ပြုရမှာ ဖြစ်ပါတယ်။

    မဟ်မူးဒ်အဘတ်စ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တင်သွင်းတဲ့ ဘယ်လိုငြိမ်းချမ်းရေး အစီအစဉ်ကိုမှ လက်ခံမှာမဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ဒီအစီအစဉ်ကို သမိုင်းဝင်ပါလက်စတိုင်းဒေသမှာ ဂျူးနိုင်ငံပေါ်ပေါက်စေခဲ့တဲ့ ဗြိတိသျှအစိုးရရဲ့ ဘဲလ်ဖိုးကြေငြာချက်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

    Ref : Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၇၊ ၂၀၁၈
    M-Media

    သီရိလင်္ကာသမ္မတအိမ်တော်အနီး တွေ့ရသည့် စစ်တပ်အစောင့်အရှောက်များ

    1MDB ငွေပျောက်ဆုံးမှုကို နာဂျစ် ၀န်ခံသော်လည်း သူမပါဟု ဆို
    ==============
    နိုင်ငံပိုင်လုပ်ငန်း 1MDB က ဒေါ်လာ သန်းရာနဲ့ချီ ပျောက်ဆုံးမှုကိစ္စမှာ မူမမှန်တာတွေ ရှိတယ်လို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်က အလ်ဂျာဇီးရားသတင်းဌာနရဲ့ 101 East အစီအစဉ်မှာ ၀န်ခံခဲ့ပြီး ဒီကိစ္စမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ နာဂျစ်ဟာ 1MDB အပါအ၀င် သူတာဝန်ယူစဉ်က ကိစ္စတွေအတွက် ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စုစုပေါင်း စွဲချက် ၃၈ ခုနဲ့ လက်ရှိမှာ တရားစွဲဆိုခံထားရတာပါ။ နာဂျစ်ကတော့ နိုင်ငံရဲ့ငွေ တစ်ပြားတစ်ချပ်မှ ယူထားခြင်းမရှိဘဲ 1MDB ကို သူဦးဆောင်ပေမယ့် ပိုက်ဆံတွေ ပျောက်ဆုံးမှုကို သူမသိလိုက်ကြောင်း၊ သူ့ဘဏ်စာရင်းထဲက ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်းဟာ ဆော်ဒီတော်ဝင်မင်းသားက ပေးတဲ့ လက်ဆောင်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 1MDB က ငွေတွေ ပျောက်ဆုံးမှုကို အမေရိကန်နဲ့ စင်ကာပူအပါအ၀င် နိုင်ငံပေါင်း ၆ နိုင်ငံကလည်း စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

    ဂါဇာဆန္ဒပြမှုတွင် အစ္စရေးလက်ချက်ကြောင့် လူ ၅ ဦး ထပ်မံသေဆုံး
    ===========
    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၁၇၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်း ၇ သိန်းခွဲရဲ့ မျိုးဆက်တွေ နေရပ်ပြန်ခွင့်ရရေး Great March of Return အမည်နဲ့ မေလကတည်းက ဂါဇာမှာ အပတ်စဉ် ဆန္ဒပြနေတာဖြစ်ပါတယ်။ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတွေရဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၀ ဦး သေဆုံးခဲ့ပြီး ၁၈၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂျော်ဒန်ရေကြီးမှု ၂၀ ကျော်သေဆုံး
    ============
    ဂျော်ဒန်နိုင်ငံက ပင်လယ်သေတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရေကြီးမှုကြောင့် ကလေးငယ်အများစုအပါအ၀င် သေဆုံးသူအရေအတွက်ဟာ ၂၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရေကြီးမှုကြောင့် တံတားကျိုးကျမှုလည်း ရှိခဲ့ပြီး အနည်ဆုံး လူ ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ရေကြီးမှုအတွင်း ပျောက်ဆုံးသူတွေလည်း ရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာဖွယ် ရှိနေတယ်လို့ ဂျော်ဒန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က ဒီကိစ္စမှာ တာဝန်ပေါ့လျော့တဲ့ အာဏာပိုင်တွေကို ဒေါသဖြစ်ပြီး သေဆုံးသွားသူတွေအတွက် ၀မ်းနည်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် အိုမာရ် အလ်-ရာဇက်ဦးဆောင်တဲ့ ဂျော်ဒန်အစိုးရဟာ အချက်အလက်ရှာဖွေရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    သီရိလင်္ကာတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေ
    ============
    သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီ ဆင်ဟီကို ရာထူးကနေ အံ့အားသင့်ဖွယ်ထုတ်ပယ်ကာ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါပေမယ့် ဒါဟာ အခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ရာ ရောက်နေတဲ့အတွက် ဝေဖန်မှုတွေ ရှိနေပြီး ရာနီလ်ကလည်း သူ့အနေနဲ့ ၀န်ကြီးချုပ်အဖြစ် တရားဝင်ဆက်ရှိနေကြောင်း၊ ဒီကိစ္စကို တရားရုံးမှာ ရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ရာဂျာပက်ဆီဟာ သောကြာနေ့က ကိုလံဘိုမှာရှိတဲ့ သူ့အိမ်ကနေ သူ့ကိုထောက်ခံသူတွေကိုပြောကြားတဲ့ မိန့်ခွန်းမှာ ၀န်ကြီးချုပ် ရာနီလ်ကို နှုတ်ထွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရာဂျာပက်ဆီကို ထောက်ခံသူတွေကလည်း နိုင်ငံပိုင် သတင်းဌာနနှစ်ခုကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ရာဂျာပက်ဆီဟာ ခရစ်ယာန်တွေ၊ မွတ်စလင်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်အဖွဲ့ BBS ကို ပ,စားပေးမှုအတွက် ဝေဖန်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရှုံးနိမ့်ချိန်မှာ စစ်တပ်ကိုစည်းရုံးပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၂၄၊ ၂၀၁၈

    M-Media

    မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်

    ဆော်ဒီဂျာနယ်လစ် ကာရှိုဂျီအသတ်ခံရမှုမှာ အဆိုးဝါးဆုံးဖုံးကွယ်မှုဟု ထရမ့်ပြော

    =============

    အစ္စတန်ဘူလ်က ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ၀ါရှင်တန်ပို့စ် ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံရမှုကိုစ္စကို ဆော်ဒီရဲ့ ကိုင်တွယ်မှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ဖုံးကွယ်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ ကာရှိုဂျီအသတ်ခံရကြောင်း အစောပိုင်းမှာ ငြင်းဆိုခဲ့တဲ့ ဆော်ဒီဟာ နောက်ပိုင်းမှာ ၀န်ခံခဲ့ပါတယ်။ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ဝေဖန်မှုအတွက် ကာရှိုဂျီ သတ်ဖြတ်ခံလိုက်ရတာလို့ ပြောကြားမှုတွေ ရှိနေပြီး ထရမ့်က ဒီကိစ္စမှာ ဆော်ဒီအာဏာပိုင်တွေပါရင် ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေနဲ့ ကြုံတွေ့ရမယ်လို့ ခြိမ်းခြောက်ဖူးပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုကလည်း သူတို့အနေနဲ့ သတ်ဖြတ်မှုမှာ ပါဝင်သူတစ်ချို့ကို သိရှိထားပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန် အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲဟောင်း လုပ်ကြံခံရ

    ===================

    ဂျော်ဒန်နိုင်ငံရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲဟောင်း အသက် ၅၆ နှစ်အရွယ် ဗိုလ်ချုပ် ဟာဘစ် အလ်-ဟာနီနီဟာ အင်္ဂါနေ့မနက် အစောပိုင်းက မြို့တော် အမ်နန်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ အလ်-ဟာနီနီဟာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေနဲ့ ပူးတွဲအလုပ်လုပ်ဖူးသူဖြစ်ပြီး ထောက်လှမ်းရေးဘက်မှာ အလွန်ထူးချွန်သူလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ရာထူးကနေ အနားယူသွားပေမယ့် ဂျော်ဒန် ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်သွယ်မှု ရှိနေသူပါ။ ဘယ်သူက အလ်-ဟာနီနီကို လုပ်ကြံသတ်ဖြတ်သလဲဆိုတာကို တိတိကျကျ မသိရှိရသေးဘဲ ဂျော်ဒန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ လတ်တလော ဂျော်ဒန်နိုင်ငံရဲ့သမိုင်းမှာ ထိပ်တန်းထောက်လှမ်းရေးအကြီးအကဲတစ်ဦး ပထမဆုံး သတ်ဖြတ်ခံရမှုလည်း ဖြစ်ပါတယ်။

    မလေးရှားဝန်ကြီးချုပ်ဟောင်း စွဲချက် ၆ ခုဖြင့် ထပ်မံ တရားစွဲခံရဖွယ် ရှိနေ

    ======================

    မလေးရှား ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အစ်ရ်ဝမ် ဆီရီဂါတို့ကို မလေးရှား ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် MACC က ဒီကနေ့မှာ ထပ်မံဆင့်ခေါ်ခဲ့ပြီး မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကနေ ဒူဘိုင်းက ရေနံကုမ္ပဏီ IPIC ကို ငွေကြေးပေးချေမှုနဲ့ပတ်သက်ပြီး မေးမြန်းမယ်လို့ ဆိုပါတယ်။ ခြစားမှု အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ပေါင်း ၃၀ ကျော်နဲ့ အမှုရင်ဆိုင်နေရတဲ့ နာဂျစ်ဟာ နောက်ထပ်စွဲချက် ၆ ခုနဲ့ စွဲချက်တင်ခံရမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူတို့နှစ်ဦးအပြင် မလေးရှား ပြည်ပထောက်လှမ်းရေး အကြီးအကဲဟောင်း ဟာဆာနာဟ် အဘ်ဒူလ် ဟာမစ်ကိုလည်း MACC က ဆင့်ခေါ်ထားပါတယ်။ နာဂျစ်နဲ့ ဆီရီဂါတို့ကို ခေတ္တထိန်းသိမ်းကာ ကြာသာပတေးနေ့ကျရင် တရားစွဲဆိုဖို့ ရှိနေပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် ဟားမက်စ်တို့ လူ့အခွင့်အရေးချိုးဖောက်ဟု HRW ပြော

    ================

    ပါလက်စတိုင်းပိုင် အနောက်ဖမ်းကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသတို့မှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့ ဟားမက်စ်တို့ဟာ သူတိုနဲ့ သဘောထားမတူတဲ့သူတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ နှိပ်စက်တာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ၁၄၉ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ PA နဲ့ ဟားမက်စ်တို့က ဒီဖော်ပြမှုတွေကို ငြင်းဆိုခဲ့ပြီး တစ်ဖက်သက် အစီရင်ခံစာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ပါလက်စတိုင်းအာဏာပိုင်တွေ အရေးယူခံရတဲ့အထိ အကူအညီတွေ ရပ်တန့်ဖို့ HRW က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • တရားမ၀င်နေထိုင်သူ ဂျူးတစ်စု၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအမျိုးသမီး သေဆုံး

    တရားမ၀င်နေထိုင်သူ ဂျူးတစ်စု၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအမျိုးသမီး သေဆုံး

    အောက်တိုဘာ ၁၄၊ ၂၀၁၈
    M-Media

    အိုက်ရှာ အလ်-ရောက်ဘီ၏ ဈာပနအခမ်းအနား

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်တဲ့ ဂျူးတစ်စုကြောင့် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

    အသက် ၄၇ နှစ်အရွယ် အိုက်ရှာ အလ်-ရောက်ဘီဖြစ်ပြီး သောကြာနေ့ညနေပိုင်းက ခင်ပွန်းနဲ့အတူ ကားနဲ့ပြန်လာစဉ် အနောက်ဖက်ကမ်းမြောက်ပိုင်း နဘ်လုစ်မြို့အနီး တရားမ၀င်အိမ်ယာက ဂျူးလူမျိုးတစ်စုက သူတို့ကားကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ အိုက်ရှာဟာ ဦးခေါင်းမှာ ဒဏ်ရာရကာ သေဆုံးသွားခဲ့ပါတယ်။

    မနေ့ကပြုလုပ်ခဲ့တဲ့ အိုက်ရှာရဲ့ ဈာပနအခမ်းအနားကို ပါလက်စတိုင်းပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ဂျူးအခြေချနေထိုင်သူတွေဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အရေးယူကိုယူရမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအဖြစ်အပျက်အတွက် အစ္စရေအစိုးရက တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပြီး၊ ပါလက်စတိုင်းတွေကို ကာကွယ်မှု
    ပိုပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်လို့ သတ်မှတ်ပေးထားတဲ့ ဒေသတွေက အစ္စရေးရဲ့ တရားမ၀င် အခြေချအိမ်ယာတွေမှာ နေထိုင်သူအရေအတွက်ဟာ သန်းဝက်ကျော် ရှိနေပြီး ပါလက်စတိုင်းတွေနဲ့ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

    ကမ္ဘာ့နိုင်ငံတွေက အစ္စရေးရဲ့ ဒီအခြေချအိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ ပြောထားပေမယ့် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေကို ဆက်လက်ဆောက်လုပ်နေပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့ကို ကနေဒါက ဒေါ်လာ သန်း ၃၀ ကျော် ထပ်မံထောက်ပံ့မည်

    ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့ကို ကနေဒါက ဒေါ်လာ သန်း ၃၀ ကျော် ထပ်မံထောက်ပံ့မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၈
    M-Media

    – ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းအကူအညီပေးရေးအဖွဲ့ UNRWA ကို ကန်ဒေါ်လာ ၃၈ သန်း ထပ်တိုး ထောက်ပံ့သွားမယ်လို့ ကနေဒါနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ကုလလက်အောက်ခံ UNRWA အဖွဲ့ဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ သန်းနဲ့ချီတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးတွေကို ၁၉၅၀ ပြည့်နှစ်ကတည်းက ကူညီခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ UNRWA ကို တစ်နှစ် ကန်ဒေါ်လာ သန်း ၃၅၀ ထောက်ပံ့ခဲ့ပေမယ့် အခုနှစ်မှာတော့ ဒီထောက်ပံ့မှုကို ရပ်တန့်ကြောင်း ကြေငြာခဲ့ပါတယ်။

    ကနေဒါဟာ ဒေါ်လာ ၃၈ သန်းကို ၂ နှစ်အတွင်း ခွဲပေးသွားမှာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်တွေ၊ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံတို့မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေမှာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ကနေဒါသမ္မတ ဂျက်စတင် ထရူဒူဟာ သူ့အရင်သမ္မတဟောင်းက ဖြတ်တောက်ခဲ့တဲ့ ပါလက်စတိုင်း ကူညီရေး ရန်ပုံငွေကို သူ့လက်ထက်မှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အကြမ်းဖက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံအဖြစ် ထူထောင်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၇ သိန်းခွဲလောက် နှင်ထုတ်ခံခဲ့ရပြီး ဒုက္ခသည်ဘ၀ ရောက်ခဲ့ရပါတယ်။

    Ref: Arabnews