News @ M-Media

Tag: Palestine

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၉၊ ၂၀၁၈
    M-Media

    လက်ဘနွန်ရှိ UNHCR

    ဆိုမာလီတွင် အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ
    ================
    ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်း ဂျူဘာလန်ဒေသမှာ ရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့စစ်သားတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျူဘာလန်ဟာ အမေရိကန်၊ ဆိုမာလီနဲ့ ကင်ညာတို့က တပ်ဖွဲ့ဝင် ၈၀၀ လောက်ပေါင်းကာ အလ်-ရှာ ဘတ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေတဲ့နေရာပါ။ သူတို့အဖွဲ့ဟာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်လောက်မှာ မော်တာတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေမှာ တစ်ဦးဟာ မိတ်ဖက်တပ်ဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ၄ ဦးသေဆုံးကာ ၆၀၀ ကျော်ဒဏ်ရာရ
    ==============
    မနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး အပါအ၀င် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်း စတင်ခဲ့တဲ့ ဂါဇာက ဆန္ဒပြမှုမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ ၁၂၄ ဦး ရှိလာပြီး ဒဏ်ရာရသူကတော့ ၁၃၀၀၀ ရှိလာပါတယ်။ မနေ့က ဒဏ်ရာရရသူတွေထဲမှာ AFP သတင်းဌာနက သတင်းထောက်တစ်ဦးလည်း ပါဝင်ပါတယ်။

    ဆီးရီးယားဒုက္ခသည်ကိစ္စ လက်ဘနွန်နှင့် UNHCR တို့ တင်းမာမှုဖြစ်
    ===============
    ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တားဆီးဆိုတဲ့ အကြောင်းပြချက်နဲ့ UNHCR ၀န်ထမ်းတွင် နေထိုင်ခွင့်ကို လက်ဘနွန်က ရပ်ဆိုင်းလိုက်ပြီး၊ အရေးယူမှုတွေ ထပ်လုပ်သွားမယ်လို့ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘက်စီလ်က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်ဟာ ဆီးရီးယားဒုက္ခသည် ၁.၅ သန်းလောက်ကို လက်ခံထားရပြီး ၃.၅ သန်းလက်ခံထားတဲ့ တူရကီနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ UNHCR ကတော့ လက်ဘနွန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ဟာ ဒုက္ခသည်တွေကို ပံ့ပိုးကူညီရေး၊ နိုင်ငံတကာ စံညွှန်းနဲ့အညီ သူတို့ဘ၀တွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    မြောက်ကိုရီးယားသံတမန်အိမ်ကို ၀င်ရောက်သည့် သတင်းသမားနှစ်ဦးကို စင်ကာပူဖမ်းဆီး
    =============
    မြောက်ကိုရီးယားသံတမန် ဂျူချီယက်ရဲ့အိမ်ကို ပိုင်နက်ကျူးလွန် ၀င်ရောက်မှုနဲ့ တောင်ကိုရီးယား KBS News သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို စင်ကာပူက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၂ နှစ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အဲဒီသတင်းဌာနက နောက်ထပ် ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီလူတွေဟာ မီဒီယာသမားအဖြစ် စင်ကာပူရဲ့ အသိအမှတ်ပြုမှု မရထားဘူးလို့လည်း ဆိုပါတယ်။ KBS News ကတော့ စင်ကာပူအာဏာပိုင်တွေရဲ့ ဘယ်လိုအရေးယူမှုမျိုးကိုမဆို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, Aljazeera

  • ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဇွန် ၂၊ ၂၀၁၈
    M-Media

    ပစ်သတ်ခံလိုက်ရသည့် သူနာပြု ရာဇန် အလ်-နဂ်ျဂျာရ်

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်တောင်ဘက် ခန်ယူနစ်မြို့မှာ ပါလက်စတိုင်းသူနာပြုတစ်ဦးဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မနေ့မှာ သေဆုံးသွားပါတယ်။

    အသက် ၂၁ နှစ်အရွယ် ရာဇန် အလ်-နဂ်ျဂျာရ်ဆိုသူဖြစ်ပြီး နယ်စပ်အနီးမှာ ဒဏ်ရာရနေသူတစ်ဦးကို ဆေးကုသဖို့ သွားရောက်နေရင်း ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    မျက်မြင်သက်သေတစ်ဦးက အလ်-နဂ်ျဂျာရ်ဟာ သူနာပြုမှန်းသိအောင် လက်ထောင်ပြီး ပြေးသွားခဲ့ပေမယ့် အစ္စရေးစစ်သားတွေက ပစ်သတ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့သူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဆန္ဒပြခဲ့ကြတာပါ။

    ဒါပေမယ့် အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၁၂၀ ကျော်လာပြီး ဒဏ်ရာရသူကတော့ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    မနေ့ကတစ်နေ့တည်းမှာ အစ္စရေးလက်ချက်ကြောင့် လူ ၁၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    မေ ၂၂၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မာလီကီ

    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ပါလက်စတိုင်းအစိုးရက နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီဟာ ဒီကနေ့မှာ သည်ဟေ့ဂ်က နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လာရောက်ခဲ့ပြီး အကြီးအကဲ ဖာဆူ ဘန်ဆူဒါနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို ခံစားနေရတဲ့ ပါလက်စတိုင်ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းဖို့ ပါလက်စတိုင်းနိုင်ငံဟာ အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပါတယ်” လို့ မာလီကီက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တောင်းဆိုမှုမှာ အစ္စရေးက တရားမ၀င် အခြေချအိမ်ယာတွေချဲ့ထွင်တာ၊ လယ်မြေတွေသိမ်းတာ၊ သယံဇာတတွေကို အမြတ်ထုတ်တာ၊ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်မှတ်ထား ညှင်းပမ်းတာ စတဲ့ ပြဿနာတွေ ပါဝင်တယ်လို့လည်း မာလီကီက ဆိုပါတယ်။

    မေလ ၁၄ ရက်နေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြသူတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုတောင်းဆိုမှု ပေါ်ထွက်လာတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

    မာလီကီကတော့ အစ္စရေးရဲ့ရာဇ၀တ်မှုတွေအတွက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ မိမိတို့က လိုလားပြီး၊ ဒါဟာ နိုင်ငံတကာရဲ့ တာဝန်ခံမှု၊ နိုင်ငံတကာဥပဒေအပေါ် လေးစားမှုတွေကို စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    မေ ၁၉၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းကိစ္စ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ယူအေအီးက စီစဉ်ပေးတဲ့ အစ်ဖ်သာရ်ဝါဖြေပွဲကို သပိတ်မှောက်ရေး ပါလက်စတိုင်းပြည်သူတွေက ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ကြသူတွေ ၀ါဖြေစားသောက်ဖို့အတွက် ယူအေအီးဟာ နှစ်စဉ် ဂျေရုစလင်က အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ စီစဉ်ပေးတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီနှစ်မှာတော့ ဂျေရုစလင်က တက်ကြွလှုပ်ရှားသူတွေဟာ ဒီအစီအစဉ်ကို လက်မခံဖို့ တိုက်တွန်းတဲ့အနေနဲ့ “We are not hungry” (ငါတို့မဆာဘူး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရှယ်မီဒီယာမှာ လှုံ့ဆော် တိုက်တွန်းမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဒီလိုလုပ်ဆောင်တာဟာ ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ ပါလက်စတိုင်းကိစ္စကို လစ်လျူရှုထားပြီး အစ္စရေးအစိုးရနဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်တဲ့အတွက်ကြောင့်လို့ သူတို့က ပြောကြားခဲ့ကာ အစ္စရေးမှာ ကျင်းပနေတဲ့ 101st Giro d’Italia စက်ဘီးပြိုင်ပွဲမှာ ပင်လယ်ကွေ့နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်မှုကို ထောက်ပြခဲ့ပါတယ်။

    အဲဒီစက်ဘီးပြိုင်ပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပါလက်စတိုင်း ၉၀ ကျော်လောက်ကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ကျင်းပတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်းမှာ ပါလက်စတိုင်း အိုလံပစ်ကော်မတီက ဒီပြိုင်ပွဲမှာ ဘာရိန်းနဲ့ ယူအေအီးတို့ ပါဝင်မှုဟာ ရှက်ဖွယ်ရာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ပါလက်စတိုင်းတွေရဲ့ အိမ်တွေ ပုံမှန်လိုလို ဖြိုချဖျက်ဆီးခံရပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်ထားတဲ့၊ ပါလက်စတိုင်းတွေရဲ့ သွားလာမှုကို ကန့်သတ်ထားတဲ့ အရှေ့ဂျေရုစလင်နားမှာ ဒီလိုပြိုင်ပွဲ ကျင်းပမှုကို ရှုတ်ချခဲ့ပါတယ်။

    Ref: Press TV

  • ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    မေ ၁၈၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ရေးအတွက် စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု စေလွှတ်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

    လုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းမှာ ‘လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု အမြန်ဆုံးစေလွှတ်ဖို့’ တိုက်တွန်းထားပါတယ်။ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၁၄ နိုင်ငံက ကြားနေခဲ့တာ၊ ၂ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ‘၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ အရပ်သားတွေရဲ့ ဆန္ဒပြမှုကို စစ်ဆင်ရေးနည်းလမ်းနဲ့ နှိမ်နှင်းမှုအတွင်း ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှု’ ပြုလုပ်ရမယ်လို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဒီကနေ့မနက်အစောပိုင်းကလည်း လူ့အခွင့်အရေးကောင်စီအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က ဂါဇာကိစ္စမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရေး တိုက်တွန်းမှုတွေကို ထောက်ခံခဲ့ပါတယ်။

    တနင်္လာနေ့တုန်းက ဂါဇာမှာ ဆန္ဒပြလူအုပ်ကို အစ္စရေး စနိုက်ပါသမားတွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၆၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera