အောက်တိုဘာ ၁၄၊ ၂၀၁၈
M-Media

– အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်တဲ့ ဂျူးတစ်စုကြောင့် ပါလက်စတိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် အိုက်ရှာ အလ်-ရောက်ဘီဖြစ်ပြီး သောကြာနေ့ညနေပိုင်းက ခင်ပွန်းနဲ့အတူ ကားနဲ့ပြန်လာစဉ် အနောက်ဖက်ကမ်းမြောက်ပိုင်း နဘ်လုစ်မြို့အနီး တရားမ၀င်အိမ်ယာက ဂျူးလူမျိုးတစ်စုက သူတို့ကားကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ အိုက်ရှာဟာ ဦးခေါင်းမှာ ဒဏ်ရာရကာ သေဆုံးသွားခဲ့ပါတယ်။
မနေ့ကပြုလုပ်ခဲ့တဲ့ အိုက်ရှာရဲ့ ဈာပနအခမ်းအနားကို ပါလက်စတိုင်းပြည်သူ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ဂျူးအခြေချနေထိုင်သူတွေဟာ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဖြစ်ပြီး၊ အရေးယူကိုယူရမယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအဖြစ်အပျက်အတွက် အစ္စရေအစိုးရက တာဝန်ယူရမယ်လို့ ပြောကြားခဲ့ပြီး၊ ပါလက်စတိုင်းတွေကို ကာကွယ်မှု
ပိုပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်လို့ သတ်မှတ်ပေးထားတဲ့ ဒေသတွေက အစ္စရေးရဲ့ တရားမ၀င် အခြေချအိမ်ယာတွေမှာ နေထိုင်သူအရေအတွက်ဟာ သန်းဝက်ကျော် ရှိနေပြီး ပါလက်စတိုင်းတွေနဲ့ မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။
ကမ္ဘာ့နိုင်ငံတွေက အစ္စရေးရဲ့ ဒီအခြေချအိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ ပြောထားပေမယ့် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာတွေကို ဆက်လက်ဆောက်လုပ်နေပါတယ်။
Ref: Aljazeera