News @ M-Media

Tag: Palestine

  • ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်

    ဗြိတိန်တော်ဝင်မိသားစုက ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီကို ပထမဆုံး သွားရောက်လည်ပတ်

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    အလ်-အက္ကဆွာ ဂေါပကအဖွဲ့နှင့်အတူ တွေ့ရသည့် မင်းသားဝီလီယံ (၀ဲမှ ဒုတိယမြောက်)

    – အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် အစ္စရေးကို ရောက်ရှိနေတဲ့ ဗြိတိန် တော်ဝင်မင်းသား ၀ီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို မနေ့မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

    မင်းသားဟာ အစ္စရေးလုံခြုံရေးတွေ၊ ဂျော်ဒန်က စီမံနေတဲ့ အလ်-အက္ကဆွာ ဗလီ ဂေါပကအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။

    ဗြိတိသျှအာဏာပိုင်တွေက ဒါဟာ ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦး ပထမဆုံးအကြိမ် အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်မှုဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မင်းသားဟာ အဲဒီမတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်တွေ၊ ဂျူးတွေရဲ့ သာသနိက အဆောက်အဦးတွေဆီလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့က မင်းသားဝီလီယံဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းကို သွားရောက်ခဲ့ပြီး ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    “ကျွန်တော်တို့နှစ်နိုင်ငံဟာ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး၊ ပညာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” လို့ မင်းသားက ပါလက်စတိုင်းသမ္မတကို ပြောကြားခဲ့ပါတယ်။

    အနောက်နိုင်ငံတွေဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ရည်ညွှန်းခေါ်ဆိုခြင်းမရှိဘဲ အနာဂတ်မှာ အချုပ်အခြာပိုင် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာရေး ထောက်ခံအားပေးတယ်လို့ပဲ ပြောဆိုကြပါတယ်။ မင်းသားဝီလီယံကတော့ ဒီအစဉ်အလာကို ချိုးဖျက်ခဲ့ပါတယ်။

    အင်္ဂါနေ့က မင်းသားနဲ့တွေ့ဆုံစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းတွေ နိုင်ငံတည်ထောင်ရေးကို လက်မခံကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င် အခြေချအိမ်ယာတွေ တည်ဆောက်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

    Ref: Jordantimes

  • ဂါဇာတွင် အစ္စရေး၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု HRW ပြော

    ဂါဇာတွင် အစ္စရေး၏လုပ်ရပ် စစ်ရာဇ၀တ်မှုမြောက်နိုင်ဟု HRW ပြော

    ဇွန် ၁၄၊ ၂၀၁၈
    M-Media

    – ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက အသက်သေစေလိုတဲ့သဘောနဲ့ နှိမ်နှင်းတာဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကုလ လုံခြုံရေးကောင်စီက အစ္စရေးရဲ့ အဲဒီလုပ်ရပ်တွေကို ရှုတ်ချပြီး၊ ပါလက်စတိုင်းပြည်သူတွေကို ကာကွယ်ပေးရေး တိုက်တွန်းတဲ့ အဆိုတစ်ခုကို မဲခွဲဖို့ရှိနေတဲ့အချိန် HRW ရဲ့ ဒီပြောကြားမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    HRW က အစ္စရေးတပ်ဖွဲ့တွေဟာ သူတို့အပေါ် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းမရှိတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေအပေါ် ‘သေစေလိုတဲ့သဘော’ နဲ့ ကျည်အစစ်တွေ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

    “အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းမရှိတဲ့သူတွေအပေါ် အစ္စရေးက အသက်သေစေနိုင်လောက်တဲ့ အင်အားကို အသုံးပြုတာကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု ပမာဏဟာ တော်တော်လေးကို မြင့်မားခဲ့ပါတယ်။ အစ္စရေးက ဟန်ပြ စုံစမ်းစစ်ဆေးမှုလုပ်တာ၊ အမေရိကန်က လုံခြုံရေးကောင်စီမှာ ဗီတိုသုံးပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဝတ္တရားကို တားဆီးတာ စတဲ့ နည်းလမ်းအဟောင်းတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ချိုးဖျက်ဖို့လိုပြီး ပါလက်စတိုင်းတွေရဲ့ အသက်တွေအပေါ် ဒီလိုအလေးမထားတာကို ထိထိရောက်ရောက် ဆောင်ရွက်ရပါမယ်” လို့ HRW ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာ ဆာရာ လီယာ ၀စ်စတန်က ပြောကြားခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး မတ်လ ၃၀ ရက်နေ့က စတင်ပြီး ဂါဇာမှာ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၂၄ ဦး သေဆုံးခဲ့ပြီး ၃၈၀၀ ကျော်
    ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၄၀ လောက်ဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ခြေတွေလက်တွေ ဖြတ်ပစ်ခဲ့ရတယ်လို့ HRW က ပြောပါတယ်။

    အစ္စရေးကတော့ သူတို့တပ်ဖွဲ့တွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်တာသာဖြစ်ပြီး ဆန္ဒပြသူတွေက နယ်စပ်ခြံစည်းရိုး ဖောက်ဝင်လာတာကို တားဆီးဖို့အတွက် ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    အစ္စရေးရဲ့မဟာမိတ် အမေရိကန်ဟာ ဇွန်လ ၂ ရက်နေ့ ကုလမှာ မဲခွဲခဲ့တဲ့ ပါလက်စတိုင်းတွေကို ကာကွယ်ပေးရေး ဆုံးဖြတ်ချက်ကို ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ကူဝိတ်ကတင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး ပါလက်စတိုင်းတွေ ထိခိုက်ခံစားရတာဟာ ဟားမက်စ်အဖွဲ့ကြောင့်ဖြစ်တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

    အစ္စရေးရဲ့ စနစ်တကျပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရေး နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပါလက်စတိုင်းအစိုးရက မေလမှာ တောင်းဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၉၊ ၂၀၁၈
    M-Media

    လက်ဘနွန်ရှိ UNHCR

    ဆိုမာလီတွင် အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ
    ================
    ဆိုမာလီယာနိုင်ငံ အနောက်တောင်ပိုင်း ဂျူဘာလန်ဒေသမှာ ရန်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့စစ်သားတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျူဘာလန်ဟာ အမေရိကန်၊ ဆိုမာလီနဲ့ ကင်ညာတို့က တပ်ဖွဲ့ဝင် ၈၀၀ လောက်ပေါင်းကာ အလ်-ရှာ ဘတ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေတဲ့နေရာပါ။ သူတို့အဖွဲ့ဟာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ၄၅ မိနစ်လောက်မှာ မော်တာတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး ဒဏ်ရာရသူတွေမှာ တစ်ဦးဟာ မိတ်ဖက်တပ်ဖွဲ့က ဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ၄ ဦးသေဆုံးကာ ၆၀၀ ကျော်ဒဏ်ရာရ
    ==============
    မနေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး အပါအ၀င် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် မတ်လ ၃၀ ရက်နေ့ကတည်း စတင်ခဲ့တဲ့ ဂါဇာက ဆန္ဒပြမှုမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသူဟာ ၁၂၄ ဦး ရှိလာပြီး ဒဏ်ရာရသူကတော့ ၁၃၀၀၀ ရှိလာပါတယ်။ မနေ့က ဒဏ်ရာရရသူတွေထဲမှာ AFP သတင်းဌာနက သတင်းထောက်တစ်ဦးလည်း ပါဝင်ပါတယ်။

    ဆီးရီးယားဒုက္ခသည်ကိစ္စ လက်ဘနွန်နှင့် UNHCR တို့ တင်းမာမှုဖြစ်
    ===============
    ဆီးရီးယားဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တားဆီးဆိုတဲ့ အကြောင်းပြချက်နဲ့ UNHCR ၀န်ထမ်းတွင် နေထိုင်ခွင့်ကို လက်ဘနွန်က ရပ်ဆိုင်းလိုက်ပြီး၊ အရေးယူမှုတွေ ထပ်လုပ်သွားမယ်လို့ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဂီဘရန် ဘက်စီလ်က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်ဟာ ဆီးရီးယားဒုက္ခသည် ၁.၅ သန်းလောက်ကို လက်ခံထားရပြီး ၃.၅ သန်းလက်ခံထားတဲ့ တူရကီနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ UNHCR ကတော့ လက်ဘနွန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ဟာ ဒုက္ခသည်တွေကို ပံ့ပိုးကူညီရေး၊ နိုင်ငံတကာ စံညွှန်းနဲ့အညီ သူတို့ဘ၀တွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတာသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    မြောက်ကိုရီးယားသံတမန်အိမ်ကို ၀င်ရောက်သည့် သတင်းသမားနှစ်ဦးကို စင်ကာပူဖမ်းဆီး
    =============
    မြောက်ကိုရီးယားသံတမန် ဂျူချီယက်ရဲ့အိမ်ကို ပိုင်နက်ကျူးလွန် ၀င်ရောက်မှုနဲ့ တောင်ကိုရီးယား KBS News သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို စင်ကာပူက ကြာသာပတေးနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ အသက် ၄၂ နှစ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး အဲဒီသတင်းဌာနက နောက်ထပ် ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ စင်ကာပူရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီလူတွေဟာ မီဒီယာသမားအဖြစ် စင်ကာပူရဲ့ အသိအမှတ်ပြုမှု မရထားဘူးလို့လည်း ဆိုပါတယ်။ KBS News ကတော့ စင်ကာပူအာဏာပိုင်တွေရဲ့ ဘယ်လိုအရေးယူမှုမျိုးကိုမဆို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: CNA, Aljazeera

  • ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဆေးကုရန်သွားသည့် ပါလက်စတိုင်းသူနာပြုကို အစ္စရေးက ပစ်သတ်

    ဇွန် ၂၊ ၂၀၁၈
    M-Media

    ပစ်သတ်ခံလိုက်ရသည့် သူနာပြု ရာဇန် အလ်-နဂ်ျဂျာရ်

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်တောင်ဘက် ခန်ယူနစ်မြို့မှာ ပါလက်စတိုင်းသူနာပြုတစ်ဦးဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မနေ့မှာ သေဆုံးသွားပါတယ်။

    အသက် ၂၁ နှစ်အရွယ် ရာဇန် အလ်-နဂ်ျဂျာရ်ဆိုသူဖြစ်ပြီး နယ်စပ်အနီးမှာ ဒဏ်ရာရနေသူတစ်ဦးကို ဆေးကုသဖို့ သွားရောက်နေရင်း ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

    မျက်မြင်သက်သေတစ်ဦးက အလ်-နဂ်ျဂျာရ်ဟာ သူနာပြုမှန်းသိအောင် လက်ထောင်ပြီး ပြေးသွားခဲ့ပေမယ့် အစ္စရေးစစ်သားတွေက ပစ်သတ်လိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့သူတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင်ကာ ဆန္ဒပြခဲ့ကြတာပါ။

    ဒါပေမယ့် အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၁၂၀ ကျော်လာပြီး ဒဏ်ရာရသူကတော့ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    မနေ့ကတစ်နေ့တည်းမှာ အစ္စရေးလက်ချက်ကြောင့် လူ ၁၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    အစ္စရေး၏ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန် ICC ကို ပါလက်စတိုင်း တောင်းဆို

    မေ ၂၂၊ ၂၀၁၈
    M-Media

    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မာလီကီ

    – ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ပါလက်စတိုင်းအစိုးရက နိုင်ငံတကာရာဇ၀တ်ခုံရုံးကို ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရီယဒ် အလ်-မာလီကီဟာ ဒီကနေ့မှာ သည်ဟေ့ဂ်က နိုင်ငံတကာရာဇ၀တ်ခုံရုံးကို လာရောက်ခဲ့ပြီး အကြီးအကဲ ဖာဆူ ဘန်ဆူဒါနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေတဲ့ ရာဇ၀တ်မှုတွေကို ခံစားနေရတဲ့ ပါလက်စတိုင်ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းဖို့ ပါလက်စတိုင်းနိုင်ငံဟာ အရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတစ်ခုကို လှမ်းလိုက်ပါတယ်” လို့ မာလီကီက တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တောင်းဆိုမှုမှာ အစ္စရေးက တရားမ၀င် အခြေချအိမ်ယာတွေချဲ့ထွင်တာ၊ လယ်မြေတွေသိမ်းတာ၊ သယံဇာတတွေကို အမြတ်ထုတ်တာ၊ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်မှတ်ထား ညှင်းပမ်းတာ စတဲ့ ပြဿနာတွေ ပါဝင်တယ်လို့လည်း မာလီကီက ဆိုပါတယ်။

    မေလ ၁၄ ရက်နေ့က ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ဆန္ဒပြသူတွေကို အစ္စရေးက ပစ်ခတ်သတ်ဖြတ်မှုအတွင်း လူ ၆၀ ကျော် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဒီလိုတောင်းဆိုမှု ပေါ်ထွက်လာတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

    မာလီကီကတော့ အစ္စရေးရဲ့ရာဇ၀တ်မှုတွေအတွက် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ဖို့ မိမိတို့က လိုလားပြီး၊ ဒါဟာ နိုင်ငံတကာရဲ့ တာဝန်ခံမှု၊ နိုင်ငံတကာဥပဒေအပေါ် လေးစားမှုတွေကို စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera