News @ M-Media

Tag: Palestine

  • ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    ယူအေအီး၏ အစ်ဖ်သာရ်အလှူကို ပါလက်စတိုင်းများ သပိတ်မှောက်

    မေ ၁၉၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းကိစ္စ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ယူအေအီးက စီစဉ်ပေးတဲ့ အစ်ဖ်သာရ်ဝါဖြေပွဲကို သပိတ်မှောက်ရေး ပါလက်စတိုင်းပြည်သူတွေက ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

    ရမ်ဇာန်ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ကြသူတွေ ၀ါဖြေစားသောက်ဖို့အတွက် ယူအေအီးဟာ နှစ်စဉ် ဂျေရုစလင်က အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ စီစဉ်ပေးတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီနှစ်မှာတော့ ဂျေရုစလင်က တက်ကြွလှုပ်ရှားသူတွေဟာ ဒီအစီအစဉ်ကို လက်မခံဖို့ တိုက်တွန်းတဲ့အနေနဲ့ “We are not hungry” (ငါတို့မဆာဘူး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုရှယ်မီဒီယာမှာ လှုံ့ဆော် တိုက်တွန်းမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

    ဒီလိုလုပ်ဆောင်တာဟာ ယူအေအီး၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျတို့ ပါလက်စတိုင်းကိစ္စကို လစ်လျူရှုထားပြီး အစ္စရေးအစိုးရနဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း ဖြစ်တဲ့အတွက်ကြောင့်လို့ သူတို့က ပြောကြားခဲ့ကာ အစ္စရေးမှာ ကျင်းပနေတဲ့ 101st Giro d’Italia စက်ဘီးပြိုင်ပွဲမှာ ပင်လယ်ကွေ့နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်မှုကို ထောက်ပြခဲ့ပါတယ်။

    အဲဒီစက်ဘီးပြိုင်ပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပါလက်စတိုင်း ၉၀ ကျော်လောက်ကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ကျင်းပတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်းမှာ ပါလက်စတိုင်း အိုလံပစ်ကော်မတီက ဒီပြိုင်ပွဲမှာ ဘာရိန်းနဲ့ ယူအေအီးတို့ ပါဝင်မှုဟာ ရှက်ဖွယ်ရာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International ကလည်း ပါလက်စတိုင်းတွေရဲ့ အိမ်တွေ ပုံမှန်လိုလို ဖြိုချဖျက်ဆီးခံရပြီး၊ အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတွေ ဆောက်ထားတဲ့၊ ပါလက်စတိုင်းတွေရဲ့ သွားလာမှုကို ကန့်သတ်ထားတဲ့ အရှေ့ဂျေရုစလင်နားမှာ ဒီလိုပြိုင်ပွဲ ကျင်းပမှုကို ရှုတ်ချခဲ့ပါတယ်။

    Ref: Press TV

  • ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    ဂါဇာတွင် အစ္စရေး၏သတ်ဖြတ်မှုများအား စစ်ရာဇ၀တ်မှုအဖြစ် နိုင်ငံတကာက စုံစမ်းမည်

    မေ ၁၈၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဆန္ဒပြသူတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ရေးအတွက် စစ်ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု စေလွှတ်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီက ဒီကနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

    လုံခြုံရေးကောင်စီက အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်မူကြမ်းမှာ ‘လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တစ်ခု အမြန်ဆုံးစေလွှတ်ဖို့’ တိုက်တွန်းထားပါတယ်။ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၂၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၁၄ နိုင်ငံက ကြားနေခဲ့တာ၊ ၂ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ‘၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတင်ခဲ့တဲ့ အရပ်သားတွေရဲ့ ဆန္ဒပြမှုကို စစ်ဆင်ရေးနည်းလမ်းနဲ့ နှိမ်နှင်းမှုအတွင်း ချိုးဖောက်မှုတွေ၊ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှု’ ပြုလုပ်ရမယ်လို့လည်း ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဒီကနေ့မနက်အစောပိုင်းကလည်း လူ့အခွင့်အရေးကောင်စီအကြီးအကဲ ဇိုက် ရာအဒ် အလ် ဟူစိန်က ဂါဇာကိစ္စမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ရေး တိုက်တွန်းမှုတွေကို ထောက်ခံခဲ့ပါတယ်။

    တနင်္လာနေ့တုန်းက ဂါဇာမှာ ဆန္ဒပြလူအုပ်ကို အစ္စရေး စနိုက်ပါသမားတွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၆၂ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၁၅၊ ၂၀၁၈
    M-Media

    အစ္စရေးမှာ အကြမ်းဖက်တိုင်းပြည်ဟု အာဒိုဂန်ပြော
    ===============
    အစ္စရေးဟာ အကြမ်းဖက်တိုင်းပြည်ဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး အမေရိကန်နဲ့ အစ္စရေး သံအမတ်တွေကိုလည်း တူရကီက ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ အမေရိကန်သံရုံး ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့တဲ့ မနေ့က ဂါဇာမှာ အစ္စရေးလက်ချက်ကြောင့် လူ ၄၀ ကျော်လောက် သေဆုံးခဲ့ပြီးတဲ့နောက် အာဒိုဂန်က အခုလို ပြောကြားလိုက်တာပါ။ အိုအိုင်စီနဲ့ ကုလမှာ အရေးအပေါ်အစည်းအဝေးပြုလုပ်ဖို့အတွက်လည်း တူရကီက ဆော်သြခဲ့ပါတယ်။ ပါလက်စတိုင်းတွေကို အစ္စရေးက သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ တောင်အာဖရိကနိုင်ငံကလည်း မနေ့မှာ အစ္စရေးဆိုင်ရာ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။

    အမေရိကန်သံရုံး ဂျေရုစလင်ကိုရွှေ့မှု မလေးအစိုးရသစ် ကန့်ကွက်
    ===============
    အစ္စရေးက အမေရိကန်သံရုံး ဂျေရုစလင်ကို ရွှေ့ပြောင်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တယ်လို့ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက် ဦးဆောင်တဲ့ မလေးရှားအစိုးရသစ်က ပြောကြားလိုက်ပါတယ်။ ဂျေရုစလင်က အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို မနေ့မှာ ပြုလုပ်ခဲ့တာပါ။ မလေးရှားအစိုးရသစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးကြေငြာချက်မှာ အမေရိကန်ရဲ့ ဒီဆောင်ရွက်ချက်က ပါလက်စတိုင်း-အစ္စရေးပြဿနာကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    အင်ဒိုနီးရှား ဒုတိယမြို့တော်ရှိ ရဲစခန်းတစ်ခု ဗုံးခွဲခံရ
    ==============
    တနင်္ဂနွေနေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှာ မနေ့က ရဲဌာနချုပ်တစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး IS ကတော့ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ကလေးငယ်တစ်ဦးပါဝင်တဲ့ မိသားစုတစ်စုက ဒီတိုက်ခိုက်မှုကို ပြုလုပ်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး အပါအ၀င် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဘုရားကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှုမှာလည်း လူ ၆ ဦးပါဝင်တဲ့ မိသားစုတစ်စုက ဆောင်ရွက်တာဖြစ်တယ်လို့ အင်ဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ရဲ့ အဲဒီ ၂ ရက်တာ တိုကခိုက်မှုအတွင်း စစ်သွေးကြွလို့ ယူဆရသူ ၁၃ ဦး အပါအ၀င် ၂၅ ဦး သေဆုံးခဲ့ပါတယ်။

    မူးယစ်မှောင်ခိုသမား ၁၇၀၀ ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    ===================
    ပြီးခဲ့တဲ့တစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်နှိမ်နှင်းမှု စစ်ဆင်ရေးအတွင်းမှာ မူးယစ်မှောင်ခိုသမား ၁၇၀၀ လောက်ကို ဖမ်းဆီးခဲ့တဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်က ကြေငြာပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်ဒေသ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့နေစပ်မှာ မူးယစ်ပြဿနာ ကြီးထွားလာမှုကို ရင်ဆိုင်နေရတာပါ။ ဖမ်းဆီးခဲ့တဲ့ ၁၇၀၀ က ၁၄၀၀ ကို တရားစွဲဆိုထားပြီး နယ်စပ်မှာရှိနေတဲ့သူတွေအနေနဲ့ မူးယစ်ကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့လည်း အစိုးရက သတိပေးထားပါတယ်။

    Ref: CNA, Aljazeera

  • ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံး

    ဂါဇာတွင် အစ္စရေးလက်ချက်ကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံး

    မေ ၁၄၊ ၂၀၁၈
    M-Media

    – အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာနယ်စပ်မှာ ဒီကနေ့ဆန္ဒပြမှုအတွင်း အစ္စရေးစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး ပါလက်စတိုင်း ၄၁ ဦး သေဆုံးခဲ့ပြီး ၁၉၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အဲဒီဆန္ဒပြမှုဟာ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုက်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း နေရပ်စွန့်ခွာခဲ့ရတဲ့ ပါလက်စတိုင်းတွေ အိမ်ပြန်နိုင်ရေး ရည်ရွယ်ကာ မတ်လ ၃၀ ရက်နေ့က ဂါဇာမှာ စတင်ခဲ့တဲ့ ဆန္ဒပြမှု တစ်စိတ်တစ်ပိုင်း ဖြစ်သလို၊ ဒီကနေ့ ဂျေရုစလင်မှာပြုလုပ်တဲ့ အမေရိကန်သံရုံး ဖွင့်ပွဲအခမ်းအနားကိုလည်း ဆန့်ကျင်ဖို့ ရည်ရွယ်ပါတယ်။

    မတ်လ ၃၀ ရက်နေ့ကတည်း စတင်တဲ့ ဆန္ဒပြမှုတွေမှာ အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်းဆုံး ၉၀ လောက်ရှိနေပြီ၊ ဒဏ်ရာရသူတွေကတော့ ၁၀၅၀၀ လောက် ရှိနေပါပြီ။

    ဂါဇာလူဦးရေ ၂ သန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ၁၉၄၈ ခုနှစ် အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

    ပါလက်စတိုင်းတွေဟာ မေလ ၁၅ ရက်နေ့မှာ အလ်နက္ကဘာလို့ခေါ်တဲ့ အခမ်းအနားတစ်ခုကိုလည်း ကျင်းပဖို့ရှိနေပြီး ဇိုင်ယွန်ဝါဒီတွေကြောင့် နိုင်ငံပျောက်ခဲ့ရမှု အောက်မေ့ဖွယ် ဖြစ်ပါတယ်။

    ဂါဇာက ဒီကနေ့ဆန္ဒပြမှုအတွင်း သေဆုံးသူ ၄၁ ဦးထဲမှာ အမျိုးသမီးတစ်ဦးအပါအ၀င် အသက် ၁၈ နှစ်အောက် အနည်းဆုံး ၆ ဦ ပါဝင်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၁၉၆၀ ဦးမှာတော့ အနည်းဆုံး ၂၀၀ လောက်ဟာ ၁၈ နှစ်အောက်တွေ ဖြစ်ကြပြီး၊ အမျိုးသမီး ၇၈ ဦးနဲ့ ဂျာနယ်လစ် ၁၁ ဦး ပါဝင်ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    အင်္ဂါနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၈၊ ၂၀၁၈
    M-Media

    ဂျေရုစလင်သံရုံးဖွင့်ပွဲ တက်ရောက်မည့်သူများကို အမေရိကန်ထုတ်ပြန်
    ============
    မေလ ၁၄ ရက်နေ့ ဂျရုစလင်က အမေရိကန်သံရုံးဖွင့်ပွဲအခမ်းအနားကို ၅ ဦးပါတဲ့ အဖွဲ့တစ်ခု တက်ရောက်မယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ သမ္မထရမ့်ဟာ ဒီဇင်ဘာလက အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့မယ်လို့ ကြေငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။ သံရုံးဖွင့်ပွဲအခမ်းအနားကို ထရမ့်ကိုယ်တိုင် တက်ရောက်မှာမဟုတ်ဘဲ သမီးဖြစ်သူ အိုင်ဗန်ကာ၊ သားမက် ဂျာရဒ် ကက်ရှ်နာ၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မူချင်၊ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ဖရီဒ်မန်း၊ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း သံတမန် ဂျေဆန် ဂရင်းဘလက်တို့အဖွဲ့ လာရောက်မှာ ဖြစ်ပါတယ်။

    ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးကို ခြစားမှုဖြင့် တရုတ်က ထောင်တစ်သက်ချ
    ============
    ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်း အရာရှိဟောင်း ဆွန်ဂျန်ချိုင်ကို ခြစားမှုနဲ့ တရုတ်က ဒီကနေ့မှာ ထောင်ဒဏ်တစ်သက် ချလိုက်ပါတယ်။ သူဟာ ပေါ်လစ်ဗျူရိုအဖွဲ့တစ်ဦးဖြစ်ပြီး တိုင်းပြည်ကို အုပ်စိုးနေတဲ့ အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရို ဦးဆောင်ကော်မတီအထိ တက်လှမ်းနိုင်မယ်လို့ တစ်ချိန်က ရေပန်းစားခဲ့သလို၊ သမ္မတ ရှီကျင့်ဖျင်ကို ဆက်ခံမယ့်သူအဖြစ်လည်း တစ်ပြေးခဲ့ပါတယ်။ ပြစ်ဒဏ်အပြင် သူရယူထားတဲ့ နိုင်ငံပိုင်ပစ္စည်းတွေ အားလုံးကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

    ဘိုကိုဟရမ်လက်မှ ဓားစားခံ ၁၀၀၀ ကျော်ကို နိုက်ဂျီးရီးယား ကယ်ထုတ်
    =============
    ဘိုကိုဟရမ် အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ ဓားစားခံ ၁၀၀၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ နိုက်ဂျီးရီးယားစစ်တပ်က မနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အိမ်နီးချင်း ကင်မရွန်း၊ ချဒ်နဲ့ နိုင်ဂျာနိုင်ငံက တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ခဲ့တာဖြစ်ပြီး ကယ်တင်လာနိုင်သူတွေထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ဘိုကိုဟရမ်က အဓမ္မစုဆောင်းထားလို့ လက်နက်ကိုင်နေရတဲ့ အမျိုးသားတစ်ချို့ကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    မသန့်ရှင်းသည့်ရေကြောင့် ကမ္ဘောဒီးယားတွင် လူ ၁၃ ဦး သေဆုံး
    ============
    ကမ္ဘောဒီးယားနိုင်ငံ ကရာတိုင်ပြည်နယ်မှာ တူးမြောင်းတစ်ခုက မသန့်ရှင်းဘူးလို့ ယူဆရတဲ့ရေကို သောက်သုံးမှုကြောင့် အနည်းဆုံး ၁၃ ဦးသေဆုံးပြီး လူ ၂၀၀ လောက် ဆေးကုသမှု ခံနေရပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီဒေသအတွင်းက တူးမြောင်းတွေ၊ စမ်းချောင်းတွေက ရေတွေကို သောက်သုံးမှုမပြုဖို့ သတိပေးထားပါတယ်။ သေဆုံးသူတွေနဲ့ ဆေးကုသမှုခံနေရသူတွေထဲမှာ အဲဒီရေနဲ့ချက်ထားတဲ့ ဆန်အရက်ကို သောက်သုံးသူတွေလည်း ပါဝင်ပြီး သေဆုံးသူအများစုဟာ အသက်အရွယ်ကြီးသူတွေ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera