ဇူလိုင် ၂၁၊ ၂၀၁၈
M-Media
– ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသမှာ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် အစ္စရေးနဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်က ပြောကြားလိုက်ပါတယ်။
သောကြာနေ့က အစ္စရေးဟာ ဂါဇာမှာ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဟားမက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်အနီး ဆန္ဒပြ ပါလက်စတိုင်းလူအုပ်ကို အစ္စရေးစစ်သားတွေက ကျည်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄ ဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးကတော့ ဂါဇာက ပါလက်စတိုင်းသေနတ်သမားတစ်ယောက်ဟာ သူတို့စစ်သားတစ်ဦးကို ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ခိုက်မှုတွေ ပြုလုပ်တာလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ အစ္စရေးစစ်သားဟာ နောက်ပိုင်းမှာ ရရှိတဲ့ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဟားမက်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖောင်ဇီ ဘာရ်ဟွမ်က အီဂျစ်၊ ကုလတာဝန်ရှိသူတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ရရှိခဲ့ပြီး သောကြာနေ့ ည သန်းခေါင်ယံမှာ စတင်အသက်ဝင်မယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးကတော့ ဒီသဘောတူညီချက်အတွက် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် စနေနေ့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဂါဇာက လူ့အဖွဲ့အစည်းတွေဟာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနိုင်ပြီလို့ ဖော်ပြထားပါတယ်။
၁၉၄၇ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို ဂျူးလက်နက်ကိုင်တွေက သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ခွင့်ရရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကနေ စတင်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့လက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၁၄၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Ref: Aljazeera