News @ M-Media

အစ္စရေးရှိ အမေရိကန်သံရုံးကို ဂျေရုစလင်သို့ ၂၀၁၉ တွင် ရွှေ့မည်ဟု ကန်ဒုသမ္မတ အတည်ပြု

ဇန်န၀ါရီ ၂၃၊ ၂၀၁၈
M-Media

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား နှုတ်ဖက်နေသည့် မိုက်ပန့်စ်

– တလ်အဗီးမှ အမေရိကန်သံရုံးကို ၂၀၁၉ ခုနှစ်အတွင်း ရွှေ့ပြောင်းသွားမည်ဟု အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်က ယမန်နေ့တွင် အစ္စရေးလွှတ်တော်၌ အတည်ပြု ပြောကြားခဲ့သည်။

“အမေရိကန်ဟာ အစ္စရေးနဲ့အတူ ရပ်တည်မှာပါ။ ခင်ဗျားတို့ရဲ့ ကိစ္စဟာ ကျုပ်တို့ရဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ဟာ အစ္စရေးနဲ့အတူ ရပ်တည်တာဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ တန်ဖိုးဟာ၊ ကျုပ်တို့ရဲ့တန်ဖိုး၊ ခင်ဗျားတို့ရဲ့ တိုက်ပွဲဟာ ကျုပ်တို့ရဲ့ တိုက်ပွဲပါ။ အမှန်က အမှားကို၊ အကောင်းက မကောင်းကို၊ လွတ်မြောက်ခြင်းက ဖိနှိပ်ခြင်းကို အောင်မြင်မယ်လို့ ယုံကြည်တာကြောင့် အစ္စရေးဘက် ရပ်တည်တာပါ”

မိုက်ပန့်စ်မှာ အစ္စရေးလွှတ်တော်တွင် မိန့်ခွန်းပြောသည့် ပထမဆုံး အမေရိကန်ဒုသမ္မတဖြစ်ပြီး ၎င်း၏မိန့်ခွန်းကို နားထောင်ရန်အတွက် အမေရိကန်သံရုံးမှာ ပါလက်စတိုင်းပိုက်နက်ရှိ အစ္စရေး၏ တရာမ၀င်အိမ်ယာများမှ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။

အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ် ဖရီဒ်မန်းမှာ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာ များကို တက်တက်ကြွကြွ ထောက်ခံသူဖြစ်ပြီး ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ထိုအိမ်ယာများ ဆောက်လုပ်ရေးအတွက် ကန်ဒေါ်လာ သန်းနှင့်ချီ ရန်ပုံငွေ ရှာဖွေပေးသည့် အဖွဲ့တစ်ခုကို ယခင်က ဦးဆောင်ခဲ့ဖူးသည်။

ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုကို ဆန့်ကျင်သည့်အနေဖြင့် အာရပ်မဟာမိတ်အဖွဲ့မှ ပါလက်စတိုင်းနိုင်ငံရေးသမားများမှာ အလ်-အက်ဆာ ဗလီပရ၀ုဏ်အတွင်း ပို စတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

Ref: Aljazeera