News @ M-Media

Tag: Palestine

  • ပါလက်စတိုင်း ခရစ်ယာန်အသင်းတော်မြေ အပိုင်စီးခံရမှုကို ပါလက်စတိုင်းများ ရှုတ်ချ

    ပါလက်စတိုင်း ခရစ်ယာန်အသင်းတော်မြေ အပိုင်စီးခံရမှုကို ပါလက်စတိုင်းများ ရှုတ်ချ

    စက်တင်ဘာ ၁၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်ရှိ ခရစ်ယာန်အသင်းတော်ပိုင် မြေကို တရားဝမ၀င် အခြေချဂျူးများ ၀ယ်ယူသိမ်းပိုက်မှုနှင့်ပတ်သက်၍ ပါလက်စတိုင်းပြည်သူများက စနေနေ့တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အသင်းတော်ပိုင်မြေအား ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက ကျူးကျော်တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများအား ရောင်းချမှုတွင် အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်က ပါဝင်ပတ်သက်ခဲ့သည်။

    ဆန္ဒပြသူများက အသင်းတော်အကြီးအကဲ သီယိုဖီလို့စ် ၃ ကို ဖယ်ရှားရန်နှင့် အသင်းတော်တွင် ဂရိသြဇာ လွှမ်းမိုးမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

    “အော်သိုဒေါ့စ်အသင်းတော်ကို သီယိုဖီလို့စ်ရဲ့ ချုပ်ကိုင်မှု၊ ခြစားမှုတွေကနေ လွတ်ကင်းအောင်လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အသင်းတော်မြေဟာ အသင်းတော်နဲ့ ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုသာဖြစ်ပြီး သီယိုဖီလို့စ်နဲ့ သူ့ဂိုဏ်းက ပိုင်တာမဟုတ်ပါဘူး” ဟု ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် ဗီနိုင်းတွင် ရေးသားထားသည်။

    ထို့ပြင် “သီယိုဖီလို့စ်- ကိုယ်တော်ဟာ မကောင်းမှုမှာ ကြံရာပါသူတစ်ဦးဖြစ်တယ်။ တပည့်တော်တို့မြေဟာ ရောင်းစားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အမျိုးသားစည်းလုံးညီညွတ်ရေးကို လိုချင်ပါတယ်” ဟု ဟစ်အော်ခဲ့ကြသည်။

    အစ္စရေးပါလီမန်မှ Joint List အဖွဲ့ အကြီးအကဲ အေမန် အိုဒါဟ်က ပြည်သူများမှာ စည်းလုံးမှု၊ ပွင့်လင်းမြင်သာမှုကို တောင်းဆိုခြင်းဖြစ်ဖြစ်ပြီး အသင်းတော်အား အာရပ်မှုပြုရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ အသင်းတော်တွင် အာရပ်ပါလက်စတိုင်းများ ရှိနေကြောင်း ပြောကြားခဲ့သည်။

    “၂၁ ရာစုဖြစ်တဲ့ အခုအချိန် ကျွန်တော်တို့ ဒီမှာရှိနေတာဟာ နိုင်ငံလုံးဆိုင်ရာ ကိစ္စအတွက်ပါ။ နိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စကို ဘာသာရေးပြဿနာအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်တဲ့သူတွေကို ဆန့်ကျင်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ ဒီကိစ္စဟာ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်နေတဲ့ပြဿနာ၊ ဂျေရုစလင် ပြည်သူတွေရဲ့ ပြဿနာပါ”

    “ကျွန်တော်တို့ မြေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရောင်းလို့ မရပါဘူး။ ဒီမြေဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို သွေးခွဲပြီး၊ ဒါမှမဟုတ် လာဘ်ထိုးပြီး အမြတ်ထုတ်နေတာပါ။ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို ဆွဲကိုင်ထားဖို့၊ ဒီတရားသောကိစ္စ အောင်မြင်ရေး စည်းလုံးညီညွတ်မှုကို ရရှိစေဖို့ အတူတကွ ဆောင်ရွက်ကြဖို့ အားလုံးကို ကျွန်တော် တိုက်တွန်းပါတယ်”

    ခရစ်ယာန်အသင်းတော်ပိုင်မြေအား ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာတွင် နေထိုင်သူများ ၀ယ်ယူမှုကို ရှုတ်ချကြောင်း၊ အစ္စရေးမှာ ပါလက်စတိုင်းရှိ ခရစ်ယာန်များကို အားနည်းအောင် စနစ်တကျ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ခရစ်ယာန်အသင်းတော်များက ပြီးခဲ့သည့် တစ်ပတ်တွင် ပူးတွဲကြငြာချက်ထုတ် ကန့်ကွက်ခဲ့သည်။

    Ref: Aljazeera

  • ဂျေရုစလင်တွင် အစ္စရေးက ခရစ်ယာန်အားနည်းအောင် ဆောင်ရွက်မှုကို ကမ္ဘာ့ ခရစ်ယာန်အသင်းတော်များ ရှုတ်ချ

    ဂျေရုစလင်တွင် အစ္စရေးက ခရစ်ယာန်အားနည်းအောင် ဆောင်ရွက်မှုကို ကမ္ဘာ့ ခရစ်ယာန်အသင်းတော်များ ရှုတ်ချ

    စက်တင်ဘာ ၅၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်တွင် ခရစ်ယာန်များတည်ရှိမှု အားနည်းလာအောင် အစ္စရေးက စနစ်တကျ ဆောင်ရွက်နေမှုကို ရှုတ်ချသည့် ပူးတွဲကြေငြာချက်တစ်စောင်ကို ကမ္ဘာ့ ထိပ်တန်း ခရစ်ယာန်အသင်းတော်များက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

    ခရစ်ယာန် ကက်သလစ်၊ အော်သိုဒေါ့စ်၊ အာမေးနီးယန်း၊ လူသာရင်နှင့် အခြားသော ခရစ်ယာန်အသင်းတော်များမှ အကြီးအကဲများ လက်မှတ်ရေးထိုးထားသည့် အဆိုပါ ကြေငြာချက်တွင် အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်၏ ပါလက်စတိုင်းအများစုရှိရာ ဒေသမှ ဘုရားကျောင်းနယ်မြေကို အစ္စရေး၏ တရားမ၀င်အိမ်ယာများအား ထောက်ခံသူအုပ်စုကို ထိန်းချုပ်ခွင့်ပြုခဲ့သည့် အစ္စရေးတရားရုံး ဆုံးဖြတ်ချက်နှင့် ဘုရားကျောင်းနယ်မြေနှင့်ပတ်သက်သည့် အစ္စရေးလွှတ်တော်၏ ဥပဒေမူကြမ်းတို့ကို ရှုတ်ချခဲ့သည်။

    “ဒီလုပ်ရပ်တွေဟာ မြင့်မြတ်ရာ ဂျေရုစလင်မြို့နဲ့ မြင့်မြတ်ရာဒေသရဲ့ ပေါင်းစည်းမှုကို ပျက်ဆီးစေဖို့၊ ခရစ်ယာန်တွေ တည်ရှိမှုကို အားနည်းစေဖို့ စနစ်တကျ ဆောင်ရွက်မှုတစ်ခုပဲလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဇူလိုင်လ ၃၁ ရက်နေ့တွင် ဂျေရုစလင်ရှိ တရားရုံးတစ်ခုက ဂျေရုစလင်မြို့ဟောင်းသို့ ၀င်ပေါက်ဖြစ်သည့် ဂျက်ဖာဂိတ်ရှိ ဟိုတယ်မြေနှစ်ခုအတွက် ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုကို လိုလားသော အစ္စရေးအုပ်စု Ateret Cohanim နှင့် ခရစ်ယာန်အသင်းတော်တစ်ခု၏ အငြင်းပွားဖွယ် အရောင်းအ၀ယ် သဘောတူညီချက်ကို အတည်ပြုခဲ့သည်။

    ဂရိအော်သိုဒေါ့စ်အသင်းတော်ကမူ အဆိုပါမြေအား ရောင်းချခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး ထိုလုပ်ရပ်မှာ နိုင်ငံရေးလှုံ့ဆော်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးလွှတ်တော်ကလည်း ယခင်က ရင်းနှီးမြှုပ်နှံသူများကို ရောင်းချထားသည့် ခရစ်ယာန်အသင်းတော်ပိုင် မြေများကို လျော်ကြေးပေးကာ ပြန်လည်သိမ်းယူရန် အဆိုပြုထားသည့် မူကြမ်းတစ်ခုကို လွှတ်တော်တွင် တင်သွင်းခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။

    အဆိုပါမူကြမ်းကို အတည်မပြုရသေးသော်လည်း အနာဂတ်တွင် ခရစ်ယာန်အသင်းတော်ပိုင် ပစ္စည်းများ ငှားရမ်း၊ ရောင်းချမှုနှင့်ပတ်သက်၍ ထိခိုက်မှုများ ရှိလာနိုင်သည်။

    ခရစ်ယာန်အသင်းတော်များ၏ ကြေငြာချက်တွင် အစ္စရေး၏ ထိုဆောင်ရွက်ချက်နှစ်ခုက ဂျေရုလစင်ရှိ ဘာသာရေးဆိုင်ရာ နေရာများအား စီမံရေးနှင့်ပတ်သက်သည့် ဘာသာတရားများအကြား ၁၀ စုနှစ်တစ်ခုအထိ ကြာမြင့်ခဲ့သည့် သဘောတူညီချက်အား ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဂျေရုစလင်ရဲ့ လက်ရှိရှိနေတဲ့ ပေါင်းစည်းမှု၊ မြင့်မြတ်ရာနယ်မြေက ခရစ်ယာန်လူ့အဖွဲ့အစည်းတွေရဲ့ သာယာဝပြောမှုတွေကို လတ်တလောမှာ စနစ်တကျ ထိခိုက်စော်ကားတဲ့ တော်တော်လေးဆိုးရွားတဲ့ အခြေအနေအတွက် ကျွန်တော်တို့ရဲ့ ရှုတ်ချမှုဟာ မလုံလောက်သေးပါဘူး” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်များအနေဖြင့် မိမိတို့၏ ယခုဆောင်ရွက်ချက်ကို ထောက်ခံကြရန်လည်း အသင်းတော်များက တိုက်တွန်းခဲ့သည်။

    Ref: Alarabiya

  • အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူကျော်အိမ်ယာ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ ဆောက်လုပ်နေခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာနှင့် မနေ့က အနောက်ဖက်ကမ်း ရာမာလာမြို့၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံတည်ရှိရေးထက် အခြားအဖြေမရှိဟုလည်း ဆိုသည်။

    “ကျူးကျော် သိမ်းပိုက်ထားတာတွေကို အဆုံးသတ်ပြီး၊ ပါလက်စတိုင်းတွေရဲ့ ထိခိုက်ခံစားရတာတွေကို နိဂုံးချုပ်စေမယ့် နှစ်နိုင်ငံတည်ရှိရေး အဖြေသည်သာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အာမခံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်” ဟု ကုလအတွင်းရေးမှူးက ထည့်သွင်း ပြောဆိုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ကျူးကျော်အိမ်ယာများကို မည်သည့်အခါမှ ဖယ်ရှားသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဂူတာရက်စ်၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသတွင်းသို့ ရောက်ရှိလာခဲ့သည်။

    နေတန်ယာဟု၏ မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် ဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များမှာ ငြိမ်းချမ်းသော သဘောတူညီချက်ကို ပျက်ဆီးစေမည့် လုပ်ရပ်များကို ရှောင်ရှားရမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်ဟု သတ်မှတ်ပေးထားသည့် နယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာ အများအပြား ဆောက်လုပ်ထားပြီး ထိုလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ရှုတ်ချမှုကို ခံထားရသည်။

    Ref : Aljazeera

  • အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်တစ်ဦးကို အစ္စရေးတစ်ဦးက ကားဖြင့်တိုက်သတ်

    အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်တစ်ဦးကို အစ္စရေးတစ်ဦးက ကားဖြင့်တိုက်သတ်

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ တရားမ၀င်အိမ်ယာများတွင် နေထိုသည့် ဂျူးတစ်ဦးမှာ အသက် ၈ နှစ်အရွယ် ပါလက်စတိုင်း သမီးငယ်တစ်ဦးကို ကားဖြင့် တိုက်သတ်ခဲ့သည်ဟု သိရသည်။

    စနေနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အက်ဆီလ် အဘူ အွန် ဆိုသူ သမီးငယ်မှာ သူမနေထိုင်ရာ နဘ်လုစ်ခရိုင် ဖိုရုရှ် ဘီအစ် ဒါဂျန်ရွာရှိ စူပါမားကတ်မှ သူငယ်ချင်းတစ်ဦးနှင့် ထွက်လာစဉ် ကားဖြင့် တိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ကားမောင်းသူကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    သို့သော်လည်း အက်ဆီလ်၏မိသားစုက ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုဆိုသည်မှာ အစ္စရေးအစိုးရက ဟန်ပြလုပ်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စရေးရဲတပ်ဖွဲ့အကြောင်း၊ ပါလက်စတိုင်းမြေကို ကျူးကျော်မှု၊ ပါလက်စတိုင်းတွေကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအကြောင်း ကျွန်တော်တို့ နောကြေနေပါပြီ။ လွတ်လပ်ပြီး၊ ဘက်လိုက်မှုမရှိတဲ့သူက စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု အက်ဆီလ်၏ ဆွေမျိုးတစ်ဦးဖြစ်သူ ဂျော်ဒတ် အဘူအွန်က ပြောကြားခဲ့သည်။

    အက်ဆီလ်၏ ဖခင်ဖြစ်သူ တာရက် အဘူ အွန်မှာ သမီးငယ် ကားဖြင့်တိုက်ခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ကားသမားက မောင်းပြေးမှုကို အခြားသူများ၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

    “အဲဒီလူက လက်နက်ပါတယ်။ အစ္စရေးရဲတပ်ဖွဲ့ ရောက်လာတဲ့အချိန်အထိ ကူညီသူတွေက သေနတ်ကို ယူထားခဲ့တယ်” ဟု အဘူအွန်က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် နေထိုင်သည့် အစ္စရေးနိုင်ငံသားများကို အစ္စရေးအစိုးရက လက်နက်ကိုင်ဆောင်ခွင့်ပြုထားပြီး ပါလက်စတိုင်းများကိုမူ ခွင့်မပြုထားချေ။

    Ref: Aljazeera

     

  • အစ္စရေးရဲ့ကျူးကျော်မှုကို တော်လှန်နေတဲ့ ပါလက်စတိုင်း မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ

    အစ္စရေးရဲ့ကျူးကျော်မှုကို တော်လှန်နေတဲ့ ပါလက်စတိုင်း မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – သမိုင်းဝင် ပါလက်စတိုင်းဒေသကို သိမ်းပိုက်ထားတဲ့ ဗြိတိန်ဟာ ဒုတိကမ္ဘာစစ်အတွင်းမှာ အရှေ့ဥရောပက ဂျူးတွေကို ပါလက်စတိုင်းဒေသထဲ သွင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျူးတွေက နိုင်ငံတစ်ခုအဖြစ် တည်ထောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒါ့ကြောင့် ကုလသမဂ္ဂက ပါလက်စတိုင်းဒေသရဲ့ ၅၅ ရာခိုင်နှုန်းကို ဂျူးတွေအတွက် နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပြီး ၄၅ ရာခိုင်နှုန်းကိုတော့ ပါလက်စတိုင်း နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

    ၁၉၄၇ ခုနှစ်မှာ ဂျူးတွေက အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပေမယ့် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့အတွက် အစ္စရေးဟာ အမျိုးမျိုး အနှောက်အယှက်ပေးခဲ့ပါတယ်။

    ဒါတင်မကသေးပဲ ကုလက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းပိုင်နက်ကို အမေရိကန်ကျောထောက်နောက်ခံနဲ့ အစ္စရေးက တစ်စထက်တစ်စ သိမ်းပိုက်လာခဲ့တာကြောင့် ဒီနေ့မှာတော့ ပါလက်စတိုင်းတွေရဲ့ ဒေသအားလုံးနီးပါးဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိနေပါတယ်။

    ဇာတိမြေကို ဆုံးရှုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေဟာ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတာ ယနေ့အထိပါပဲ။ အဲဒီအထဲမှာ မာနာလ် တမီမီဆိုတဲ့ ပါလက်စတိုင်းမိခင်တစ်ဦးလည်း ပါဝင်ပါတယ်။

    ပါလက်စတိုင်းမိခင်တစ်ယောက်ဖြစ်ရတဲ့ အခြေအနေဟာ ဘယ်လိုလဲ၊ သားသမီးတွေကို စိတ်ဓာတ်ရေးရာ ဘယ်လိုကြံ့ခိုင်စေလဲ၊ မိန်းမသားတစ်ယောက် ဖြစ်ပေမယ့် အစ္စရေးရဲ့ ကျူးကျော်မှုကို ဘယ်လိုတုန့်ပြန်နေလဲ စတာတွေကို မာနာလ်က ဒီဗီဒီယိုထဲမှာ ပြောပြထားပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ရမ်းကားမှုကိုလည်း ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

    “လူမသိသူမသိ အသတ်ခံရမယ့်အစား၊ ကျွန်မတို့ရဲ့ သေခြင်းတရားကို လူတိုင်းကြားနိုင်တဲ့အနေအထားမျိုး၊ ကျွန်မတို့ ဘာ့ကြောင့် တော်လှန်ရေးလုပ်နေရသလဲဆိုတာ လူတွေ သိသွားစေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ သေသွားချင်တာပါ” ဆိုတဲ့ မာနာလ်ရဲ့ တော်လှန်ရေးခံယူချက်က ရင်ကို ထိမှန်စေပါတယ်။

    Aljazeera သတင်းဌာနရဲ့ ဗီဒီယိုကို M-Media က စာတမ်းထိုး တင်ဆက်တာ ဖြစ်ပါတယ်။