News @ M-Media

Tag: Palestine

  • ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်မှုပြုလုပ်

    ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်မှုပြုလုပ်

    သြဂုတ် ၉၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်တွင် ပြုလုပ်သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြာင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုများမှာ နေရာ ၃ နေရာကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ဂါဇာမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ပြန်လည်တုန့်ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ဟားမက်စ်ပြောရေးဆိုခွင့်ရှိသူ ဟာဇင် ကာဆမ်က ဂါဇာမှနေ၍ မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဟု ဆိုသည်။

    “ကျူးကျော်သိမ်းပိုက်ထားသူတွေက ဂါဇာကနေ ဒုံးကျည်တွေ သူတို့ဆီလွှတ်တယ်လို့ပြောတယ်။ ဒါပေမယ့် ဒီဘက်မှာ ဒီကိစ္စကို လုပ်တဲ့သူ မရှိပါဘူး။ ကျွန်တော်တို့ဟာ တည်ငြိမ်ချမ်းရေးမှုကို ထိန်းသိမ်းထားပြီး ဘယ်လို ဒုံးကျည်မျိုးမှ ပစ်လွှတ်ခြင်းမရှိပါဘူး။ ဒီတည်ငြိမ်မှုကို ချိုးဖောက်တဲ့အတွက် ကျူးကျော်သူတွေ ဘာမှ မမြ
    တ်ထွက်မှာ မဟုတ်ပါဘူး”

    ဒဏ်ရာရရှိခဲ့သည့် ပါလက်စတိုင်းပြည်သူ ၄ ဦးတွင် ၃ ဦးမှာ ဆေရုံးမှ ဆင်းသွားခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်။

    ဂါဇာကမ်းမြှောင်မှ ပစ်ခတ်မှုအားလုံးအတွက် အစ္စရေးက ဟားမက်စ်အဖွဲ့တွင် တာဝန်ရှိသည်ဟု ပြောကြားလေ့ရှိသည်။ ဟားမက်စ်မှာ ဂါဇာကမ်းမြှောင်အား ထိန်းချုပ်ပြီးနောက်ပိုင်းတွင် အစ္စရေးနှင့် ၃ ကြိမ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ၂၀၁၄ ခုနှစ်တွင် ဖြစ်သည်။

    Ref: Aljazeera

  • ဂျော်ဒန်ဘုရင်နှင့် ပါလက်စတိုင်းသမ္မတတို့ ရာမာလာတွင် တွေ့ဆုံ

    ဂျော်ဒန်ဘုရင်နှင့် ပါလက်စတိုင်းသမ္မတတို့ ရာမာလာတွင် တွေ့ဆုံ

    သြဂုတ် ၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင်အဘ်ဒူလာမှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းသို့ ယနေ့တွင် ရောက်ရှိလာခဲ့ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူဒ်ဘတ်စ်နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ရာမာလာရှိ ပါလက်စတိုင်းအစိုးရ အဆောက်အဦးတွင် ခေါင်းဆောင် ၂ ဦးမှာ ၂ နာရီကြာ ဆွေးနွေးခဲ့ပြီး၊ အလ်-အက်ဆာပြဿနာအပါအ၀င် ပါလက်စတိုင်းပြည်သူများအတွက် ဂျော်ဒန်နိုင်ငံ၏ ကူညီမှုကို ကျေးဇူးတင်ကြောင်း အဘတ်စ်က ဘုရင်အဘ်ဒူလာကို ပြောကြားခဲ့သည်။

    ဂျော်ဒန်ဘုရင်ကလည်း မိမိအနေဖြင့် ပါလက်စတိုင်းပြည်သူများအား အားပေးထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့သည်။ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အား စီမံခန့်ခွဲရေးတာဝန် ယူထားရသည်။

    ရာမာလာသို့ ဂျော်ဒန်ဘုရင် လာရောက်လည်ပတ်မှုမှာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    ပြီးခဲ့သည့်လအတွင်း အလ်-အက်ဆာဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝတွင် သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများ အစ္စရေးက တပ်ဆင်ကာ မွတ်စလင်တို့၏ မြင့်မြတ်ရာနေရာကို အပိုင်စီးလိုသည့် လုပ်ရပ်ကြောင့် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုကို ဂျော်ဒန်က ကူညီဖြေရှင်းပေးခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းကိစ္စကို အရှိအတိုင်းတင်ပြသည့် Aljazeera သတင်းဌာနကို ပိတ်ရန် အစ္စရေး စီစဉ်

    ပါလက်စတိုင်းကိစ္စကို အရှိအတိုင်းတင်ပြသည့် Aljazeera သတင်းဌာနကို ပိတ်ရန် အစ္စရေး စီစဉ်

    သြဂုတ် ၇၊ ၂၀၁၇
    M-Media

    ဂျေရုစလင်ရဲ့ အလ်ဂျာဇီးရား ရုံးခန်း

    – ဂျေရုစလင် အခြေစိုက်တဲ့ အလ်ဂျာဇီးရားသတင်းဌာနရုံးက ၀န်ထမ်းတွေအပေါ် အသိအမှတ်ပြုထားမှုကို ရုပ်သိမ်းဖို့ အစ္စရေးက စီစဉ်နေပြီး ဒါဟာ သတင်းဌာနတစ်ခုလုံးကို ပိတ်ပစ်ဖို့ ခြေလှမ်းအစလည်း ဖြစ်ပါတယ်။

    မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းဖွဲမှာ အစ္စရေးပြန်ကြားရေးဝန်ကြီး အေယူဘ် ကာရာက ဒီအစီအစဉ်ကို ကြေငြာလိုက်တာဖြစ်ပြီး အလ်ဂျာဇီးရားရုံးတွေကို ပိတ်ပစ်ကာ၊ သူတို့အလုပ်တွေကို တားမြစ်လိုက်တဲ့ ဆွန်နီအာရပ်လေးနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အခြေခံတာဖြစ်တယ်လို့ ဆိုပါတယ်။

    သူ့ရဲ့ ဒီတောင်းဆိုမှုကို နောက်တစ်ခါ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပေးဖို့လည်း ကာရာက မျှော်လင့်နေပါတယ်။

    “ကျွန်တော် လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့် ရလာဖို့အတွက် ဥပဒေပြုရေး လွတ်တော်လမ်းကြောင်းကနေတစ်ဆင့် ဒါကိုလုပ်သွားမှာ။ တတ်နိုင်သမျှမြန်မြန် ဒါကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    အသိအမှတ်ပြုမှု ရုပ်သိမ်းခံရမယ့် သတင်းထောက်တွေက အလ်ဂျာဇီးရားရဲ့ အာရပ်နဲ့ အင်္ဂလိပ်အစီအစဉ် နှစ်ခုစလုံးက ဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေ ကျူးကျော်ခံနေရတာ၊ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ဖိနှိပ်သတ်ဖြတ်နေတာတွေကို ဖော်ပြမှုအတွက် အစ္စရေးက အလ်ဂျာဇီးရားသတင်းဌာနအပေါ် အမြင်မကြည်တာ ကြာမြင့်နေပါပြီ။

    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှာရှိနေတဲ့ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အပိုင်စီးလိုပြီး ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်ကို ပိုမို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုတဲ့ အစ္စရေးရဲ့ ဆောင်ရွက်ချက်တွေကို မြေပြင်အရှိအတိုင်း အလ်ဂျာဇီးရားသတင်းဌာနက နေ့စဉ်လိုလို တင်ပြခဲ့မှု နောက်ပိုင်းမှာတော့
    အစ္စရေးဟာ ဂျေရုစလင်က ရုံးခန်းကို ပိတ်ပစ်ဖို့အထိ ကြိုးစားလာပါတယ်။

    ဒီသတင်းဌာနကို ပိတ်ပစ်မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒီစကားကို ထပ်ပြောခဲ့ပြီး အလ်ဂျာဇီးရားသတင်းဌာနဟာ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ အလ်ဂျာဇီးရားသတင်းထောက်တွေရဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း ဂျေရုစလင်က ရုံးကိုက ပိတ်ပစ်ဖို့ အစ္စရေးက စီစဉ်နေတာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်တွေဖြစ်ကာ အစ္စရေးက ကျူးကျော်သိမ်းပိုက် ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသတွေက ရုံးတွေကိုကတော့ ဒီကိစ္စမှာ ပါဝင်ဖွယ် မရှိပါဘူး။

    ဒီကိစ္စကို အစ္စရေးအစိုးရက ဘယ်တော့ ဆောင်ရွက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    သတင်းဌာန၏ တုန့်ပြန်မှု

    အလ်-အက်ဆာဗလီကိစ္စမှာ မိမိတို့အနေနဲ့ ကျင့်ဝတ်မဲ့စွာ ဖော်ပြတာမျိုး မရှိဘူးလို့ အလ်-ဂျာဇီးရားက သတင်းဌာနက ပြောကြားခဲ့ပြီး၊ အစ္စရေးရဲ့ ဒီလုပ်ရပ်တွေကိုလည်း ရှုတ်ချကြောင်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကနေ ထွက်လာမယ့် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေမှာဖြစ်ပြီး၊ ဥပဒေကြောင်းအရ လိုအပ်တာတွေ လုပ်သွားမယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေက သတင်းတွေကို ကျင့်ဝတ်နဲ့ ညီညွတ်စွာ တိတိကျကျ ဖော်ပြပေးသွားမယ်လို့လည်း သတင်းဌာနက ပြောကြားခဲ့ပါတယ်။

    သတင်းအဖွဲ့များကလည်း ဆန့်ကျင်

    ဘေရွတ် အမေရိကန်တက္ကသိုလ်က ရာမီ ခူရီက အစ္စရေးရဲ့ ဒီအစီအစဉ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ ဒေသတွင်းက အာဏာရှင်တွေ ပုံမှန်လုပ်လေ့ရှိတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဏာဆုပ်ကိုင်ထားချင်တဲ့ အာဏာရှင်တွေ အမြဲတမ်းလိုလို ပစ်မှတ်ထားတာက ၂ ခုရှိပါတယ်။ တစ်ခုက မီဒီယာဖြစ်ပြီး နောက်တစ်ခုက နိုင်ငံခြားသားတွေပါ။ အာဏာရှင်တိုင်းက မီဒီယာကို ပစ်မှတ်ထားပါတယ်”

    လန်ဒန်အခြေစိုက် ဂျာနယ်လစ်ဇင်အဖွဲ့ Ethical Journalism Network ဒါရိုက်တာဖြစ်သူ အိုင်ဒန် ၀ှိုက်ကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ သတင်းတင်ပြခွင့်ကို တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “တုန်လှုပ်စရာကောင်းတဲ့ ထုတ်ပြန်ချက်ပဲဗျ။ ဒေသတွင်းမှာ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ကျွေးကြော်မှုကို ဒါက လုံးဝဖျက်ဆီးလိုက်ပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ဒီမိုကရေစီရဲ့ အရေးပါဆုံး အသင်းအဖွဲ့တွေထဲက တစ်ခုရဲ့အခြေကို သွားထိလိုက်လို့ပါပဲ။ အလ်ဂျာဇီးရားကို ဒီလိုတိုက်ခိုက်မှုဟာ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်အားလုံးကို တိုက်ခိုက်မှုလည်းဖြစ်ပါတယ်”

    The Committee to Protect Journalists ရဲ့ ဝေဖန်မှုမှာ အလ်ဂျာဇီးရားသတင်းဌာနကို ဆင်ဆာဖြတ်တာ၊ ပိတ်တာတွေ လုပ်တာက ဒေသတွင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းမပေးနိုင်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ရဲ့ ဒေသတွင်းက အဆိုးဝါးဆုံးရန်သူတော်စာရင်းမှာ အစ္စရေးကို ထည့်သွင်းလိုက်တာသာဖြစ်ကြောင်း၊ ဒီလို ဒီမိုကရေစီမကျတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ပြီး အလ်ဂျာဇီးရားနဲ့ သတင်းထောက်အားလုံးကို တစ်နိုင်ငံလုံးနဲ့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ဆော်ဒီနဲ့ ဂျော်ဒန်တို့ဟာ ကာတာအပေါ်ပြုလုပ်တဲ့ သံတမန်ရေးအရ ပိတ်ဆို့မှုအတွင်း အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပင်ခဲ့ပြီး၊ ယူအေအီးကလည်း ပိတ်ပင်ထားပါတယ်။

    အီဂျစ်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အလ်ဂျာဇီးရား သတင်းဌာနကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

    Ref: Aljazeera

     

  • ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင် ဘဘ်ဒူလာ ၂ မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့သို့ လာမည့်သီတင်းတင်းပတ် အစောပိုင်းတွင် သွားရောက်ရန် ရှိနေပြီး ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။

    တနင်္လာနေ့တွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံရန်ရှိနေပြီး ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး အကြောင်းများကို ဆွေးနွေးမည်ဟု ဖာတာပါတီမှ ထိပ်တန်းတာဝန်ရှိသူ မိုဟာမက် ရှာတေယဟ်က ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ် အစ္စရေးနှင့် ငြိမ်းချမ်းစာချုပ်အရ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အစ္စလာမ်ဘာသာဝင်များ၏ မြင့်မြတ်ရာနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စရေးက သိမ်ပိုက်ထားသည့် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း၏ နိုင်ငံရေးမြို့တော် ရာမာလာကို ဘုရင် အဒ်ဒူလာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံး ရောက်ရှိခဲ့သည်။

    ဂျေရုစလင်ရှိ ဟရမ် အလ်-ရှရစ်ဖ် ပရ၀ုဏ်ဂိတ်ပေါက်ဝအတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ကာ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်မှုနောက်ပိုင်း ဖြစ်လာခဲ့သည့်ပြဿနာကို ပြေလည်စေရေး ပြီးခဲ့သည့်လတွင် ဂျော်ဒန်က ၀င်ရောက်ဖြေရှင်းပေးခဲ့သည်။

    Ref: Alarabiya

  • ၂၀၁၄ ဂါဇာတိုက်ခိုက်ခံရမှုအတွင်း အသက် ၅ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်ကို ကယ်ဆယ်မှု မှတ်တမ်း

    ၂၀၁၄ ဂါဇာတိုက်ခိုက်ခံရမှုအတွင်း အသက် ၅ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်ကို ကယ်ဆယ်မှု မှတ်တမ်း

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ၂၀၁၄ ဂါဇာကို အစ္စရေးက တိုက်ခိုက်မှုအတွင်း နေအိမ်ဗုံးကြဲခံလိုက်ရကာ မိဘနှစ်ပါး အပါအ၀င် မိသားစု ၆ ဦး သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း သမီးငယ် ဘီဆန် ဒါဟာရ်လေးကို ကယ်ထုတ်ခဲ့ရတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    ဟားမက်စ်တွေက အစ္စရေးလူငယ် ၃ ယောက်ကို ပြန်ပေးဆွဲ၊ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အစ္စရေးက ၂၀၁၄ ခုနှစ် ဇူလိုင်လလယ်ကနေ သြဂုတ်လကုန်အထိ ရက်ပေါင်း ၅၀ ကြာ တိုက်ခိုက်မှုတစ်ခုကို ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ပြုလုပ်ခဲ့ပါတယ်။

    လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တပ်တွေ ကျူးကျော်ဝင်ရောက်မှုအတွင်း စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ကုလ အကူအညီပေးရေးအဆောက်အဦးတွေ၊ လူမှုကူညီရေးစင်တာတွေ၊ လူနေအိမ်တွေနဲ့ အခြား အရပ်ဖက်အဆောက်အဦးတွေ တော်တော်များများ ဖျက်ဆီးခံခဲ့ရပြီး ပါလက်စတိုင်းပြည်သူ ၂၁၀၀ ကျော်လောက် သေဆုံးခဲ့ကာ ၁ သိန်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေလည်း တော်တော်များများ ပါဝင်တယ်။ လူနေအိမ်တွေ၊ ကွင်းပြင်မှာ ကစားနေတဲ့ ပါလက်စတိုင်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း အစ္စရေးဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။

    အစ္စရေးကတော့ ဟားမက်စ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကျူးကျော်တိုက်ခိုက်မှု ၃ နှစ် တင်းတင်း ပြည့်သွားပြီဖြစ်ပေမယ့် အစ္စရေးရဲ့ ပိတ်ဆို့မှုဒဏ်၊ စစ်ပွဲရဲ့ နောက်ဆက်တွဲဒဏ်တွေကို ဂါဇာပြည်သူတွေကို ခါးစီးခံနေရတုန်းပါ။

    ဘီဆန် ဒါဟာရ်လေးဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးရပြီး၊ မိသားစုနဲ့ သေကွဲကွဲခဲ့ရတဲ့ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းကလေးငယ်တွေထဲကတစ်ဦး ဖြစ်ပါတယ်။