News @ M-Media

Tag: Palestine

  • ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင် ဘဘ်ဒူလာ ၂ မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့သို့ လာမည့်သီတင်းတင်းပတ် အစောပိုင်းတွင် သွားရောက်ရန် ရှိနေပြီး ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။

    တနင်္လာနေ့တွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံရန်ရှိနေပြီး ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး အကြောင်းများကို ဆွေးနွေးမည်ဟု ဖာတာပါတီမှ ထိပ်တန်းတာဝန်ရှိသူ မိုဟာမက် ရှာတေယဟ်က ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ် အစ္စရေးနှင့် ငြိမ်းချမ်းစာချုပ်အရ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အစ္စလာမ်ဘာသာဝင်များ၏ မြင့်မြတ်ရာနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စရေးက သိမ်ပိုက်ထားသည့် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း၏ နိုင်ငံရေးမြို့တော် ရာမာလာကို ဘုရင် အဒ်ဒူလာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံး ရောက်ရှိခဲ့သည်။

    ဂျေရုစလင်ရှိ ဟရမ် အလ်-ရှရစ်ဖ် ပရ၀ုဏ်ဂိတ်ပေါက်ဝအတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ကာ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်မှုနောက်ပိုင်း ဖြစ်လာခဲ့သည့်ပြဿနာကို ပြေလည်စေရေး ပြီးခဲ့သည့်လတွင် ဂျော်ဒန်က ၀င်ရောက်ဖြေရှင်းပေးခဲ့သည်။

    Ref: Alarabiya

  • ၂၀၁၄ ဂါဇာတိုက်ခိုက်ခံရမှုအတွင်း အသက် ၅ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်ကို ကယ်ဆယ်မှု မှတ်တမ်း

    ၂၀၁၄ ဂါဇာတိုက်ခိုက်ခံရမှုအတွင်း အသက် ၅ နှစ်အရွယ် ပါလက်စတိုင်းသမီးငယ်ကို ကယ်ဆယ်မှု မှတ်တမ်း

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ၂၀၁၄ ဂါဇာကို အစ္စရေးက တိုက်ခိုက်မှုအတွင်း နေအိမ်ဗုံးကြဲခံလိုက်ရကာ မိဘနှစ်ပါး အပါအ၀င် မိသားစု ၆ ဦး သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း သမီးငယ် ဘီဆန် ဒါဟာရ်လေးကို ကယ်ထုတ်ခဲ့ရတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    ဟားမက်စ်တွေက အစ္စရေးလူငယ် ၃ ယောက်ကို ပြန်ပေးဆွဲ၊ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အစ္စရေးက ၂၀၁၄ ခုနှစ် ဇူလိုင်လလယ်ကနေ သြဂုတ်လကုန်အထိ ရက်ပေါင်း ၅၀ ကြာ တိုက်ခိုက်မှုတစ်ခုကို ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ ပြုလုပ်ခဲ့ပါတယ်။

    လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တပ်တွေ ကျူးကျော်ဝင်ရောက်မှုအတွင်း စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ကုလ အကူအညီပေးရေးအဆောက်အဦးတွေ၊ လူမှုကူညီရေးစင်တာတွေ၊ လူနေအိမ်တွေနဲ့ အခြား အရပ်ဖက်အဆောက်အဦးတွေ တော်တော်များများ ဖျက်ဆီးခံခဲ့ရပြီး ပါလက်စတိုင်းပြည်သူ ၂၁၀၀ ကျော်လောက် သေဆုံးခဲ့ကာ ၁ သိန်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေလည်း တော်တော်များများ ပါဝင်တယ်။ လူနေအိမ်တွေ၊ ကွင်းပြင်မှာ ကစားနေတဲ့ ပါလက်စတိုင်းကလေးတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း အစ္စရေးဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။

    အစ္စရေးကတော့ ဟားမက်စ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဇာကျူးကျော်တိုက်ခိုက်မှု ၃ နှစ် တင်းတင်း ပြည့်သွားပြီဖြစ်ပေမယ့် အစ္စရေးရဲ့ ပိတ်ဆို့မှုဒဏ်၊ စစ်ပွဲရဲ့ နောက်ဆက်တွဲဒဏ်တွေကို ဂါဇာပြည်သူတွေကို ခါးစီးခံနေရတုန်းပါ။

    ဘီဆန် ဒါဟာရ်လေးဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးရပြီး၊ မိသားစုနဲ့ သေကွဲကွဲခဲ့ရတဲ့ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းကလေးငယ်တွေထဲကတစ်ဦး ဖြစ်ပါတယ်။

  • အလ်-အက်ဆာဗလီတွင် ပါလက်စတိုင်းများ လွတ်လပ်စွာ ၀တ်ပြုခွင့် ပြန်ရပြီ

    အလ်-အက်ဆာဗလီတွင် ပါလက်စတိုင်းများ လွတ်လပ်စွာ ၀တ်ပြုခွင့် ပြန်ရပြီ

    ဇူလိုင် ၂၉၊ ၂၀၁၇
    M-Media

    – တင်းမာမှုတွေဖြစ်ပွားနေတဲ့ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်မှာ နောက်ဆုံးကန့်သတ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီးတဲ့နောက် ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေဟာ မနေ့က ဒီသမိုင်းဝင်ဗလီကြီးမှာ သွားရောက် ၀တ်ပြုခဲ့ကြပါတယ်။

    မနေ့က မနက်ပိုင်းမှာ အစ္စရေးက သောကြာဝတ်ပြုမှုအတွက် အသက် ၅၀ အောက် ပါလက်စတိုင်းအမျိုးသားတွေ မ၀င်ရဘူးလို့ ထပ်ပြီး အမိန့်ထုတ်ခဲ့ပြီး ဒါဟာ ၂ ပတ်အတွင်း အစ္စရေးတို့က နောက်ဆုံးလုပ်ဆောင်တဲ့ ကန့်သတ်ချက်တစ်ခု ဖြစ်ပါတယ်။

    ဒီကန့်သတ်ချက်ကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းပြည်သူတွေဟာ ဗလီဂိတ်ပေါက်ဝတွေမှာ ၀တ်ပြုခဲ့ကြရပြီး ၀တ်ပြုမှုအပြီးမှာတော့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းခဲ့တာကြောင့် အနောက်ဖက်ကမ်းနဲ့ ဂျေရုစလင်မှာ ပါလက်စတိုင်းပြည်သူ ၂၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ အသက် ၅၀ အောက် ပါလက်စတိုင်းတွေ အလ်-အက်ဆာဗလီထဲ မ၀င်ရဘူးဆိုတဲ့ တားမြစ်ချက်ကို အစ္စရေးက ပယ်ဖျက်ပေးခဲ့ပြီး ဗလီဝတ်ကျောင်းတော်ကို စီမံခန့်ခွဲနေတဲ့ ဂေါပကအဖွဲ့က ၀င်ပေါက်အားလုံးကနေ ပါလက်စတိုင်းအားလုံး အသက်ကန့်သတ်မှုမရှိ ၀င်ရောက်ဝတ်ပြုနိုင်ပြီလို့ မနေ့က ကြငြာခဲ့ပါတယ်။

    သူတို့ရဲ့ အမှတ်သညာဖြစ်တဲ့ အလ်-အက်ဆာဗလီမှာ ကျူးကျော်သူတွေက ထိန်းချုပ်ကန့်သတ်မှုတွေ လုံးဝမရှိဖို့ ပါလက်စတိုင်းတွေရဲ့ ကြိုးပမ်းမှုဟာ လွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။

    ဇူလိုင်လ ၁၄ ရက်နေ့က ဗလီအပြင်ဘက် စစ်ဆေးရေးဂိတ်ကို ပါလက်စတိုင်း ၃ ဦးက သေနတ်နဲ့ပစ်ခတ်မှုအတွင်း အစ္စရေးရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် အစ္စရေးက ဗလီဝင်ပေါက်တွေမှာ သတ္တုရှာဖွေရေးစက်တွေ၊ လုံခြုံရေးကင်မရာတွေထားကာ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

    ဒါ့ကြောင့် ပြီးခဲ့တဲ့ ၁၃ ရက်လုံးလုံး ပါလက်စတိုင်းတွေဟာ ဗလီရဲ့ အပြင်မှာ ၀တ်ပြုတာ၊ ဆန္ဒပြမှုတွေလုပ်ကာ ဒီအပိုင်စီးလိုတဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက သတ္တုရှာဖွေရေးစက်တွေကို ဖယ်ရှားပေးခဲ့ပေမယ့် အဆင်မြင့် စောင့်ကြည့်ကင်မရာတွေကို ထပ်မံတပ်ဆင်ခဲ့ပြီး ပါလက်စတိုင်းဖက်က ဒါကိုလည်း လက်မခံပါဘူး။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်း ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နှင်းခဲ့တာကြောင့် အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးခဲ့ပြီး ထောင်ချီ ဒဏ်ရာရရှိခဲ့ကြပါတယ်။

    ကြာသာပတေးနေ့မှာ အစ္စရေးက သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာတွေအားလုံးကို ဖယ်ရှားပေးခဲ့ပြီး ပါလက်စတိုင်းတွေက ၂ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ကို ၀င်ရောက် ၀တ်ပြုခဲ့ကြပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို ၁၉၆၇ ခုနှစ်ကတည်းက ကျူးကျော်သိမ်းပိုက်ခဲ့ပြီး အစ္စလာမ်ရဲ့ တတိယအမြတ်ဆုံးနေရာဖြစ်ပြီး အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ရှိရာ ဟရမ် အလ်-ရှရစ်ဖ်လို့ခေါ်တဲ့ ပရ၀ုဏ်ကို ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်မရအောင် တစ်စတစ်စ ကန့်သတ်မှုတွေ တိုးလုပ်လာခဲ့တာပါ။

    ဒါတင်မကသေးဘဲ အနောက်ဖက်ကမ်းက ပါလက်စတိုင်းတွေ ဂျေရုစလင်ကို ၀င်လို့မရအောင်လည်း အစ္စရေးက နံရံကြီးတွေကာပြီး စစ်ဆေးရေးဂိတ်ပေါက်တွေထားကာ တင်းတင်းကျပ်ကျပ်ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။

    မနေ့က ဘက်သလီဟမ်မှာ ပါလက်စတိုင်းလူငယ်တစ်ဦးဟာ အစ္စရေးစစ်သားတွေရဲ့ ပစ်သတ်မှုကို ခံခဲ့ရပြီး အစ္စရေးဘက်ကတော့ အသက် ၂၄ နှစ်အရွယ် အဘ်ဒူလာ တာကတ်ကာဟာ အစ္စရေးစစ်သားကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် မျက်မြင်သက်သေတွေက အဘ်ဒူလာဟာ အစ္စရေးတပ်ဖွဲ့တွေနဲ့ မီတာ ၂၀ (ပေ ၆၀ ကျော်) အကွာမှာ ရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

    ဂါဇာကမ်းမြှောင်နယ်စပ်မှာလည်း မနေ့က အသက် ၁၆ နှစ်အရွယ်လူငယ် အဘ်ဒဲလ် ရဟမ် အဘူ ဟူမေရှာဟာ အစ္စရေးစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာက ဆန္ဒပြမှုအတွင်းမှာလည်း အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    Ref: Aljzeera

  • အလ်-အက်ဆာဗလီနဲ့ အစ္စရေး-ပါလက်စတိုင်းတင်းမာမှု မြေပြင်အခြေအနေ

    အလ်-အက်ဆာဗလီနဲ့ အစ္စရေး-ပါလက်စတိုင်းတင်းမာမှု မြေပြင်အခြေအနေ

    ဇူလိုင် ၂၇၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အရှေ့ဂျေရုစလင်မှာ အခုတလော ပါလက်စတိုင်းတွေနဲ့ အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေအကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    အစ္စလာမ်ရဲ့ တတိယမြောက်အမြင့်မြတ်ဆုံး ဗလီဖြစ်တဲ့ အလ်-အက်ဆာမှာ အစ္စရေးက သတ္တုရှာဖွေရေးစက်တွေ တပ်ဆင်ပြီးနောက်ပိုင်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်လာတာဖြစ်ပြီး ပါလက်စတိုင်းတွေက ဒီလုပ်ရပ်ဟာ သူတို့နဲ့သာဆိုင်တဲ့ အလ်-အက်ဆာဗလီကို အစ္စရေးက သိမ်းပိုက်လိုတဲ့လုပ်ရပ်လို့ ရှုမြင်နေကြပါတယ်။

    လက်တွေ့မြေပြင်မှာ ဘယ်လိုဖြစ်နေသလဲ၊ ပါလက်စတိုင်းတွေ ဘယ်လိုခံစားနေရလဲ၊ အစ္စရေးက မြင့်မြတ်ရာနေရာတွေကို ဘယ်လိုထိန်းချုပ် ကန့်သတ်မှုတွေလုပ်ထားလဲ၊ အလ်-အက်ဆာဗလီက ပါလက်စတိုင်းတွေအတွက် ဘယ်လောက်အရေးပါသလဲ၊ အစ္စရေးက သမိုင်းကို ဘယ်လိုလှည့်ဖျားထားလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့ရမှာဖြစ်ပါတယ်။

    Aljazeera ရဲ့ ဗီဒီယိုကို M-Media က စာတမ်းထိုး တင်ဆက်တာ ဖြစ်ပါတယ်။

  • အလ်-အက်ဆာဗလီတွင် အစ္စရေးက တပ်ဖက်လှည့်ဖြင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်

    အလ်-အက်ဆာဗလီတွင် အစ္စရေးက တပ်ဖက်လှည့်ဖြင့် စောင့်ကြည့်ကင်မရာများ တပ်ဆင်

    ဇူလိုင် ၂၅၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်တွင် တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် အလ်-အက်ဆာဗလီဝတ်ကျောင်းတော် ဂိတ်ပေါက်ဝများတွင် တပ်ဆင်ထားသည့် သတ္တုရှာဖွေရေးစက်များကို ဖယ်ရှားပေးရန် အစ္စရေးက ဆုံဖြတ်ခဲ့သော်လည်း လုံခြုံရေးကင်မရာများကို အစားထိုးတပ်ဆင်သွားမည်ဟု သိရသည်။

    ယမန်နေ့က အစ္စရေးကက်ဘိနတ်အဖွဲ့၏ ဆွေးနွေးမှုတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်၏ ဒါရိုက်တာဖြစ်သူ ရှိခ် နဂျာဟ် ဘာကီရတ်က အစ္စရေးအနေဖြင့် သတ္တုရှာဖွေရေးစက်များကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သော်လည်း လုံခြုံရေးကင်မရာများ တပ်ဆင်ထားမှုကြောင့် ပါလက်စတိုင်း
    များ၏ တောင်းဆိုချက်နှင့် ပြည့်မီခြင်းမရှိဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ရှိခ် ရာအဒ် ဆာလေဟ်က ဇူလိုင်လ ၁၄ ရက်နေ့နောက်ပိုင်း အစ္စရေးက တင်ဆင်ခဲ့သည့် အရာတိုင်းကို မဖယ်ရှားပေးသမျှ ကာလပတ်လုံး ပါလက်စတိုင်းများမှာ လက်မခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဇူလိုင်လ ၁၄ ရက်နေ့က အလ်-အက်ဆာဗလီအပြင်ဘက် အစ္စရေးစစ်ဆေးရေးဂိတ်တွင် ပါလက်စတိုင်း ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အစ္စရေးမှာ ဗလီဝတ်ကျောင်းတော်၏ ဂိတ်ပေါက်ဝများ၌ သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ခဲ့သည်။

    ပါလက်စတိုင်းများကမူ အစ္စရေး၏ ထိုလုပ်ရပ်များမှာ ၎င်းတို့ပိုင်ဆိုင်သည့် ဗလီဝတ်ကျောင်းတော်ကို အပိုင်စီးရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး လုံခြုံရေးတပ်ဖွဲ့များကလည်း ဆန္ဒပြသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၅ ဦး သေဆုံးကာ၊ ရာနှင့်
    ချီ၍ ဒဏ်ရာရရှိခဲ့သည်။

    အစ္စရေးကက်ဘိနတ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဂိတ်ပေါက်ဝများ၌ ကင်မရာများတပ်ဆင်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်တိုးချထားရေး ရှက်ကဲလ် သန်း ၁၀၀ (ကန်ဒေါ်လာ ၂၈ သန်း) အသုံးပြုမည်ဟု ဖော်ပြထားသည်။

    အဆိုပါလုံခြုံရေးကင်မရာများတွင် မျက်နှာပုံရိပ်ကို ဖမ်းယူကာ သိမ်းဆည်းထားသည့် အဆင့်မြင့်ဆော့ဖ်ဝဲကို အသုံးပြုထားသည်။

    Ref: Aljazeera