News @ M-Media

Tag: Philippines

  • လူသတ်မှု၊ ဓားပြတိုက်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖိလစ်ပိုင်ထုတ်ပယ်

    လူသတ်မှု၊ ဓားပြတိုက်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖိလစ်ပိုင်ထုတ်ပယ်

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက်များအား သတ်ဖြတ်မှု၊ အိမ်တစ်လုံးအား ဓားပြတိုက်မှုအတွက် မြို့တော်မနီလာရှိ မြို့နယ် ရဲတပ်ဖွဲ့တစ်ခုလုံးကို အစိုးရက ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ကာလိုကန်မြို့နယ်မှ ရဲတပ်ဖွဲ့ဖြစ်ပြီး ဆယ်ကျော်သက်သုံး ၃ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ဝင်များမှာ သံသယရှိခံနေရကာ၊ အိမ်တစ်လုံးအား ဓားပြတိုက်မှုကိုလည်း လုံခြုံရေးကင်မရာများမှတစ်ဆင့် တွေ့ရှိခဲ့ရသည်။

    မနီလာမြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ အော်စကာ အလ်ဘာယာလ်ဒီက တပ်ဖွဲ့ဝင် ၁၂၀၀ စလုံးကို ဖြုတ်ပစ်ခဲ့ပြီး တရားစွဲဆိုမခံရသူများကို ၄၅ ရက်တာ ပြန်လည်သင်တန်းပေးကာ အခြား ရဲစခန်းများတွင် တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆယ်ကျော်သက်လူငယ်များ သေဆုံးမှုမှာ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် မူးယစ်စစ်ဆင်ရေးတွင် ဖြစ်ပြီး ကျန်ရစ်သူမိဘများက ကာလိုကန်မှ ရဲနှစ်ဦးကို လူသတ်မှု၊ နှိပ်စက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

    ရဲတပ်ဖွဲ့ဝင်များ ဓားပြတိုက်မှုမှာ ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်စစ်ဆင်ရေးဟု အကြောင်းပြကာ ရဲ ၁၃ ဦးက အိမ်တစ်အိမ်၌ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များကို လုံခြုံရေး ကင်မရာမှတစ်ဆင့် တွေ့ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒူတာတေးအာဏာရပြီးနောက် ဆောင်ရွက်ခဲ့သည့် မူးယစ်တိုက်ဖျက်ရေးမှာ ပြင်းထန်မှုများကြောင့် ဝေဖန်မှုများ ရှိခဲ့ပြီး ဆယ်ကျော်သက် ၃ ဦး သေဆုံးပြီးနောက် ဒူတာတေးကို ပြစ်တင်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

    Ref: Aljazeera

     

  • မူးယစ်မှောင်ခိုကိစ္စတွင် ပါဝင်သည်ဆိုသော သတင်းကို ဒူတာတေးသား ငြင်းဆို

    မူးယစ်မှောင်ခိုကိစ္စတွင် ပါဝင်သည်ဆိုသော သတင်းကို ဒူတာတေးသား ငြင်းဆို

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    ဒူတာတေး၏သား ပါအိုလို (ဘယ်)

    – တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး တင်သွင်းမှုတွင် ပါဝင်သည်ဆိုသည့် သတင်းများကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ သားက ငြင်းဆိုလိုက်သည်။

    သမ္မတဒူတာတေးမှာ ၎င်း အာဏာရပြီးကတည်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး အတိုက်အခံများက ဒူတာတေး၏သား ပါအိုလိုမှာ မြို့တော် မနီလာသို့ ကန်ဒေါ်လာ ၁၂၅ သန်းတန် မူးယစ်ဆေးဝါးများ တင်ပို့မှုတွင် ကူညီခဲ့သည်ဟု စွပ်စွဲခဲ့သည်။

    “ကောလဟာလကိုအခြေခံတဲ့ စွပ်စွဲချက်တွေကို ကျွန်တော် ဖြေရှင်းမနေပါဘူး။ ကျွန်တော် ဒီမှာ ရှိနေတာက ဖိလစ်ပိုင် ပြည်သူတွေအတွက်နဲ့ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဒါဗာအိုပြည်သူတွေအတွက် ဖြစ်ပါတယ်” ဟု နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ ဒုတိယ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နသည့် ပါအိုလို ဒူတာတေး ယနေ့တွင် လွှတ်တော်၌ ထွက်ဆိုခဲ့သည်။

    ဖုံးကွယ်ထားစရာ မရှိပါက လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို တက်ရောက်ရန် သားဖြစ်သူအား ပြောကြားခဲ့သည်ဟု ဒူတာတေးက ဆိုသည်။ ထို့ပြင် လွှတ်တော်တွင် မည်သည့်မေးခွန်းကိုမှ မဖြေရန်လည်း ဒူတာတေးက ပါအိုလိုအား မှာကြားခဲ့သည်။

    ဒူတာတေးက မိမိ၏ မိသားစုမှ တစ်ဦးဦး ခြစားမှုကိစ္စတွင် ပါဝင်ကြောင်း သက်သေပြနိုင်ပါက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်သွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားထားသည်။

    Ref: Aljazeera

  • မာရာဝီတွင် IS ကို တိုက်ထုတ်ရေး မွတ်စလင်လက်နက်ကိုင်အဖွဲ့က ဖိလစ်ပိုင်စစ်တပ်နှင့် ပူးပေါင်း

    မာရာဝီတွင် IS ကို တိုက်ထုတ်ရေး မွတ်စလင်လက်နက်ကိုင်အဖွဲ့က ဖိလစ်ပိုင်စစ်တပ်နှင့် ပူးပေါင်း

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    – မာရာဝီမြို့ကို သိမ်းပိုက်ထားသည့် IS သစ္စာခံ မောက်တေ လက်နက်ကိုင်အဖွဲ့အား နောက်ဆုံးအဆင့် ထိုးစစ်ကို ဖိလစ်ပိုင်စစ်တပ်က မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

    မောက်တေအဖွဲ့မှာ ပြီးခဲ့သည့်မေလက မာရာဝီမြို့အား သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်၏ ထိုးစစ်အောက်တွင် လက်ရှိအချိန်၌ ၎င်းတို့အဖွဲ့မှာ ၅၀၀ စကွဲယားမီတာခန့်ကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။

    ဖိလစ်ပိုင်စစ်သားများနှင့် MILF အဖွဲ့ဝင်များမှာ ပူးပေါင်းဆောင်ရွက်ခြင်းအပါအ၀င် ပစ်ကူများ၊ လေကြောင်းပစ်ကူများနှင့် အခြား ထောက်ပံ့မှုများလည်း MILF အတွက် ပြုလုပ်ပေးသည်ဟု ဖိလစ်ပိုင်စစ်တပ်မှ ဗိုလ်ချုပ်ကြီး အာရ်နဲလ် ဒီလာ ဗီဂါက ပြောကြားခဲ့သည်။

    ၃ လကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး မောက်တေအဖွဲ့မှ ၅၀၀ နီးပါးခန့် သေဆုံးခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

    တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး မင်ဒါနာအိုကျွန်းရှိ ကယ်ဆယ်ရေးစခန်း ၇၅ ခုတွင် နေထိုင်နေရသည်။

    ဗီဂါက မိမိတို့မှာ MILF အဖွဲ့နှင့် ပေါင်းစည်းတိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အဖွဲ့မှာ သီးခြား နည်းလမ်းများ၊ ပုံစံများဖြင့် မောက်တေအဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဆီယံမွတ်စလင်များ မာရာဝီတွင်ပူးပေါင်းရေး IS အဖွဲ့၏ ဆော်သြမှုကို အင်ဒိုအစ္စလာမ့်အဖွဲ့အစည်း ရှုတ်ချ

    အာဆီယံမွတ်စလင်များ မာရာဝီတွင်ပူးပေါင်းရေး IS အဖွဲ့၏ ဆော်သြမှုကို အင်ဒိုအစ္စလာမ့်အဖွဲ့အစည်း ရှုတ်ချ

    သြဂုတ် ၂၃၊ ၂၀၁၇
    M-Media

    – မာရာဝီမြို့မှာ သူတို့နဲ့ လာရောက်ပူးပေါင်းဖို့ အရှေ့တောင်အာရှက မွတ်စလင်တွေကို ဖိတ်ခေါ်ထားတဲ့ IS ရဲ့ ဗီဒီယိုကို အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ့်ရေးရာအဖွဲ့အစည်းက ရှုတ်ချလိုက်ပြီး မာရာဝီမြို့ရဲ့ ငြိမ်းချမ်းတဲ့ သရုပ်သကန်ကို ကာကွယ်သွားဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီမြို့ကို IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသူတွေက သိမ်းပိုက်ထားတာ ၄ လထဲ ရောက်လာပြီဖြစ်ပြီး ဖိလစ်ပိုင်အစိုးရက မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။

    အခု IS က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုမှာ သူတို့အဖွဲ့ဝင်တွေက ခရစ်ယာန်ဘုရားကျောင်း၊ လက်ဝါးကပ်တိုင်တွေ၊ မယ်တော်မေရီရဲ့ ရုပ်တုတွေကို မီးရှို့ဖျက်ဆီးနေတာကို ဖော်ပြထားပြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဓာတ်ပုံတွေ ဆုတ်ဖြဲတာကိုလည်း ဒီဗီဒီယိုမှာ တွေ့ရပါတယ်။

    အဘူလ်-ယာမန်လို့ဆိုတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူးနိုင်၊ ထိုင်းနဲ့ စင်ကာပူတို့လို နိုင်ငံတွေက မွတ်စလင်တွေအနေနဲ့ သူတို့နဲ့ လာရောက်ပူးပေါင်းကြဖို့ ဗီဒီယိုမှာ တိုက်တွန်းထားပါတယ်။

    အင်ဒိုနီးရှားရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နဒ်လာသွလ် အိုလမာ (NU) ရဲ့ အစ္စလာမ်ဓမ္မပညာရှင်တစ်ဦးက ဒီဗီဒိုကို ရှုတ်ချပြောဆိုခဲ့ပါတယ်။

    “အရှေ့တောင်အာရှနဲ့ အရှေ့အာရှတွေဟာ ငြိမ်းချမ်းတဲ့ နယ်ပယ်တွေပါ။ အဲဒီ ငြိမ်းချမ်းမှုကို ကာကွယ်သွားရပါမယ်။ ဒီဒေသတွေမှာ ဂျေဟားဒ်အစစ်အမှန်ဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ဖြစ်ပြီး ရန်ညှိုးဖွဲ့ဖို့၊ စစ်ဖြစ်ဖို့ မဟုတ်ပါဘူး” လို့ အဟ်မဒ် ဆွေဒီက ပြောကြားခဲ့ပါတယ်။

    သူဟာ The Wahid Institute ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်ပါတယ်။

    “အစ္စလာမ်သာသနာကို ကျင့်သုံးတဲ့ မာရာဝီဟာ ငြိမ်းချမ်းတဲ့ဒေသ ဖြစ်ပါတယ်။ မာရာဝီကို ငြိမ်းချမ်းတဲ့ အစ္စလာမ်သာသနာထွန်ကားရာ နေရာမျိုး ပြန်ဖြစ်အောင် လုပ်ကြပါ”

    မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ အကြီးကဲ အယွဘ် ခန်း မိုင်ဒင်း ပီချေးက IS က အခု ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဟာ အန္တရာယ်ရှိပြီး မာရာဝီမှာ ပြဿနာတွေ စဖြစ်တဲ့အချိန်ကစလို့ မလေးရှားက IS အဖွဲ့ငယ်လေးတွေဟာ ဖိလစ်ပိုင်တောင်ပိုင်းကို သွားရောက်ဖို့ ကြိုးစားနေကြောင်း သတိပေးခဲ့ပါတယ်။

    Ref: CNA

  • ဖိလစ်ပိုင်မူးယစ်နှိမ်နှင်းမှု တစ်ညအတွင်း လူ ၃၀ ကျော် သေဆုံး

    ဖိလစ်ပိုင်မူးယစ်နှိမ်နှင်းမှု တစ်ညအတွင်း လူ ၃၀ ကျော် သေဆုံး

    သြဂုတ် ၁၆၊ ၂၀၁၇
    M-Media

    ဖိလစ်ပိုင်သမ္မတ ဒူတာတေး

    – မူးယစ်နှိမ်နှင်းရေးအဖြစ် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ယမန်နေ့တွင် မြို့တော်မနီလာအနီး ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေးစီမံချက်တွင် သွေးထွက်သံယိုမှုအများဆုံး ညလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူ ရိုမီယို အမ် ကာရာမတ်က ဘူလာချန်ပြည်နယ်၌ ယမန်နေ့တွင် စစ်ဆင်ရေး ၆၇ ခု ပြုလုပ်ခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့ကာ ၁၀၉ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့မှာ စိတ်ကြွဆေး ၂၀၀ ဂရမ်ကျော်၊ ဆေးခြောက် ၇၈၆ ဂရမ်၊ လက်နက်မျိုးစုံ၊ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည်။

    ပြည်သူ ၃.၂၉ သန်း နေထိုင်နေသည့် ဘူလာချန်ပြည်နယ်တွင် ပြီးခဲ့သည့်လများအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူ၊ ရဲတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူ အရေအတွက်မှာ အလွန်များများနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဒူတာတေး အာဏာရပြီးနောက်ပိုင်း ဖိလစ်ပိုင်အစိုးရ၏ မူးယစ်နှိမ်နှင်းမှု စီမံချက်အတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးမှု အရေအတွက်မှာ ထိုထက်ပို၍ များပြားမည်ဟု ဆိုသည်။

    Ref: Aljazeera