News @ M-Media

Tag: Rakhine-Conflict

  • ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ်

    ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ်

    သြဂုတ်၊ ၁၇ ၊ ၂၀၁၂၊
    မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြဆွေးနွေးသွားဖို့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
    ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ ဒုက္ခသည်စခန်းအတွင်းရှိ ရိုဟင်ဂျာများ။

    မွတ်ဆလင်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံ မှာ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ အဓိက လွှမ်းမိုးခဲ့တဲ့ အထဲ ဆီးရီယားကိစ္စအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မွတ်ဆလင်အပေါ် အကြမ်းဘက် မှုတွေနဲ့ ပတ်သက်လို့  ဆော်ဒီအာရေဗီးယားနိုင်ငံ မကာမှာကျင်းပတဲ့ OIC ညီလာခံ ကနေ ပြစ်တင် ရှုတ်ချသွားပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကုလသမဂ္ဂအထိ တင်ပြ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ် လို့ ဆော်ဒီအာရေဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nizar Bin Obaid Madani က ပြောသွားပါ တယ်။

    “မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပိုင်ခွင့် ငြင်းပယ်ခံရတာနဲ့ အကြမ်းဘက်မှုတွေ ဆက်ဖြစ်နေတာတွေ အပေါ် မြန်မာခေါင်းဆောင်တွေကို အပြင်းအထန် ရှုတ်ချကြောင်း ညီလာခံကနေ ထုတ်ပြန်ပါတယ်။ ဒီ ရိုဟင်ဂျာပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံအထိ တင်ပြဖို့အတွက် ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။”

    OIC အဖွဲ့ဝင်တွေထဲမှာ မြန်မာအိမ်နီးချင်း အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေလည်း  ပါဝင်ပါတယ်။ ကုလသမဂ္ဂ ဘက်ကတော့ အခြေအနေတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် မြန်မာအာဏာပို်င်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့ အတွင်းရေး မှူးချုပ်ရုံး ပြောခွင့်ရသူ Eduardo Del Buey က ပြောပါတယ်။

    “မြန်မာနိုင်ငံအခြေအနေက ဖြည်းဖြည်းချင်း သွားနေတဲ့သဘောပါ။ တိုးတက်လာမှုတွေ ရှိသလို နောက်ပြန်ဆုတ်တာတွေလည်း ရှိပါတယ်။ အခြေအနေက ငြိမ်မနေတာကို လက်ခံပါတယ်။ ရိုဟင်ဂျာကိစ္စကို အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို မြန်မာအာဏာပိုင်တွေနဲ့ တိုင်ပင်နေပါတယ်။ ဆက်ပြီးတော့လည်း ညှိနှိုင်းနေပါတယ်။ အခြေအနေတွေကို အတွင်းရေးမှူး ချုပ်ရော အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာနမ်ဗီယားကပါ စိုးရိမ်ပူပင်နေပါတယ်။”

    နိုင်ငံတကာအနေနဲ့ကတော့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဘက်မှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းနေတာပါ။ ဒါပေမဲ့လည်း ဒီကိစ္စဟာ ရခိုင်ပြည်နယ်ထဲက ကိစ္စရပ်တခုသာဖြစ်ပြီး နိုင်ငံတကာ စုံစမ်းရေးအဆင့်လုပ်ဖို့ မသင့်တော်ပါဘူးလို့ မြန်မာအာဏာ ပိုင်တွေ ဘက်က တုံ့ပြန်ခဲ့ပါတယ်။

    အကဲခတ်တွေကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အရင်းအမြစ်ကျတဲ့ နောက်ကွယ်က အကြောင်းရပ်ကို ပထမဆုံး ဖြေရှင်းသင့်တယ်ဆိုပြီး အကြံပြုမှုတွေလည်း ရှိပါတယ်။ နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာတဲ့ International Crisis Group ရဲ့ သုတေသီ Jim Della-Giacoma ကတော့ OIC က အခုလို ဆုံးဖြတ်လိုက်တာကိုကြည့်ရင် ရိုဟင်ဂျာအရေး ကိစ္စဟာ နိုင်ငံ တကာ ပြဿနာရပ်တခုလို ဖြစ်လာတယ်လို့ ထောက်ပြပါတယ်။ မြန်မာအစိုးရအနေနဲ့ ပထမဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသား ပြဿနာဖြစ်တယ်လို့ သူက မြင်ပါတယ်။

    “ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိနေတဲ့ အခြေခံကျတဲ့ပြဿနာရပ်ကို မြင်ကြည့်နိုင်ဖို့ မြန်မာ အစိုးရ ကို ဖျောင့်ဖျ တွန်းအားပေးရမယ်ထင်ပါတယ်။ ဒါကတော့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ကိစ္စပါ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ အစိုးရရဲ့မူဝါဒကြောင့် ဒီလူတွေ နိုင်ငံသားဖြစ်နေကြရတာပါ။ ဒီ အခြေအနေကို ပြောင်းပစ်ဖို့က အရေးအကြီးဆုံး ပထမ အဆင့်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ နိုင်ငံသားဖြစ်ခွင့် အချက်ကို လက်ခံ အသိအမှတ်ပြုလိုက်ခြင်း အားဖြင့်သာ မြန်မာနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံ နိုင်ငံဖြစ်တယ်၊  ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ လူနည်းစုတွေ အတွက်လည်း နေရာရှိတယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရက လက်ခံ ပြသရာရောက် မှာပါ။”

    ဗွီအိုအေ မြန်မာပိုင်း မြန်မာသမ္မတဦးသိန်းစိန်တို့ သီးခြားတွေ့ဆုံမေးမြန်းခန်းမှာတော့ ရိုဟင်ဂျာအရေး ကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ဒီလူမှုအသိုင်းအ၀ိုင်းရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့လိုမယ်လို့ သူ့ သဘောထားကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေမှာ ဘာသာရေးအခြေခံတဲ့ကျောင်းတွေပဲ ရှိတယ် လို့ ထောက်ပြပါ တယ်။ ICG သုတေသီ Giacoma ကတော့ ပညာရေးဟာ ဖြေရှင်းရမယ့် အစိတ် အပိုင်းတခုဖြစ်တယ်လို့ လက်ခံပါတယ်။ ရိုဟင်ဂျာတွေဟာ ဟိုးအရင် ကတည်းက အဆင့်မြင့်ပညာ တက်ခွင့်မရတာမို့ ပညာရေးအရ ပိတ်ပင်ခံရတာတွေရှိခဲ့တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် အရင်ဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသားဖြစ်မှု ကိစ္စပဲဖြစ်တယ်လို့ပဲ ထပ်ပြောပါတယ်။

    ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ ဆက်စပ်နေပါတယ်။ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမ၀င် ၀င်ရောက်လာသူတွေဖြစ်တယ်လို့ မြန်မာ ဘက်က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီလူတွေကို လက်ခံဖို့ ငြင်းပယ်နေ တာကြောင့် ရိုဟင်ဂျာတွေဟာ လက်ရှိအထိ နိုင်ငံမဲ့ဖြစ်နေသူတွေလို့ ဆိုရမှာပါ။

  • ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှ INGO ၀န်ထမ်း(၁၀)ဦးအား ပြန်လွှတ်ပေး

    ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှ INGO ၀န်ထမ်း(၁၀)ဦးအား ပြန်လွှတ်ပေး

    မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

    သြဂုတ်၊၁၆၊၂၀၁၂

    Myit Makha Mediagroup

    ရခိုင်အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့်အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့စည်း(INGO) များမှ ဝန်ထမ်း(၁၀)ဦးကို ဇွန်လအတွင်းက ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့ စစ်တွေမြို့နယ် တရားရုံး၊ဘူးသီးတောင်မြို့နယ်တရားရုံး၊   မောင်တောမြို့နယ် တရားရုံးတို့တွင်ဖမ်းဆီးထားသည့် INGO ၀န်ထမ်းများအား စီရင်ချက်ချပြီးနောက်ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။


    ဖမ်းဆီးခံထားရသည့် AZGအဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်တို့ကိုယနေ့ မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခွဲတွင် စစ်တွေ အကျဉ်းထောင်မှလွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
    စစ်တွေ အကျဉ်းထောင်မှ AZGဝန်ထမ်းဦးကျော်လှအောင်နှင့်ဦးဝင်းနိုင်တို့ကို စစ်တွေမြို့နယ် တရား ရုံးမှ စီရင်ချက်ချပြီးနောက် နေ့လည်နှစ်နာရီကျော်တွင် စစ်တွေအကျဉ်းထောင်မှလွှတ်ပေး လိုက်ခြင်း ဖြစ်သည်။


    အဆိုပါ ဝန်ထမ်းများအားတရားရုံးက လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ရခိုင်ပြည်နယ်သတင်းနှင့်   ပြန်ကြားရေးနှင့်မှတ်တမ်းစုဆောင်းရေးဆပ်ကော်မတီဥက္ကဋ္ဌရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက ယခုကဲ့သို့ဆိုသည်။“ကင်တားနားမြန်မာနိုင်ငံကပြန်လည်ထွက်ခွာတဲ့အခါINGOတာဝန်ထမ်းဆောင်တဲ့ပြည်တွင်း အမှုထမ်း များကို ပြန်လွှတ်ပေးရန်တောင်းဆိုချက်ပါရှိကြောင်းကို သတိထားမိပါတယ်။  ထိုအချက်အပေါ်နိုင်ငံတကာကသော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂကိုသော်လည်းကောင်းအလေးထားခဲ့ခြင်းနဲ့ သက်ဆိုင်တဲ့ သဘောဖြစ်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။
    ရခိုင်အရေးခင်းတွင်  ပါဝင်ပတ်သက်ခဲ့သည့်  INGOမှ ဝန်ထမ်းများအား  ပုဒ်မ၁၅၃-က၊၄၃၆၊ ၁၄၈၊၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ (၅) ည တို့ဖြင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အား  စစ်တွေမြို့နယ် တရားရုံး၊မောင်တောမြို့နယ်တရားရုံး၊ ဘူးသီးတောင်မြို့နယ် တရား ရုံးတို့တွင်အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ရခိုင်ပြည်နယ်အရေးအခင်းတွင် UNHCRမှ ဝန်ထမ်းငါးဦး၊ AZG မှ တစ်ဦး၊ WFPမှတစ်ဦး  တို့အား ဇွန်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

     

  • စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ

    စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ

    သြဂုတ်၊ ၁၆၊ ၂၀၁၂၊
    ဘီဘီစီ မြန်မာပိုင်း

    စစ်တွေ မြို့ပြင် ဒုက္ခသည်စခန်းမှ မွတ်စလင်မ်များ

    ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းက ဟိန္ဒူ မိသားစု ၁၈ စု လူ ၁၀ဝ နီးပါးကို မနေ့က မြို့ထဲ ပြန်ရွှေ့ ပေးခဲ့တယ်လို့ သိရပါတယ်။စစ်တွေမြို့ အခြေအနေ တည်ငြိမ်လာလို့ ဒုက္ခသည် စခန်းမှာ နေကြတဲ့ ရခိုင်မိသားစု တချို့လည်း အိမ်ပြန်နေ ကြတယ်လို့ သိရပါတယ်။

    အဲဒီ ဟိန္ဒူ မိသားစုတွေဟာ အရင်က စစ်တွေ နာဇီရွာ မှာ ရခိုင်၊ မရမာကြီး၊ မွတ်ဆလင် တွေနဲ့ ရောနှော နေထိုင်ခဲ့ကြပြီး ရပ်ကွက် မီးရှို့ ခံရပြီးနောက် မြို့ပြင်က ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့ ခံရပါတယ်။

    မွတ်ဆလင် ဒုက္ခသည်တွေ ခုချိန်ထိ သဲချောင်း ဒုက္ခသည် စခန်းမှာ နေနေကြတုန်း ဖြစ်ပေမယ့် သူတို့အတွက်လည်း အစိုးရ က အစီအစဉ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။

    စစ်တွေမှာ အရင်က ညနေ ၆ နာရီက နံနက် ၆ နာရီထိ မထွက်ရ အမိန့် ထုတ်ထားရာ ကနေ အခု ညနေ ၇ နာရီက မနက် ၅ နာရီ ထိ ၂ နာရီ လျှော့ချလိုက် ပါတယ်။

    စစ်တွေ အခြေအနေ တည်ငြိမ်လာတဲ့ အတွက် ကျောင်းတွေ၊ ဈေးတွေလည်း ပြန်ဖွင့်နိုင် ခဲ့ပါတယ် ။

  • မြန်မာအစိုးရကို OIC တိုက်တွန်း

    မြန်မာအစိုးရကို OIC တိုက်တွန်း

    သြဂုတ်၊ ၁၄၊ ၂၀၁၂

    RFA မြန်မာပိုင်း

    မြန်မာနိုင်ငံတွင်းရှိ လူမျိုး ဘာသာအားလုံးအတွက် အကျုံးဝင်မယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နာလန်ထူရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တိုက်တွန်း လိုက်ပါတယ်။

    ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ သွားရောက်လေ့လာခဲ့သော တူရကီနိုင်ငံခြားရေးဝန်ကြီးကို OIC အစည်းအဝေးတွင် တွေ့ရပုံ

    ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah မြို့မှာ ကျင်းပတဲ့ OIC အဖွဲ့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးက ဒီကနေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက် မူကြမ်းမှာ အဲဒီလို ဖော်ပြထားတယ်လို့ သိရပါတယ်။

    အဲဒီ OIC အဖွဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေကို သွားရောက် လေ့လာခဲ့တဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

  • နမ်ဘီယာမှ မြန်မာအစိုးရလုပ်ဆောင်ချက် ကို ကြေငြာချက်ထုတ်ပြီး ကြိုဆို

    နမ်ဘီယာမှ မြန်မာအစိုးရလုပ်ဆောင်ချက် ကို ကြေငြာချက်ထုတ်ပြီး ကြိုဆို

    သြဂုတ်၊ ၁၅ ရက်၊ ၂၀၁၂

    RFA မြန်မာပိုင်း

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)

    မြန်မာအစိုးရက တူရကီ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ လတ်တလောနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ လှုဒါန်းခွင့်ပြုခဲ့တာဟာ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေကို သက်သာစေတဲ့အတွက် မြန်မာအစိုးရရဲ့အရေးပါတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu သွားရောက်ခဲ့တဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

    အဲဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာ ကျပါလိမ့်မယ်လို့ Vijay Nambiar က ပြောဆိုလိုက်ပါတယ်။