News @ M-Media

Tag: Rakhine State

  • မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုရှိသည်ဆိုသည့် စကားအတွက် ဒူတာတေး ပြန်တောင်းပန်

    မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှုရှိသည်ဆိုသည့် စကားအတွက် ဒူတာတေး ပြန်တောင်းပန်

    ဧပြီ ၁၃၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်နေတယ်လို့ ပြောဆိုမိတဲ့အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့မှာ ပြန်တောင်းပန်လိုက်ပြီး ရိုဟင်ဂျာတွေကို မကူညီတဲ့ အနောက်နိုင်ငံတွေအပေါ် သရော်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် ထွက်ပြေးခဲ့ရပြီး ကုလက ဒါဟာ လူမျိုးစုလိုက် သုတ်သင်မှုဖြစ်တယ်လို့ သမုတ်ထားပါတယ်။

    ဒူတာတေးက မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားမယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့တာပါ။ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒူတာတေးဟာ စည်းစောင့်သူတစ်ဦးမဟုတ်ဘဲ မြန်မာနိုင်ငံအကြောင်းလည်း ဘာမှမသိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ဒီကနေ့ သတင်းထောက်တွေကိုပြောကြားမှုမှာ ဒူတာတေးက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ သူ့အနေနဲ့ ၀င်ရောက်စွက်ဖက်တာမဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

    “ခင်ဗျားကို ကျွန်တော် တောင်းပန်မှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပြောကြားမှုဟာ ပြက်ရယ်ပြုမှုဖြစ်တယ်ဆိုတာကို ခင်ဗျား သိလောက်မှာပါ။ ခင်းရဲ့(ပြည်တွင်းရေးမှာ) ၀င်စွက်ဖို့ ကျွန်တော် အဆင်သင့်မဖြစ်သေးပါဘူး”

    ဖိလစ်ပိုင်နဲ့ မြန်မာတို့ဟာ အိမ်နီးချင်းတွေရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ရဆိုတဲ့ ကတိရှိတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။

    ဒူတာတေးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်ပုံတစ်ခေါင်းရှိနေတယ်လို့ပြောပြီး ရိုဟင်ဂျာတွေကို ဘာမှ ကူညီမပေးတဲ့ အနောက်အင်အားကြီးနိုင်ငံတွေကို ဝေဖန်လိုတဲ့အတွက် ရိုဟင်ဂျာတွေကို လက်ခံမယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

    “စစ်ပွဲရဲ့သားကောင် ဖြစ်နေတဲ့သူတွေကို ခဏလောက်ဖြစ်ဖြစ် ကယ်တင်ထားဖို့ ခင်ဗျားတို့မှာ အစီအစဉ်မရှိဘူးလား” လို့ ဥရောပနိုင်ငံတွေကို ရည်ညွှန်းပြီး ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်တွေကို ယာယီကယ်တင်ထားဖို့ အဲဒီနိုင်ငံတွေကို တိုက်တွန်းခဲ့ပြီး၊ သူ့အနေနဲ့ ဒီလိုကယ်တင်ထားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “လူသားဆန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ တာဝန်တွေကို မျှဝေယူဖို့ ကျွန်တော် အဆင်သင့်ရှိနေပါတယ်”

    Ref: Reuters

  • ရိုဟင်ဂျာများ ထွက်ပြေးရသည့်ကိစ္စ ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိ၊ မရှိ ဆန်းစစ်မည်

    ရိုဟင်ဂျာများ ထွက်ပြေးရသည့်ကိစ္စ ICC ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိ၊ မရှိ ဆန်းစစ်မည်

    ဧပြီ ၁၀၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် သားအမိ

    – ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာနဲ့ ပတ်သက်တဲ့ကိစ္စဟာ မိမိတို့ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း ရှိနေလားဆိုတာကို ဆန်းစစ်ဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက သူ့အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

    ဆန်းစစ်မှုအတွင်း တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ အဖြေထွက်လာရင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်နိုင်တဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရမှုကို စုံစမ်းစစ်ဆေးဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

    မနေ့ကထုတ်ပြန်ချက်မှာ ဘန်ဆူဒါက ‘မြန်မာနိုင်ငံမှာ ဥပဒေနဲ့ညီစွာ ရှိနေကြတဲ့ ရိုဟင်ဂျာ ၆ သိန်း ၇ သောင်းလောက်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက နိုင်ငံတကာနယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခံခဲ့ရတယ်ဆိုတာကို ခိုင်မာအားကောင်းတဲ့ သတင်းတွေက ဖော်ပြနေပါတယ်’ လို့ ပြောထားပါတယ်။

    ICC က တရားသူကြီးတွေအနေနဲ့ ဒီကိစ္စဟာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိမလားဆိုတာကို ဆန်းစစ်ဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒါဟာ စုံစမ်းစစ်ဆေးဖို့၊ လိုအပ်ရင် တရားစွဲသွားဖို့ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်မဟုတ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာကိစ္စဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိနေလားဆိုတာ မရေမရာ ဖြစ်နေတာပါ။

    ဘန်ဆူဒါက ဒီကိစ္စဟာ နယ်စပ်ဖြတ်ကျော်မောင်းထုတ်တဲ့ ရာဇ၀တ်မှုဖြစ်တာကြောင့် ICC ရဲ့ တရားရေးအရ ဆောင်ရွက်မှုတွေဟာ ချမှတ်ထားတဲ့ တရားရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ညီလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မောင်းထုတ်မှုဆိုင်ရာ ရာဇ၀တ်မှုရဲ့ အဓိပ္ပါယ်၊ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့် အကန့်အသတ်တွေနဲ့ပတ်သက်ပြီး မသေချာဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။

    သူရဲ့ပြောကြားမှုတွေကို ကြားနာဖို့အတွက် အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒီလို တိုက်တွန်းဆော်သြတာမျိုးဟာ ICC အတွက် ပထမဆုံး ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ရိုဟင်ဂျာများ ပြန်လက်ခံရေး မြန်မာဖက်က အဆင်သင့်မဖြစ်သေးဟု ကုလအကြီးအကဲပြော

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသည့် မူလာ

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာနိုင်ငံဟာ အဆင်သင့်မဖြစ်သေးဘူးလို့ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး အူရ်ဆူလာ မူလာက ပြောကြားလိုက်ပါတယ်။

    “လူတွေထံကနေ ကျွန်မ မြင်ရတာ၊ ကြားရတွေကိုပြောရရင် ကျန်းမာရေးစောင့်ရှောက်မှု မရဘူး၊ ကာကွယ်ပေးပါ့ မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ ဆက်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်။ လူတွေပြန်လာလို့ရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး” လို့ သူမက ဆိုပါတယ်။

    မူလာဟာ မြန်မာနိုင်ငံကိုလာရောက်ကာ ရခိုင်ဒေသအပါအ၀င် နိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေ၊ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူတွေရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုခဲ့တာပါ။

    မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မူလာရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်ခြင်း မရှိသေးပါဘူး။

    နိုဝင်ဘာလအတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာ နေရပ်ပြန်လာနိုင်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအစိုးရက အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

    ဇန်န၀ါရီလမှာလည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ၂ နှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်ဖို့ ထပ်မံသဘောတူခဲ့ကြပါတယ်။

    မြန်မာတာဝန်ရှိသူတစ်ဦးက သူတို့အနေနဲ့ အခုအထိ ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေကို အတည်ပြုထားပြီး ပထမဆုံးအသုတ် နေရပ်ပြန်လာသူတွေ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    မူလာဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရဆုံး ဒေသတွေကို သွားရောက်ခွင့်ရခဲ့ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွေက ၀န်ကြီးတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ ကော့ဇ်ဘဇားက ဒုက္ခသည်တွေ နေရပ်ပြန်လာမှုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒ၊ ဂုဏ်သိက္ခာရှိစွာဖြစ်ဖို့နဲ့ ဖြေရှင်းမှုတွေ ရေရှည်တည်တံ့ဖို့ (မြန်မာအာဏာပိုင်တွေကို) ကျွန်မ တောင်းဆိုခဲ့ပါတယ်” လို့ မူလာက ရန်ကုန်မြို့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကိုလာမည်

    ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာနိုင်ငံကိုလာမည်

    ဧပြီ ၁၊ ၂၀၁၈
    M-Media

    အူရ်ဆူလာ မူလာ

    – ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးဖြစ်ပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းဆွေးနွေးရေးမှူး အူရ်ဆူလာ မူလာဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

    ခရီးစဉ်အတွင်း မူလာဟာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သွားရောက်ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးနည်းလမ်းတွေ တိုးတက်စေဖို့အတွက် သက်ဆိုင်သူတွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

    ကွင်းဆင်းကြည့်ရှုမှုအပြင် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အစိုးရတာဝန်ရှိသူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ထိခိုက်ခံစားရတဲ့ ပြည်သူလူထုတွေနဲ့လည်း သူမက တွေဆုံဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံခရီစဉ်ပြီးရင် မူလာဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ကာ အာဆီယံ-ကုလ နှစ်ပတ်လည် ဒေသတွင်း အစည်းအဝေးကို တက်ရောက်မှာဖြစ်သလို့ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

    Ref: ReliefWeb