ဧပြီ ၁၀၊ ၂၀၁၈
M-Media

– ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာနဲ့ ပတ်သက်တဲ့ကိစ္စဟာ မိမိတို့ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း ရှိနေလားဆိုတာကို ဆန်းစစ်ဖို့အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အကြီးအကဲ ဖာတူ ဘန်ဆူဒါက သူ့အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။
ဆန်းစစ်မှုအတွင်း တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ အဖြေထွက်လာရင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်နိုင်တဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီ ထွက်ပြေးရမှုကို စုံစမ်းစစ်ဆေးဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။
မနေ့ကထုတ်ပြန်ချက်မှာ ဘန်ဆူဒါက ‘မြန်မာနိုင်ငံမှာ ဥပဒေနဲ့ညီစွာ ရှိနေကြတဲ့ ရိုဟင်ဂျာ ၆ သိန်း ၇ သောင်းလောက်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက နိုင်ငံတကာနယ်နမိတ်ကိုကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခံခဲ့ရတယ်ဆိုတာကို ခိုင်မာအားကောင်းတဲ့ သတင်းတွေက ဖော်ပြနေပါတယ်’ လို့ ပြောထားပါတယ်။
ICC က တရားသူကြီးတွေအနေနဲ့ ဒီကိစ္စဟာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိမလားဆိုတာကို ဆန်းစစ်ဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒါဟာ စုံစမ်းစစ်ဆေးဖို့၊ လိုအပ်ရင် တရားစွဲသွားဖို့ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံက အဖွဲ့ဝင်မဟုတ်တဲ့အတွက်ကြောင့် ရိုဟင်ဂျာကိစ္စဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိနေလားဆိုတာ မရေမရာ ဖြစ်နေတာပါ။
ဘန်ဆူဒါက ဒီကိစ္စဟာ နယ်စပ်ဖြတ်ကျော်မောင်းထုတ်တဲ့ ရာဇ၀တ်မှုဖြစ်တာကြောင့် ICC ရဲ့ တရားရေးအရ ဆောင်ရွက်မှုတွေဟာ ချမှတ်ထားတဲ့ တရားရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ညီလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မောင်းထုတ်မှုဆိုင်ရာ ရာဇ၀တ်မှုရဲ့ အဓိပ္ပါယ်၊ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့် အကန့်အသတ်တွေနဲ့ပတ်သက်ပြီး မသေချာဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။
သူရဲ့ပြောကြားမှုတွေကို ကြားနာဖို့အတွက် အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ ဘန်ဆူဒါက တိုက်တွန်းခဲ့ပြီး ဒီလို တိုက်တွန်းဆော်သြတာမျိုးဟာ ICC အတွက် ပထမဆုံး ဖြစ်ပါတယ်။
Ref: Aljazeera