News @ M-Media

Tag: Rakhine State

  • ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ဟိန္ဒူများအား သတ်ဖြတ်မှုကို လူ့အခွင့်အရေးအဖွဲ့ ဖော်ထုတ်

    မေ ၂၃၊ ၂၀၁၈
    M-Media

    ရခိုင်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်များ

    – ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ရရှိခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာပဲ ARSA ဟာ မောင်တောမှာ ဟိန္ဒူ ၉၉ ယောက်လောက်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

    ဒါဟာ ARSA ရဲ့ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး ပထမဆုံး သုတေသနပြုထုတ်ပြန်ချက်ဖြစ်ပါတယ်။

    AI က တာဝန်ရှိသူ တီရာနာ ဟာဆန်က သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ တွေ့ဆုံမေးမြန်းခဲ့သူတွေမှာ အထင်းသားပေါ်လွင်နေတဲ့ ARSA ရဲ ကြမ်းကြုတ်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အရေးယူဖို့ အရေးကြီးသလိုပဲ ARSA ရဲ့ ဒီရက်စက်မှုတွေကို အရေးယူရပါမယ်”

    ဟိန္ဒူအရပ်သားတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုပြီး အရင်က မြန်မာစစ်တပ်ရဲ့ ပြောကြားမှုတွေကို ARSA အဖွဲ့က ငြင်းဆိုထားတာပါ။

    မောင်တောသတ်ဖြတ်မှု

    အနောက်ခမောင်းဆိပ်ကျေးရွာမှာ ARSA ဟာ ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၆၉ ဦးကို ဖမ်းဆီးကာ အဲဒီအထဲက ၅၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Anmesty က ဖော်ပြထားပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ၈ ဦး အပါအ၀င် ကလေးငယ် ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၂၀ ပါဝင်ပါတယ်။ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၈ ဦးတို့ကတော့ လွတ်မြောက်ခဲ့ပါတယ်။

    အသက်ရှင်ကျန်ရစ်သူတွေက သူတို့ဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းမယ်လို့ ကတိပေးတဲ့အတွက် အသက်ဘေးက လွတ်မြောက်လာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်ပေးဆွဲခံခဲ့ရတယ်လို့ Amnesty ကို ပြောကြားခဲ့ ပါတယ်။

    Amnesty ကို ထွက်ဆိုခဲ့ကြသူတွေထဲမှာ အမျိုးသမီးအချို့က သူတို့ကိုသတ်ဖြတ်တာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေလို့ စောစောပိုင်းက ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပြောကြားချက်ကို ရုပ်သိမ်းကာ ရိုဟင်ဂျာလက်နက်ကိုင်တွေ သတ်ဖြတ်တာလို့ ပြန်လည် ထွက်ဆိုခဲ့ပါတယ်။

    ခမောင်းဆိပ်နားက ရဲဘောကျကျေးရွာမှာလည်း သြဂုတ် ၂၅ ရက်နေ့က ဟိန္ဒူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၄၆ ယောက် ပျောက်ဆုံးသွားခဲ့ပြီး သူတို့ရဲ့အလောင်းတွေကို မတွေ့ပေမယ့် ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပြီလို့ ကောက်ချက်ချခဲ့ပါတယ်။

    သြဂုတ်လ ၂၆ ရက်နေ့ မြို့သူကြီးရွာမှာ ဟိန္ဒူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာလည်း ARSA အဖွဲ့ ပါဝင်တယ်လို့ Amnesty အဖွဲ့က ပြောကြားခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပမာဏကို အတိအကျသိရှိနိုင်ဖို့အတွက် ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ အပါအ၀င် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို မြန်မာအစိုးရက ၀င်ခွင့်ပြုရမှာဖြစ်ကြောင်း၊ တစ်ဖက်ကကျူးလွန်မှုတွေကို လက်ညှိုးထိုးကာ နောက်တစ်ဖက်ကလည်း အဲဒီလိုကျူးလွန်မှုတွေ ထပ်လုပ်မယ်ဆိုရင် နှစ်ဖက်စလုံးကို ရှုတ်ချရမှာဖြစ်ကြောင်း Amnesty က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အမှန်တရားဖော်ထုတ်မှုအတွက် နောင်တမရဟု ဒုရဲမှူးဟောင်းပြော

    အမှန်တရားဖော်ထုတ်မှုအတွက် နောင်တမရဟု ဒုရဲမှူးဟောင်းပြော

    မေ ၉၊ ၂၀၁၈
    M-Media

    ရုံးထုတ်လာသည့် မိုးရန်နိုင်ကို တွေ့ရစဉ်

    – ရိုက်တာသတင်းထောက်တွေကို အကွက်ဆင်ဖမ်းတယ်လို့ ထုတ်ပြောမှုကြောင့် သူ့ကို ထောင်ချလိုက်တာဟာ ရဲတပ်ဖွဲ့ဝင်တွေ နောက်ထပ် အမှန်တရားမပြောရဲအောင် ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြောကြားလိုက်ပါတယ်။

    မိုးရန်နိုင်ဟာ ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုစဉ် အကျဉ်းသားဝတ်စုံ ၀တ်ထားပြီး၊ လက်ထိပ်နဲ့ ခြေချင်းတွေပါ ခတ်ထားတာကို တွေ့ခဲ့ရပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်အရပ်သားတွေကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုကို ဖော်ထုတ်တဲ့ ရိုက်တာသတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးတို့ကို အကွက်ဆင် ဖမ်းဆီးဖို့ ရဲချုပ်ကိုယ်တိုင်က စီစဉ်ခိုင်းခဲ့တယ်လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြီးခဲ့တဲ့လမှာ ထွက်ဆိုခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း သူ့မိသားစုဟာ နေပြည်တော် ရဲလိုင်းခန်းက နှင်ချခံခဲ့ရသလို မိုးရန်နိုင်ဟာလည်း ရဲတပ်ဖွဲ့ စည်းကမ်းပိုင်းဆိုင်ရာဥပဒေနဲ့ ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

    မိုးရန်နိုင်ကတော့ ဒီလိုထွက်ဆိုခဲ့မှုအတွက် နောင်တမရဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော့်ကို ထောင်ချလိုက်တာဟာ အမှန်တရားကို ဖော်ထုတ်ချင်တဲ့ အခြား ရဲတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အမှန်တရားတွေ ထောင်မကျဖို့ပဲလိုတယ်။ လုံးဝ နောင်တမရပါဘူး”

    မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ထိန်းသိမ်းခံလိုက်ရတာဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း ၀လုံးနဲ့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။

    ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်ရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ မိုးရန်နိုင်က သူနဲ့ ၀လုံးတို့ဟာ ရဲတပ်ဖွဲ့ဝင်းထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ၀လုံးဟာ ဘယ်လိုလျှို့ဝှက်အထောက်အထားကိုမှ တောင်းခံခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လက်အောက်ငယ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတွေကလည်း ၀လုံးဟာ ဘယ်လို လျှိုဝှက်စာရွက်စာတမ်းကိုမှ တောင်းခဲ့ခြင်းမရှိလို့ ဖြေကြားခဲ့ပါတယ်။

    သတင်းထောက်နှစ်ဦးရဲ့လက်ထဲကို ရဲတပ်ဖွဲ့က ထည့်ခဲ့တဲ့ စာရွက်စာတမ်းတွေဟာ အရင်တုန်းက ကိစ္စတွေကို ရေးသားထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ ကွန်ပျူတာအရာရှိက ထုတ်ပေးကာ အထက်အမိန့်နဲ့ ၀လုံးတို့ဆီ ပေးခဲ့တာဖြစ်တယ်လို့လည်း မိုးရန်နိုင်က ထွက်ဆိုခဲ့ပါတယ်။

    “မိုးယံနိုင်ထွက်ဆိုချက်အရ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ထောင်ဖမ်းခံလိုက်ရတယ်ဆိုတာကို ပြနေပါတယ်။ ကျွန်တော်တို့ ပိုပြီးတော့ မျှော်လင့်လို့ရပါပြီ” လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားခဲ့ပါတယ်။

    ဒုရဲမှူးဟောင်း မိုးရန်နိုင်တစ်ယောက် ဒီလို ထွက်ဆိုခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ၀လုံးနဲ့ ကျော်စိုးဦးတို့က ပြောကြားခဲ့ပါတယ်။

    Ref: Washington Post

  • ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ရိုဟင်ဂျားများခံစားရသည့် ကြမ်းကြုတ်မှုများကို လုံခြုံရေးကောင်စီအဖွဲ့အား ပြသမည်ဟု ဘင်္ဂလားဒေ့ရှ် ပြော

    ဧပြီ ၂၃၊ ၂၀၁၈
    M-Media

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်း

    – အခုလအကုန်ပိုင်း ကုလလုံခြုံရေးကောင်စီအဖွဲ့ လာရောက်တဲ့အခါမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သူတို့အစိုးရရဲ့ ဆောင်ရွက်ထားမှုတွေကို ပြသသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောကြားလိုက်ပါတယ်။

    လုံခြုံရေးကောင်စီအဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့က မေလ ၂ ရက်နေ့အထိ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လာရောက်ကာ ရိုဟင်ဂျာကိစ္စအတွက် အချက်အလက်တွေ ရှာဖွေသွားမှာ ဖြစ်ပါတယ်။

    ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က လုံခြုံရေးကောင်စီရဲ့ ဒီလိုလာရောက်မှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုအာရုံစိုက်လာစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ရန်ပုံငွေရရှိရေး အထောက်အကူ ဖြစ်လိမ့်မယ်လို့ အတွင်းရေးမှူးက မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

    လုံခြုံရေးကောင်စီရဲ့ အခုလိုသွားရောက်မှုဟာ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးအတွက် ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်တဲ့ ကော်မရှင်က ပေးထားအတဲ့ အကြံပြုချက်တွေကို မြန်မာအစိုးရက ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေပြီး အခြေအနေကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ဂူတာရက်စ်က မျှော်လင့်နေပါတယ်။

    ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်ကာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ၃၀ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ အပါအ၀င် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမှာပါ။

    မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်က အခြေအနေကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

    Ref: The Daily Star

  • ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုတွေ ပေါ်လာတာကြောင့် ဖိအားများလားတဲ့ မြန်မာနိုင်ငံက ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့

    ကြမ်းကြုတ်မှု၊ သတ်ဖြတ်မှုတွေ ပေါ်လာတာကြောင့် ဖိအားများလားတဲ့ မြန်မာနိုင်ငံက ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media


    – ထင်းခုတ်ဖို့ထွက်သွားတဲ့ လူငယ် ၃ ဦးဟာ ပြန်လမ်းမရှိခဲ့ပါဘူး။ ရက်နဲ့ချီ သောကရောက်ခဲ့ရတဲ့ သူတို့ရဲ့ မိ သားစုတွေဟာ ခပ်ဝေးဝေးက သေနတ်သံတွေကိုသာ ကြားခဲ့ရပါတယ်။

    နာရီပိုင်းအကြာမှာတော့ မိသားစုတွေဟာ အလျင်စလိုမြုပ်ထားတဲ့ ကိုယ်ခန္ဓာ အပိုင်းအစတွေကို တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံက တိုက်ပွဲတွေဖြစ်ပွားရာ ကချင်ပြည်နယ်မှာရှိတဲ့ Maikhawng ဒုက္ခသည်စခန်းက သူတို့နေထိုင်ရာ အိမ်နဲ့ ၅ မိုင်အကွာမှာပါ။

    ဒီသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်က စစ်သားတွေမှာ တာဝန်ရှိတယ်လို့ မိသားစုတွေက သံသယရှိနေကြပါတယ်။ ဒါပေမယ့် ကျူးလွန်သူတွေ အရေးယူခံရရေးကိုတော့ သူတို့ မမျှော်လင့်ပါဘူး။

    ပြီးခဲ့တဲ့တနင်္လာနေ့က ကုလရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က လုပ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အသေးစိတ်ဖော်ပြထားပြီး မြန်မာစစ်တပ်ဟာ ဒီစာရင်းမှာ ပထမဆုံး ထည့်သွင်းခံရတာ ဖြစ်ပါတယ်။ ကုလလုံခြုံရေးကောင်စီကို တင်သွင်းခဲ့တဲ့ ဒီအစီရင်ခံစာမှာ “ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို အရှက်တကွဲအကျိုးနည်းအောင်လုပ်ဖို့၊ အကြမ်းဖက်ဖို့နဲ့ သိမ်းကြုံအရေးယူဖို့ သူတို့ရဲ့ဗျူဟာမှာ ခြိမ်းခြောက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ထည့်ထားတာ” တွေ့ရကြောင်း ဖော်ပြထားပါတယ်။

    ဒါဟာ ပြည်တွင်းမှာ တပ်မတော်လို့ခေါ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုပုံစံဖြစ်ပြီး အရပ်သားတွေကို ပြန်ပေးဆွဲတာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို ဆယ်စုနှစ်ချီ ထပ်တလဲလဲ လုပ်ခဲ့ပေမယ့် အပြစ်ပေးအရေးယူမှုကို မခံရပါဘူး။

    ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ မတူတော့ပါဘူး။ (Maikhawng မှာ) သတ်ဖြတ်မှုအပြီး သိပ်မကြာခင်မှာ ရှေ့နေအဖွဲ့တစ်ခုဟာ ကျန်ရစ်သူ ဆွေမျိုးတွေနဲ့ တွေ့ဆုံခဲ့ပြီး သေမှုသေခင်း စုံစမ်းရေးအရာရှိကို မေးမြန်းဖို့နဲ့ အလောင်းခွဲစိပ်မှု ရလဒ်ကို တောင်းခံဖို့ တိုက်တွန်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရွက်တစ်ရွက်ရခဲ့ပြီး အဲဒီမှာ ဦးခေါင်းခွံကြေမွဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေ အကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။ ဒါဟာ စစ်သားတွေကျူးလွန်တဲ့ ရာဇ၀တ်မှုကို မသိပါဘူးလို့ တပ်မတော်ကို ငြင်းမရအောင် ဖြစ်စေခဲ့ပါတယ်။

    သတ်ဖြတ်မှုဖြစ်ပွားအပြီး ၇ လအကြာ ဇန်န၀ါရီလမှာ စစ်ခုံရုံးက ဒီကိစ္စအတွက် စစ်သား ၆ ဦးကို ထောင် ၁၀ နှစ်စီ ချခဲ့ပါတယ်။

    “ဒီ(အလောင်းခွဲစိပ်မှု) အစီရင်ခံစာသာ မရှိဘူးဆိုရင် စစ်သားတွေဟာ ပြစ်မှုထင်ရှားမှာ မဟုတ်ပါဘူး” လို့ Shingnip လို့ခေါ်တဲ့ ကချင်ဥပဒေရေးရာ အကူအညီပေးရေးကွန်ယက်က ဥက္ကဌ Kung Naung က ပြောကြားခဲ့ပါတယ်။

    စစ်တပ်ကို သွားထိလို့မရဘူးလို့ ယူဆထားတဲ့တိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ စစ်သားတွေထဲက လက်တစ်ဆုပ်စာလောက်ကို ရှေ့နေတွေကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ရှေ့နေ အယောက် ၂၀ လောက်ပါဝင်တဲ့ ဒီအဖွဲ့ဟာ အခမဲ့ ရှေ့လိုက်ပေးကြသလို သူတို့ ရဲ့ရုံးခန်းအဖြစ် အသုံးပြုတဲ့ သစ်သားအိမ်အတွက် အိမ်ငှားခကိုလည်း သူတို့ရဲ့ အိတ်ထဲက ကျခံသုံးစွဲကြပါတယ်။

    စစ်တပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား ၁၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ အပစ်ရပ်ရေး ကျိုးပျက်သွားပြီးတဲ့နောက် အစိုးရစစ်သားတွေက ကချင်ပြည်သူတွေအပေါ် ကျူးလွန်မှုတွေ မြင့်တက်လာပြီး သိပ်မကြာခင် ၂၀၁၁ ခုနှစ်မှာ Shingnip အဖွဲ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တည်ထောင်ခဲ့တာဖြစ်တယ်လို့ Khun Naung က ပြောပါတယ်။

    “ဘယ်သူမှ မထိရဲတဲ့ အမှုတွေအားလုံးကို သူတို့ ကိုင်တာဗျ” လို့ Maihkawng က အမှုကို စောင့်ကြည့်နေတဲ့ Fortify Rights ရဲ့ မြန်မာအခြေစိုက် သုတေသနပညာရှင် ဒေးဗ် ဘော့လ်က်က ပြောပါတယ်။

    စစ်တပ်ဟာ အရေးယူခံရမှုကနေ လွတ်မြောက်နေတာကို တိုက်ဖျက်ဖို့အတွက် ဒီကိစ္စဟာ ပထမခြေလှမ်းဖြစ်ပေမယ့် တကယ့်တရားမျှတမှုကို ရဖို့ကတော့ အလှမ်းဝေးနေသေးတယ်လို့ သူက ဆိုပါတယ်။ တစ်ချက်က ကြားနာမှုတွေကို လျှို့ဝှက် ဆောင်ရွက်နေတာကြောင့်ပါ။

    “တပ်မတော်ဟာ အသတ်ခံရသူတွေရဲ့ မိသားစုတွေကို ဘာမှ ပေးမသိဘဲ ၅ လလောက် ပစ်ထားခဲ့တယ်”

    အာဏာပိုင်တွေက ပြစ်ဒဏ်ချခံရသူတွေကို ဘယ်မှာချုပ်ထားသလဲဆိုတာ မပြောတာကြောင့် ဒီကိစ္စနဲ့ အခြားအမှုတွေမှာ စစ်သားတွေဟာ တကယ်ပဲ ထောင်ဒဏ်ကျခံရသလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

    ရဲတပ်ဖွဲ့ဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် Shingnip နဲ့ အခြားအဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးမှုဟာ ပဋိပက္ခဒေသတွေက ပြည်သူတွေအတွက် မစားဘဲစွန့်ရတဲ့ တာဝန်ခံမှုတစ်ခုပါ။

    Shingnip ဟာ ပြီးခဲ့တဲ့နှစ်မှာ စစ်သားတစ်ဦးကို လူသတ်မှုနဲ့ ထောင် ၂ နှစ်ကျသွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီစစ်သားဟာ မြစ်ကြီးနားကလမ်းပေါ် လူမြင်ကွင်းမှာပဲ Gum Seng Awng ဆိုတဲ့ ကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ မျက်မြင်သက်သေ တော်တော်များများက ဒီအကြောင်းပြောပြဖို့ တော်
    တော်ကြောက်နေတာပါ။ ဒါပေမယ့် Shingnip က သက်သေထွက်ဆိုပေးလို့ လူနှစ်ယောက်ကို ရှာနိုင်ခဲ့ပါတယ်။

    ထောင်ဒဏ် ၂ နှစ်ဆိုတာဟာ မိသားစုက မျှော်လင့်ထားတဲ့ ပြစ်ဒဏ်ထက် အများကြီးကို နည်းပါတယ်။ Shingnip ဟာ အဲဒီစစ်သားကို လူသာမှုနဲ့ တရားစွဲနိုင်ရေး အကြိမ်ကြိမ် ကြိုစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆောင်ရွက်မှုဟာ Gum Seng Awang သေဆုံးမှုကို ပုံပြောင်းတဲ့ကိစ္စမှာ ပါဝင်သွားတဲ့ သူ့သူငယ်ချင်းတွေ လွတ်မြောက်ဖို့ကို ဦးတည်ခဲ့ရပါတယ်။ စစ်တပ်က သူ့သူငယ်ချင်းတွေဟာ စစ်သားတွေဆီက သေနတ်ကို ခိုးပြီး ပစ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောကြားခဲ့ပြီး မျက်မြင်သက်သေတွေကတော့ ဒါဟာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    အခြားထွက်ဆိုမှုတွေကလည်း ယုံကြည်စရာ သိပ်မရှိပါဘူး။

    “သတင်းစာရှင်းလင်းပွဲမှာ စစ်သားတစ်ယောက်က သူဟာ ဒီလမ်းကြောင်းအတိုင်း စခန်းကို ပြန်လာပြီး လမ်းမှာ Gum Seng Awng က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်” လို့ Khun Naung က သူ့ရုံးန်းက ၀ှိုက်ဘုတ်မှာ အကြမ်းဆွဲထားတဲ့ မြစ်ကြီးနားမြေပုံကို ပြပြီး ပြောပါတယ်။

    ဒီလမ်းကြောင်းထက် ပိုပြီး တိုတဲ့လမ်းတွေရှိတာကြောင့် ဒီထွက်ဆိုချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ သူက ထပ်ပြောပါတယ်။

    “စစ်သားတွေက သူတို့နောက်လိုက်ပြီး ပြဿနာရှာတယ်ဆိုတာ ထင်ရှားပါတယ်”

    စစ်တပ်ဟာ တစ်ချို့အမှုတွေကိုသာရွေးပြီး ဘာ့ကြောင့် တရားစွဲဆိုတာလဲဆိုတာ မရှင်းပါဘူး။ ဒါပေမယ့် တက်ကြွလှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ ဂျာနယ်လစ်တွေရဲ့ အမှန်တရားဖော်ထုတ်မှုက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

    ကုလက လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ပြောကြားထားတဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးကို အစုလိုအပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့အတွက် စစ်သားနဲ့ အရာရှိ ၁၀ ဦးကို အခုလအစောပိုင်းမှာ စစ်တပ်က ထောင် ၁၀ နှစ်စီ ချခဲ့ပါတယ်။

    အဲဒီသတ်ဖြတ်မှုကို ရိုက်တာ သတင်းသမားနှစ်ဦးက ဖော်ထုတ်ခဲ့တာဖြစ်ပြီး သူတို့တွေကတော့ ထောင် ၁၄ နှစ်လောက် ကျခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။ အဲဒီအထဲက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ၀လုံးဟာ ၂၀၁၆ ခုနှစ်က ရှမ်းပြည်နယ်အရှေ့ပိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို သတင်းလိုက် ဖော်ထုတ်ခဲ့ပြီး အဲဒီအမှုအတွက် စစ်သား ၇ ဦး ထောင် ၅ နှစ်စီ ကျသွားခဲ့ပါတယ်။

    အဲဒီကိစ္စနှစ်ခုစလုံးမှာ စစ်တပ်ဟာ အရပ်သားတွေအပေါ် ကျူးလွန်နိုင်တဲ့ ဥပေဒတွေ၊ ပေါ်လစီတွေကို ပြောင်းလဲဖို့ ဘာမှ မလုပ်ခဲ့ဘူးလို့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးရေး ဆောင်ရွက်နေတဲ့ International Commission of Jurists က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေအကြံပေး ရှောင်ဘိန်းက ပြောကြားခဲ့ပါတယ်။

    ငြင်းလို့မရတဲ့ အထောက်အထားတွေ ပေါ်လာမှသာ တပ်မတော်ဟာ အဖတ်ပြန်ဆယ်ဖို့ သတ်ဖြတ်မှုတွေဖြစ်ခဲ့ကြောင်း ၀န်ခံတာလို့ သူက ဆိုပါတယ်။

    “ဒါတွေအားလုံးဟာ လူမြင်ကောင်းအောင် လုပ်တာမျိုးပါ”

    Ref: The Guardian

    ( The Guardian သတင်းဌာနတွင် ဖော်ပြထားသည့် ‘Untouchable’ Myanmar army under fire over torture and murder claims ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဒုရဲမှူးမိသားစုအား လိုင်းခန်းမှနှင်ချသည့်လုပ်ရပ် အမှန်မပြောရဲအာင် လုပ်ဆောင်မှုဟု ဝေဖန်ခံရ

    ဒုရဲမှူးမိသားစုအား လိုင်းခန်းမှနှင်ချသည့်လုပ်ရပ် အမှန်မပြောရဲအာင် လုပ်ဆောင်မှုဟု ဝေဖန်ခံရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး

    – ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့က အကွင်ဆင်ဖမ်းဆီးခဲ့တဲ့ကိစ္စကို ဖွင့်ချလိုက်တဲ့ ဒုရဲမှူးရဲ့ မိသားစုဟာ ရဲလိုင်းခန်းကနေ ဒီနေ့မှာ နှင်ချခံခဲ့ရပြီး ဒီလုပ်ရပ်အတွက် ပြည်သူတွေကြားထဲမှာ ဝေဖန်သံတွေလည်း ညံနေပါတယ်။

    သတင်းထောက်တွေဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ ဖမ်းဆီးခံခဲ့ရတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ထိန်းသိမ်းခံရတဲ့ ဒုရဲမှူး မိုးရန်နိုင်က ဒီသတင်းထောက်တွေကို လျှို့ဝှက် စာရွက်စာတမ်းတွေပေးပြီး ထောင်ဖမ်းဖို့ ရဲချုပ် တင်ကိုကို ကိုယ်တိုင်က စီစဉ်ခဲ့တာဖြစ်တယ်လို့ မနေ့ကရုံးချိန်းမှာ ပြောကြားခဲ့ပါတယ်။

    ဒုရဲမှူးမိုးရန်နိုင်တဲ့ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ဟာ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်နှစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းခဲ့မှုအတွက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

    မနေ့က ဒီလိုပြောကြားခဲ့ပြီးတဲ့နောက်ပိုင်း ဒုရဲမှူး မိုးရန်နိုင်ရဲ့ မိသားစုဟာ နေပြည်တော်က ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

    “ဒီမနက်မှာ ရဲအရာရှိတစ်ယောက်က ကျွန်မတို့ကို ဖုန်းခေါ်ပြီး လိုင်းခန်းကနေ ချက်ခြင်းဖယ်ရမယ်လို့ ပြောပါတယ်။ အထက်က အမိန့်လို့လည်း ပြောပါတယ်” လို့ ဇနီးဖြစ်သူ ဒေါ်သူက ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်ကို ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

    “ဒါက တော်တော်ဆိုးတဲ့လုပ်ရပ်ပါ။ ဒီတိုင်းပြည်မှာ အမှန်တရား ပြောလို့မရဘူးဆိုတာ အခြားရဲတပ်ဖွဲ့ဝင်တွေအတွက် ဒါက နမူနာပါပဲ” လို့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးဖြစ်တဲ့ ရောဘတ်စန်းအောင်က ပြောကြားခဲ့ပါတယ်။

    Ref: Wahington Post