News @ M-Media
Tag: Rakhine State
  • ဖမ်းဆီးခံ ရိုက်တာသတင်းထောက်များကို PEN America အဖွဲ့က ဂုဏ်ပြုဆု ချီးမြှင့်မည်
    ဖမ်းဆီးခံ ရိုက်တာသတင်းထောက်များကို PEN America အဖွဲ့က ဂုဏ်ပြုဆု ချီးမြှင့်မည်
    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media
    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံခံရမှုကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အတွက် မြန်မာအစိုးရရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို အမေရိကန်အခြေစိုက် လွတ်လပ်တဲ့ ထိပ်တန်း စာနယ်ဇင်းအဖွဲ့ PEN America က ဂုဏ်ပြုဆု ချီးမြှင့်မယ်လို့ သိရပါတယ်။
    ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့မှု၊ ပစ္စည်းတွေ လုယက်မှု၊ ရိုဟင်ဂျာ အရပ်သား ၁၀ ဦးကို သတ်ဖြတ်မြှုပ်နှံမှုတို့နဲ့ပတ်သက်ပြီး သတင်းရယူဖို့ ကြိုးစားနေစဉ်အတွင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
    သူတို့ကို အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်မယ့် ကိုလိုနီခေတ် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
    Pen America ကတော့ သူတို့နှစ်ယောက်ရဲ့ဒီလို ကြိုးပမ်းအားထုတ်မှုအတွက် မေလ ၂၂ ရက်နေ့မှာ PEN/Barbey Freedom to Write Award ဆု ချီးမြှင့်သွားမယ်လို့ အင်္ဂါနေ့က သူတို့ရဲ့ ၀ဘ်ဆိုက်မှာ ကြေငြာခဲ့ပါတယ်။
    Freedom to Write Award ဆုဟာ အမှန်တရားကို ဖော်ထုတ်ရေးသားတာကြောင့် ဖမ်းဆီးထောင်ချခံရတဲ့ ဂျာနယ်လစ်တွေ၊ စာရေးဆရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်ပြီး ၁၉၈၇ ခုနှစ်ကနေ ယနေ့အချိန်အထိ ၄၂ ဦးကို ချီးမြှင့်ထားပြီး ဖြစ်ပါတယ်။
    ဒီဆုဟာ ဖမ်းဆီးခံဂျာနယ်လစ်တွေ လွတ်မြောက်ရေး တွန်းအားပေးဖို့လည်း ရည်ရွယ်ပြီး ဆုချီးမြှင့်ခံရတဲ့ ၄၂ ဦးမှာ ၃၇ ဦးက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။
    PEN America အမှုဆောင်ဒါရိုက်တာ ဆူဇန်နီ နိုဆဲလ်က ဆုရတယ်ဆိုတဲ့ ဒီသတင်းဟာ ၀လုံးနဲ့ ကျော်စိုးဦးတို့ဆီကို ရောက်ရှိပြီး သူတို့ အားတက်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    “မြန်မာနိုင်ငံက လူမျိုးရေးအကြမ်းဖက်မှုဟာ လူမှုအသိုက်အ၀န်း၊ နိုင်ငံရေးအသိုက်အ၀န်းမှာ ရှုပ်ထွေးမှုကို ဖြစ်စေပြီး၊ အနာဂတ်နဲ့ နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာပျက်စရာ ဖြစ်စေပါတယ်။ ဒီအဖြစ်အပျက်တွေကို ဖျောက်ဖျက်လိုက်လို့ မရပါဘူး။ ၀လုံးနဲ့ ကျော်စိုးဦးတို့ဟာ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေပီပီ ဖျောက်ဖျက်ခံထားရတဲ့ အမှန်တရားတွေကို ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေအားလုံးထဲက မျက်မြင်သက်သေတွေကို သူတို့ အင်တာဗျူးတယ်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓာတ်ပုံအထောက်ထားတွေကို ရယူခဲ့ကြပါတယ်”
    ဖြစ်ခဲ့တယ်လို့ သတင်းထွက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖော်ထုတ်တဲ့အတွက် ၀လုံးနဲ့ ကျော်စိုးဦးတို့ကို ဖမ်းဆီးတရားစွဲဆိုလိုက်ခြင်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး တိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာကို သတိပေးနေတာဖြစ်ကြောင်း နိုဆဲလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    “ဒီလို ဘာမထီတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျွန်မတို့ ဂုဏ်ယူမိပြီး၊ ဒီဆုဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေအတွက် နိုင်ငံတကာရဲ့ စိုးရိမ်မှု လျှော့ချလို့မရဘူးဆိုတာကို သိသာတဲ့ မီးမောင်းထိုးပြမှုတစ်ခု ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”
    မြန်မာနိုင်ငံမှာ Freedom to Write Award ကို ရရှိခဲ့တဲ့ ဂျာနယ်လစ် ၄ ဦးရှိပြီး စစ်အာဏာရှင်လက်ထက်က ထောင်သွင်း အကျဉ်းချခံခဲ့ရသူတွေ ဖြစ်ပါတယ်။
    Ref: PEN America, Washingtonpost
  • ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း
    ရခိုင်တွင် ကျူးလွန်မှုများကို မြန်မာစစ်တပ်က တာဝန်ခံရေး ဆောင်ရွက်ရန် ကုလကို အမေရိကန် တိုက်တွန်း
    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈
    M-Media
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး
    – ရိုဟင်ဂျာတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရတာကို မြန်မာနိုင်ငံက ငြင်းဆိုနေတာဟာ ‘အလွန်အမင်း မိုက်မဲတဲ့’ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်က ပြောကြားလိုက်ပြီး ကျူးလွန်ခဲ့တာတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံရေး၊ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကြောက်မယ်ဖွယ်ရာ အခြေအနေတွေကို ၀န်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးရေး လုံခြုံရေးကောင်စီကိုလည်း တိုက်တွန်းခဲ့ပါတယ်။
    “မြန်မာအစိုးရထဲက အာဏာပါဝါရှိတဲ့ အင်အားစုတွေဟာ ရခိုင်ပြည်နယ်က လူမျိုးစုလိုက် ရှင်းလင်းသုတ်သတ်မှုကို ငြင်းဆိုထားပါတယ်။ သူတို့ရဲ့ ဒီမိုက်မဲတဲ့ ငြင်းဆိုမှုတွေနဲ့ ကွဲလွဲတဲ့စကားတွေ ထွက်မလာစေဖို့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြင်တွေ့သွားနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအပါအ၀င် ဘယ်သူ့ကို၊ ဘယ်အဖွဲ့အစည်းကိုမှ ရခိုင်ပြည်နယ်ကို ၀င်ရောက်ခွင့်မပေးတာ ဖြစ်ပါတယ်” လို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို သတင်းလိုက်တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။
    ကုလဆိုင်ရာ ပြင်သစ်သံအမတ် Francois Delattre က ရိုက်တာသတင်းဌာနကနေ ဖော်ထုတ်တဲ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုအဖြစ်’ သတ်မှတ်လို့ရနေပြီလို့ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရနဲ့ စစ်တပ်တို့က ငြင်းဆိုထားပါတယ်။
    လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ ရခိုင်ပြည်နယ်က အခြေအနေဟာ တည်ငြိမ်နေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ ကိစ္စတွေအတွက် စိုးရိမ်ကြောင်း ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ ကာဇက်စတန်နဲ့ ဆွီဒင်တို့ကလည်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
    Ref: Reuters
  • ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ၂ လအရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို သုံစွဲတာမျိုး၊ သူတို့အပေါ်မှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
    ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့နဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ ထိခိုက်ခံစားရမှုတွေအတွက် မျှတပြီး၊ တည်တံ့တဲ့ အဖြေတစ်ခုရမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : VOA
  • ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော
    ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ကိစ္စ သတင်းအမှန်မရောက်ဟု ထင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးပြော
    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈
    M-Media
    – ရိုဟင်ဂျာတွေရဲ့ ‘ကြောက်မက်ဖွယ် ထိခိုက်ခံစားရမှု အလုံးစုံကို’ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိမှသိပါ့မလားဆိုပြီး သံသယဖြစ်မိတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။
    “ကျွန်တော်တို့မြင်တွေ့ခဲ့ရတာတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်စီးပြီး ကြည့်ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုအပြီးမှာ ဂျွန်ဆင်က ပြောကြားခဲ့တာပါ။
    ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။
    မြန်မာအာဏာပိုင်တွေအပေါ် ယုံကြည်မှုရှိလားလို့ BBC သတင်းထောက် ရီတာ ချက်ကရာဘာတီက မေးမြန်းရာမှာ ဂျွန်ဆင်က “ပြောရရင် နိုင်ငံရေးသမားတွေနဲ့ နေပြည်တော်မှာ စကားပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတာကို နားထောင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကြောက်မယ်ဖွယ်ရာတွေ၊ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုသတင်းတွေ အားလုံး ဒေါ်အောင်ဆန်းစုကြည်ဆီရောက်တယ်လို့ ကျွန်တော်မထင်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    “ဒီလိုအနေအထားမျိုး ကျွန်တော့်သက်တမ်းတစ်လျှောက်လုံးမှာ မမြင်ဖူးပါဘူး။ ရာနဲ့ချီတဲ့ရွာတွေ မီးရှို့ခံရတယ်။ လုံးဝ ဖွတ်ဖွတ်ညက်ညက်ကြေသွားတဲ့ ကိစ္စမျိုးဖြစ်ပြီး လက်ရှိလိုအပ်နေတာက ဒီလူတွေ အိမ်ပြန်နိုင်ရေး ကုလအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ခေါင်းဆောင်မှုတစ်ခုပါ”
    စနေနေ့မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
    ဒုက္ခသည်တွေရဲ့ ‘ကြောက်မက်ဖွယ်ရာ အခြေအနေတွေအကြောင်း’ နဲ့ ‘သူတို့ရဲ့အနာဂတ်အတွက် အလွန်အမင်း စိုးရိမ်တဲ့အကြောင်း’ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့တဲ့လို့လည်း ဂျွန်ဆင်က ဆိုပါတယ်။
    “ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် ပြည့်ဝပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး မြန်မာအာဏာပိုင်တွေက ဆောင်ရွက်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ အရေးကြီးကြောင်း ကျွန်တော် အလေးထားပြောကြားခဲ့ပါတယ်”
    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြောက်ရွံ့မှုကင်းစွာ လွတ်လွတ်လပ်လပ် ပြန်လာနိုင်မယ့်၊ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို အလေးထားကြောင်း ပြသမယ့် အန္တရာယ်ကင်းတဲ့ နေရာတစ်ခုအဖြစ် ရခိုင်ပြည်နယ်ကို ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာလူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်မွန်နဲ့ အနာဂတ်မျိုး ဖော်ဆောင်ပေးဖို့အတွက် ယူကေရဲ့သြဇာကို ဆက်လက်အသုံးပြုသွားမယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
    မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျွန်ဆင်တို့ဟာ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ်အပါအ၀င် ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref : BBC