News @ M-Media
Tag: Rakhine State
  • မတူကွဲပြားမှုကို တန်ုဖိုးထားသော နိုင်ငံအဖြစ် တည်ထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
    မတူကွဲပြားမှုကို တန်ုဖိုးထားသော နိုင်ငံအဖြစ် တည်ထောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    Photo Credit – BBC
    – သံတမန်တွေကို အဓိကဦးတည်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မနက်မိန့်ခွန်းမှာ ရခိုင်ပြည်နယ်က အခြေအနေကို အဓိကထား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းရမှာ ပါဝင်ကူညီဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံခဲ့ပါတယ်။
    မိန့်ခွန်းအစမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့အစိုးရဟာ ရာစုနှစ်တစ်ဝက်လောက် အာဏာရှင် အုပ်စိုးမှုစနစ်ကို အမွေခံခဲ့ရပြီး လက်ရှိ ဒီမိုကရေစီဟာ မပြည့်စုံသေးတဲ့ ဒီမိုကရေစီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ရှုပ်ထွေးတဲ့နိုင်ငံတစ်ခုဖြစ်ပြီး မိမိတို့အစိုးရ သက်တမ်းဟာ ၁၈ လသာ ရှိသေးတဲ့အတွက် ဒီအချိန်အတွင်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်၍မရကြောင်း၊ ဒါပေမယ့် အစိုးရအနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း၊ အခု မိန့်ခွန်းဟာ မိမိတို့ရဲ့ အခက်အခဲတွေကို မိတ်ဆွေများကို တင်ပြပြီး မိမိတို့အပေါ် စာနာနားလည်စေဖို့ ပြင်ဆင်လာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    နောက်ပိုင်းမှာတော့ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အဓိကထား ပြောကြားသွားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်နေမှုကို မိမိတို့အနေနဲ့ ကြောက်ရွံ့နေမှာမဟုတ်ကြောင်း၊ ပြည်နယ်အတွင်းမှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြေလည်မှုရစေဖို့၊ လူ့အသိုင်းအ၀ိုင်းအားလုံးအတွက် ရေရှည်ခံတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နှစ်မြုပ်ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီတစ်ခု၊ ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန်ဦးဆောင်တဲ့ ကော်မရှင်တစ်ခုတို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဒီကော်မရှင်က တင်ပြတဲ့ အကြံပြုချက်တစ်ချို့ကို လက်ရှိမှာ ဆောင်ရွက်နေကြောင်း၊ တစ်ချို့အကြံပြုချက်တွေဟာ အချိန်ပေးပြီး ဆောင်ရွက်ရမှာဖြစ်ကာ အတတ်နိုင်ဆုံး မြန်မြန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ အခုနှစ် သြဂုတ်လတွေမှာ ရဲစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခိုက်မှုဟာ အချိန်တစ်ခုအထိ ရှိခဲ့တဲ့ တည်ငြိမ်အေးချမ်းမှု၊ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ဆီးစေပြီး အသက်ဆုံးရှုံးတာ၊ အိုအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဖြစ်လာကြောင်း၊ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အစိုးရဟာ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာခဲ့ကြောင်း၊ မိမိတို့အစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေပ အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေမှာ ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာဖို့၊ အပြစ်မဲ့ အရပ်သားတွေပါ ထိခို
    က်တာမျိုး မရှိအောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတိုင်ပင်ခံက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    မတည်ငြိမ်မှုကြောင့် ထွက်ပြေးရသူတွေရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်နဲ့ မွတ်စလင်တွေသာမကဘဲ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူတွေလို လူမျိုးစုငယ်လေးတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒါကို နိုင်ငံတကာသတင်းဌာနတွေက လစ်လျူရှုထားကြောင်း၊ အဲဒီလို ထွက်ပြေးရသူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတော့သလို၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလည်း မရှိတော့ပေမယ့် မွတ်စလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေဆဲဖြစ်ကြောင်း၊ သူတို့ ဘာ့ကြောင့် ဒီလိုထွက်ပြေးရတယ်ဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေရမှာဖြစ်ပြီး၊ ပြည်နယ်ထဲမှာ ကျန်နေတဲ့သူတွေကိုလည်း မေးမြန်းရမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က မွတ်စလင်အများစုဟာ ဒီလိုထွက်ပြေးထာမျိုးမလုပ်ဘဲ စုစုပေါင်း လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ နဂိုနေရာမှာပဲ ရှိနေကြောင်း၊ မိမိတို့အနေနဲ့ ပြဿနာတွေကိုသာမကဘဲ ပြဿနာမဖြစ်တဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ကြောင်း၊ ပြဿနာမဖြစ်ဘဲ ကျန်နေသေးတဲ့ မွတ်စလင်တွေဆီ အစိုးရနဲ့အတူ လေ့လာဖို့ ဖိတ်ခေါ်ကြောင်း၊ အဲဒီအတွက် ခရီးသွားဖို့ စီစဉ်ပေးမှာဖြစ်ပြီး ဘာဖြစ်လို့ ထွက်မပြေးတာလဲဆိုတာ မေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ လူမှုဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို မိမိတို့အနေနဲ့ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အလုပ်အကိုင်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ အခြေခံအဆောက်အဦးတည်ဆောက်ရေး လုပ်ဆောင်ပေးနေပြီး ပညာရေး၊ အသက်မွေးဝမ်းကြောင်းအတတ်ပညာနဲ့ ကျန်းမာရေးမှာလည်း ခွဲခြားမှုမရှိဘဲ မွတ်စလင်တွေ ရယူခံစားခွင့်ရှိနေကြောင်း၊ နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ထပ်မံပေးသွားဖို့ စီစဉ်နေတယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။
    နိုင်ငံသားစီစစ်ရေးလုပ်ငန်းအတွက် အချိန်တစ်ခုသတ်မှတ်ကာ ဆောင်ရွက်နေပြီး၊ မွတ်စလင်ခေါင်းဆောင်တစ်ချို့ဟာ ဒီလိုစီစစ်ရေးလုပ်ငန်းကို လက်မခံတာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ သူတို့ကို ဖျောင်းဖျပေးမယ်ဆိုရင် မိမိတို့အနေနဲ့ ကျေနပ်မှာဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတွေ သဟဇာတ ဖြစ်စေရေးအတွက် ဘာသာပေါင်းစုံအဖွဲ့က ဆောင်ရွက်ပေးနေကြောင်း၊ သတင်းအချက်အလက် ရရှိဖို့အတွက် ရခိုင်၊ ဘင်္ဂါလီနဲ့ မြန်မာဘာသာစကားတွေနဲ့ FM ရေဒီယို ထုတ်လွှင့်ပေးနေကြောင်း၊ အီးယူ၊ ကုလအေဂျင်စီတွေနဲ့ပူးပေါင်းပြီး လုံခြုံရေးတပ်ဖွဲ့တွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနေကြောင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းအေဂျင်စီတွေကိုလည်း ရခိုင်ဒေသမှာ သတင်းယူနိုင်ဖို့အတွက် လုပ်ဆောင်ပေးနေပြီး၊ ပြဿနာကို ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးနဲ့လည်း မိမိတို့ဟာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဒုက္ခသည်တွေကို ပြန်လည်စီစစ်လက်ခံရေးကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံက သဘောတူညီချက်တွေနဲ့ ဆောင်ရွက်ခဲ့ပြီး အခုအချိန်မှာလည်း ဒီလို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
    မိန့်ခွန်းနောက်ဆုံးမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ပိုမိုပါဝင်နိုင်ပြီး ပါဝင်ဖို့လည်း ဖိတ်ခေါ်ကြောင်း၊ မိမိတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုစေချင်ကြောင်း၊ ဒုက္ခသည်တွေ ထွက်ပြေးနေရတာ၊ ရွာတွေ မီးလောင်တာ စတင်တဲ့ သတင်းတွေကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မိတ်ဆွေတွေရဲ့ စိုးရိမ်မှုကို မိမိနားလည်းပါကြောင်း၊ မိမိတို့အနေနဲ့လည်း ဒီကိစ္စတွေအတွက် စိုးရိမ်မိပြီး စွပ်စွဲချက်တွေ၊ တန်ပြန်စွပ်စွဲချက်တွေအတွက် အဖြေရှာချင်ကြောင်း၊ အထောက်အထားခိုင်လုံမယ်ဆိုရင် ဘာသာ၊ လူမျိုး မခွဲခြားဘဲ အရေးယူသွားမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့အတွက် ပေါ်ထွက်လာတဲ့ အစိုးရဖြစ်ပြီး အုပ်စုတစ်ခုအတွက်မဟုတ်ဘဲ နိုင်ငံနယ်နိမိတ်အတွင်းမှာ နေထိုင်တဲ့ သူတွေအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်သွားမှာဖြစ်ကြောင်း ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးရပ်တည်ချက်တွေကိုလိုက်ပြီး သွေးကွဲနေတဲ့ တိုင်းပြည်မျိုးကို မလိုလားဘဲ မတူကွဲပြားမှုကို တန်ဖိုးထားကာ ဥပဒေစိုးမိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
  • ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို ရပ်တန့်ရမည်ဟု အိန်ဂျလီနာဂျိုလီ ပြော
    ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုကို ရပ်တန့်ရမည်ဟု အိန်ဂျလီနာဂျိုလီ ပြော
    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media
    – ဟောလီးဝုဒ်က နာမည်ကျော်သရုပ်ဆောင် အိန်ဂျလီနာ ဂျိုလီက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုကို ရှုတ်ချလိုက်ပြီး၊ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
    ဂျာမနီအပတ်စဉ်သတင်းစာ Welt am Sonntag နဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စမှာ နှုတ်ဆိတ်မနေဖို့လည်း ပြောကြားခဲ့ပါတယ်။
    “စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်ပစ်ရမယ်ဆိုတာ လုံးဝ ရှင်းပါတယ်။ ဒုက္ခသည်တွေ ပြန်လာမှုကို ခွင့်ပြုရမယ်၊ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး ပေးရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကိစ္စမှာ လူ့အခွင့်အရေးရဲ့အသံ ဖြစ်လာဖို့ ကျွန်မတို့အားလုံး ဆန္ဒရှိပါတယ်”
    သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၄ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးရတယ်လို့ ကုလက ပြောကြားထားပါတယ်။
    ဒီကစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝေဖန်မှုတွေကို ခံနေရပြီး နိုဘယ်ဆုရှင်တွေဖြစ်တဲ့ တောင်အာဖရိကဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ ပါကစ္စတန်က မာလာလာ၊ ဘင်္ဂလားဒေ့ရှ်က မိုဟာမက် ယူနွတ်စ်တို့ကလည်း နှုတ်ဆိတ်မနေဖို့ သူမကို တိုက်တွန်းခဲ့ပါတယ်။
    Ref: abc
  • IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း
    IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း
    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media
    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာရွာတစ်ရွာ မီးလောင်နေပုံ
    – ဆီးရီးယားမှာ IS နဲ့ သွားပေါင်းနေတဲ့ မလေးနိုင်ငံသားတွေဟာ ရခိုင်ပြည်နယ်က အဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီးတော့ လှုံ့ဆော်ကာ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ စင်ကာပူသတင်းဌာန The Straits Times က ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။
    ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက လက်ထောက်ဒါရိုက်တာ ဒါတွတ်ဆရီ အယွဘ် ခန်း မိုင်ဒင်း ပစ်ချေးက IS အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး လူသူစုဆောင်းဖို့အတွက် ရိုဟင်ဂျာပြဿနာကို အသုံးချနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
    ငြှင်းပမ်းနှိပ်စက်ခံရတဲ့၊ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းစာမျက်နှာတွေမှာ လွှင့်တင်ပြီး ဂရုဏာသက်အောင်လုပ်ကာ သူတို့အဖွဲ့ထဲ ၀င်ဖို့ သွေးဆောင်နေတယ်လို့လည်း ပစ်ချေးက ဆိုပါတယ်။
    “အင်ဒိုနီးရှားတွေဟာ သူတို့နိုင်ငံက စစ်သွေးလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ချေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်” လို့ မနေ့က IS Threat to Youths Awareness Seminar ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲမှာ သူက ပြောကြားခဲ့ပါတယ်။
    အဲဒီ နှီးနှောဖလှယ်ပွဲကို မလာကာပြည်နယ် ၀န်ကြီးချုပ် ဒါတွတ်ဆရီ အီဒရစ် ဟာရွန်က ဦးဆောင် ပြုလုပ်ခဲ့တာပါ။
    မြန်မာနဲ့ မလေးရှား နီးကပ်နေမှုဟာ IS တွေ သူတို့ရဲ့ သြဇာကို ရခိုင်မှာ ဖြန့်ကျက်နိုင်ရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်လို့လည်း ပစ်ချေးက ပြောပါတယ်။
    စက်တင်ဘာ ၁၀ ရက်နေ့မှာ မလာကာက လမ်းဘေးဈေးသည်တစ်ယောက်ကို IS အလံတွေ ပုံနှိပ်ဖြန့်ချီမှုနဲ့ ဖမ်းဆီးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဒီအမျိုးသားဟာ ဖိလစ်ပိုင်နဲ့ ရခိုင်တို့မှာ ဆောင်ရွက်မယ့် IS ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အတွက် စီစဉ်နေတယ်လို့ ပစ်ချေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အရှေ့တောင်အာရှမှာ လှုပ်ရှားနေတဲ့ IS အဖွဲ့ခေါင်းဆောင် မိုဟာမက် ၀မ်ဒီ ဂျီဒီ ဆီးရီးယားမှာ သေဆုံးသွားပေမယ့် ဒေသတွင်း IS ရဲ့ လူသူစုဆောင်းမှုဟာ ဆက်လက် ဖြစ်ပွားနေကြောင်း၊ လက်ရှိ ဆီးရီးယားမှာ ရောက်နေတဲ့ မလေးရှားနိုင်ငံသား ၄ ဦးဟာ မလေးနိုင်ငံသားတွေအကြား လူသစ်စုဆောင်းမှုတွေကို တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။
    Ref: Straitstimes
  • ရခိုင်ရှိ နှစ်ဖက်အသိုင်းအ၀ိုင်းကို စင်ကာပူက ကူညီထောက်ပံ့ပေးမည်
    ရခိုင်ရှိ နှစ်ဖက်အသိုင်းအ၀ိုင်းကို စင်ကာပူက ကူညီထောက်ပံ့ပေးမည်
    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media
    နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    – ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
    နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ဟာ သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    ရခိုင်အရေးနဲ့ပတ်သက်ပြီး စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံး အခြေအနေတွေ ပိုမိုဆိုးရွားစေမယ့် အပြုအမူတွေကို ထပ်မလုပ်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။
    မြန်မာနိုင်ငံရဲ့ အနီးကပ်မိတ်ဆွေနိုင်ငံအဖြစ် စင်ကာပူဟာ ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေအတွက် အကူအညီပေးအပ်ရး အာဆီယံအဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ အဖွဲ့အ၀င်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေကြောင်းလည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    Ref: CNA
  • ရခိုင်ပြဿနာကြောင့် ဥရောပသမဂ္ဂက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုခရီးစဉ်ကို ဖျက်သိမ်း
    ရခိုင်ပြဿနာကြောင့် ဥရောပသမဂ္ဂက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုခရီးစဉ်ကို ဖျက်သိမ်း
    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media
    – လတ်တလောမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှု လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရင်းနှီးမြုပ်နှံမှုကိစ္စအတွက် မြန်မာနိုင်ငံကိုလာမယ့် အစီအစဉ်ကို ဥရောပပါလီမန်က ကုန်သွယ်ရေးအဖွဲ့ Committee on International Trade က ဖျက်လိုက်ပါတယ်။
    အဖွဲ့အကြီးအကဲ ဘာရ်နဒ် လန်ဂီက ‘မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေက အီးယူ-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ဆွေးနွေးမှုမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းနေတာကြောင့် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းဖို့’ ကြာသာပတေးနေ့မှာ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
    “လက်ရှိအခြေအနေတွေကြောင့် မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်”
    မနေ့က မနက်ပိုင်းမှာလည်း ဥရောပပါလီမန်က ‘စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာလူမျိုးတွေကို သတ်ဖြတ်မှု၊ အရှက်ရအောင်လုပ်မှု၊ အဓမ္မကျင့်မှုတွေနဲ့ သူတို့ရဲ့ အိမ်တွေကို မီးရှို့မှုတွေ’ ချက်ခြင်း ရပ်တန့်ဖို့အတွက် တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။
    မြန်မာအစိုးရ အထူးသဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုကို ခြွင်းချက်မရှိ ရှုတ်ချသင့်ကြောင်း၊ ရိုဟင်ဂျာ လူနည်းစုတွေကိုအပေါ် လူမှုရေးအရ ခွဲခြားဆက်ဆံမှုတွေ၊ ရန်လိုမှုတွေကို တိုက်ဖျက်သင့်ကြောင်း ဒီဆုံးဖြတ်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    သြဂုတ် ၂၅ ရက်နေ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်မြောက်ပိုင်းမှာရှိနေတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာအရပ်သား ၄ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်လို့ ယူနီဆက်ဖ်က မနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: aa.com