News @ M-Media
Tag: Rakhine State
  • ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ
    ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ
    နိုဝင်ဘာ ၁၆၊ ၂၀၁၉
    M-Media
    နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)
    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးမယ့်ကိစ္စကို မြန်မာနိုင်ငံက ပယ်ချလိုက်ပါတယ်။
    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ICC က ကြာသာပတေးနေ့မှာ ခွင့်ပြုခဲ့တာပါ။ ICC ဟာ အရင်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဒါပေမယ့် ဒီလိုစုံစမ်းစစ်ဆေးမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းမှာဖြစ်ပြီး လိုအပ်ရင် အရေးယူသွားမယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။
    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာတွေရှိပြီး ဒါဟာ ‘လူမျိုးတုန်း သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်’ နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကုလရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက သုံးသပ်ထားပါတယ်။
    မြန်မာနိုင်ငံကတော့ ဒီစွပ်စွဲချက်တွကို ငြင်းဆိုထားပြီး ICC ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အပေါ် အသိအမှတ်ပြုဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ခိုလှုံနေရတဲ့အတွက် သူတို့အပေါ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မိမိတို့မှာ အခွင့်အာဏာရှိတယ်လို့ ICC က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ထားပါတယ်။
    ဦးဇော်ဌေးက မြန်မာနိုင်ငံနဲ့ အစိုးရတို့ဟာ အားလုံးကို ငြင်းဆိုနေတာမဟုတ်သလို၊ မျက်လုံးတွေလည်း မှိတ်မထားဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တနင်္လာနေ့က မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ပထမဆုံးကြားနာမှုကို ဒီဇင်ဘာလမှာ ပြုလုပ်မှာပါ။
    ဗုဒ္ဓဟူးနေ့က အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်ဟောင်းတွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တရားစွဲခံရတာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို အပြည့်အ၀ စုံစမ်းစစ်ဆေးရန် ICC ခွင့်ပြု
    မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို အပြည့်အ၀ စုံစမ်းစစ်ဆေးရန် ICC ခွင့်ပြု
    နိုဝင်ဘာ ၁၄၊ ၂၀၁၉
    M-Media
    မြန်မာစစ်တပ်က မိမိတို့ကျူးလွန်သည်ဟု ဝန်ခံခဲ့သည့် အင်းဒင်ရွာ လူသတ်ပွဲမြင်ကွင်း
    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှု အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ရာဇဝတ်မှုတွေအတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဒီကနေ့မှာ ခွင့်ပြုလိုက်ပါတယ်။
    ICC အကြီးအကဲ ဖာတူ ဘန်ဆူဒါဟာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကနဦး စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် စုံစမ်းစစ်ဆေးမှု အပြည့်အ၀ ပြုလုပ်ဖို့အတွက် အခုနှစ်ဇူလိုင်လမှာ ထပ်မံလျှောက်ထားခဲ့ပါတယ်။
    မြန်မာနိုင်ငံဟာ ICC မှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့အတွက် မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စအပေါ် မိမိတို့ စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ICC က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
    ဒီကနေ့ ICC ရဲ့ ကြေငြာချက်မှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ‘စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုကို ICC ရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ဆက်လက် စုံစမ်းစစ်ဆေးဖို့အတွက် တရားသူကြီးတွေကို အခွင့်အာဏာ ပေးခဲ့တယ်’ လို့ ဖော်ပြထားပါတယ်။
    ရိုဟင်ဂျာတွေအပေါ် လူမျိုးရေး၊ ဘာသာရေးအရ ညှင်းပမ်းမှုတွေ ရှိခဲ့တယ်၊ စနစ်တကျ အကြမ်းဖက်မှုနဲ့ မောင်းထုတ်မှုတွေလို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အဓိကထား စုံစမ်းသွားမယ်လို့လည်း ICC က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    အခုတစ်ပတ်အစောပိုင်းမှာလည်း ကုလသမဂ္ဂရဲ့ ထိပ်တန်းခုံရုံးဖြစ်တဲ့ နိုင်ငံတကာခုံသမာဓိရုံး ICJ မှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားဆွဲဆို ခံခဲ့ရပါတယ်။
    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် ဩဂုတ်လကစလို့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဆောင်ရွက်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    ရိုဟင်ဂျာတွေအပေါ် အရင်ကကျူးလွန်ခဲ့မှုတွေအပြင် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကျူးလွန်မှုတွေအတွက်ပါ စုံစမ်းစစ်ဆေးဖို့ ICC က တရားသူကြီးတွေကို အခွင့်အာဏာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
    Ref : AFP
  • ရခိုင်ပြည်နယ်ကိစ္စ တာဝန်ရှိမှုကို ရှောင်လွှဲမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
    ရခိုင်ပြည်နယ်ကိစ္စ တာဝန်ရှိမှုကို ရှောင်လွှဲမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
    နိုဝင်ဘာ ၅၊ ၂၀၁၉
    M-Media
    Photo Credit – MM times
    -ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူအားလုံးရဲ့ လုံခြုံရေးနဲ့ သူတို့ကို ကာကွယ်ပေးရေး မိမိတို့အစိုးရမှာ ရှိနေတဲ့တာဝန်ကို ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
    ဘန်ကောက်မှာပြုလုပ်တဲ့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က အခုလို ပြောကြားလိုက်တာပါ။
    “ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုးထားတဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေ၊ UNHCR၊ UNDP တိုနဲ့ လက်မှတ်ထိုးထားတဲ့ ၃ ပွင့်ဆိုင် သဘောတူညီချက်အတိုင်း စီစစ်ပြီးသားလူတွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက ဆန္ဒအပြည့်အ၀ရှိပါတယ်”
    ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို တာဝန်ယူဖြေရှင်းရေး ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က တနင်္ဂနွေနေ့မှာ တိုက်တွန်းပြောကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုန့်ပြန်တာဖြစ်တယ်လို့ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဂူတာရက်စ်က ရခိုင်ပြည်နယ်က အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၇ သိန်းရဲ့ အခြေအနေတွေကို အလွန်အမင်း စိုးရိမ်မိပြီး အခြေခံအကြောင်းအရင်းတွေကို ဖော်ထုတ်ဖြေရှင်းဖို့၊ ဒုက္ခသည်တွေ လိုလိုလားလားနဲ့ သိက္ခာရှိစွာ ပြန်လာနိုင်ရေး ဖန်တီးပေးဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး မိမိတို့အာဏာမရခင် အချိန်အတော်ကြာကတည်းက ရခိုင်ပြည်နယ်မှာရှိနေတဲ့ ကုလနဲ့ ကုလအဖွဲ့တွေက ဒီအခြေအနေကို သိရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်က ပြဿနာတွေကို လက်တွေ့ကြပြီး၊ မျှတတဲ့နည်းလမ်းနဲ့ ချဉ်းကပ်တဲ့ ကျွန်မတို့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ဆက်လက်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက ဆန္ဒရှိပါတယ်”
    ဘင်္ဂလားဒေ့ရှ်ဖက် ရောက်နေတဲ့သူတွေ မိမိသဘောဆန္ဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ပြန်လာရေး ဝန်းကျင်တစ်ခု ဖန်တီးရာမှာ ပါဝင်ကူညီခဲ့တဲ့ အာဆီယံအတွင်းဝန်အဖွဲ့ ASEAN Secretariat၊ လူသားချင်းစာနာထောက်ထားနှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ Coordinating Centre for Humanitarian Assistance on Disaster Management တို့ကို ကျေးဇူးတင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Myanmar Times
    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)
  • မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    မြောက်ဦးမြို့ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ယူနက်စကိုထံ အဆိုပြုလွှာ တင်သွင်းမည်
    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media
    photo credit – mmtimes
    -ရခိုင်ပြည်နယ်က မြောက်ဦးမြို့ကို ကမ္ဘ္ဘာအမွေအနှစ်စာရင်း သွင်းနိုင်ရေးအတွက် ယူနက်စကိုထံ အဆိုပြုချက် တင်သွင်းသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဦးလွင်က မြောက်ဦးမှာရှိတဲ့ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အမွေအနှစ်တွေ၊ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အမွေအနှစ်တွေအားလုံးကို အဆိုပြုချက်မှာ ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။
    “လျှောက်လွှာ တင်သွင်းမယ့်ရက်ကို အတိအကျကို မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဒီလအတွင်း ဖြစ်မှာပါ။ နောက်ဆုံး အဆိုပြုချက်ကိုတော့ ဒီဇင်ဘာလမှာ တင်သွင်းမှာ ဖြစ်ပါတယ်”
    ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရေး လျှောက်လွှာကို ယူနက်စကိုထံ စက်တင်ဘာလကုန်ထက် နောက်မကျဘဲ တင်သွင်းရမှာ ဖြစ်ပါတယ်။
    မြောက်ဦးဒေသဟာ ထူးခြားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများအပြား ရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၁၅ ရက်နေ့က အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား
    ဖြစ်ပွားတဲ့ တိုက်ပွကြောင့် ရှေးဟောင်းနေရာတစ်ချို့ ပျက်ဆီးခဲ့ပြီး ပညာရှင်တွေကတော့ ဒီအတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။
    မြန်မာနိုင်ငံမှာ ကမ္ဘ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့နေရာ ၂ ခုရှိပြီး ဧရာဝတီတိုင်းဒေသကြီးက ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့တွေနဲ့ မန္တလေးတိုင်းဒေသကြီးက ပုဂံမြို့တို့ ဖြစ်ပါတယ်။
    Ref: mmtimes
  • စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်
    စစ်တပ်က ရခိုင်ရွာသားများကို ဖမ်းဆီးထားစဉ် ကျူးလွန်မှုများအတွက် စိုးရိမ်ကြောင်း ကုလတာဝန်ရှိသူများ ထုတ်ပြန်
    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media
    ရသေ့တောင်မြို့နယ်မှ ဗုံးမှန်ထားသည့် နေအိမ်တစ်လုံး (Photo credit – AFP)
    -ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေအတွင်း အစိုးရစစ်တပ်ဟာ အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး နှိပ်စက်တာ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာတွေတာ ရှိတဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ ၃ ဦးက ပြောကြားလိုက်ပါတယ်။
    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်းဟီးလီ၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေဖြစ်တဲ့ အဂ်နက်စ် ချာလာမဒ်နဲ့ နီလ်စ် မဲလ်ဇာတို့က ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
    ကြေငြာချက်ဟာ ကုလကိုယ်စားမဟုတ်ဘဲ တွေ့ရှိချက်တွေကို သူတို့ ၃ ဦး သီးသန့် ထုတ်ပြန်တာလို့ ဆိုပါတယ်။
    မကြာသေးမီကာလအတွင်း ရခိုင်အမျိုးသားတွေနဲ့ ယောက်ျားလေးငယ်တွေ အများအပြား အကြမ်းဖက်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးကြောင်း၊ ထိန်းသိမ်းစဉ်အတွင်း ညှင်းပမ်းနှိပ်စက်ခံရတာတွေလည်းရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    “ဖမ်းဆီးထိန်းသိမ်းပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့ လုပ်ရပ်တွေကို ချက်ခြင်း ရပ်တန့်ပစ်ဖို့ လိုပါတယ်။ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် ညှင်းပမ်းမှုတွေ၊ လူမဆန်တဲ့ အပြုအမူတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေ၊ ဖိအားပေးပြီး ထွက်ဆိုခိုင်းတာတွေ အတွက်လည်း လွတ်လပ်ပြီး ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ဆောင်ရပါမယ်။ ကျူးလွန်သူတွေ အားလုံးကိုလည်း အရေးယူဖို့ လိုအပ်ပါတယ်”
    AA နဲ့ ပတ်သက်တယ်လို့ဆိုကာ ဖမ်းဆီးထားမှုအတွင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း လူ့အခွင့်အရေး တာဝန်ရှိသူတွေက ရရှိထားတယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်း တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှင်းပမ်းမှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးကတည်းက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်လာတာ ဖြစ်ပါတယ်။
    ကုလ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ မနေ့ကထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ရခိုင်ရွာသားတွေ ညှင်းပမ်းနှိပ်စက်ခံရမှုအချို့ကို ထည့်သွင်း ဖော်ပြထားပါတယ်။
    ဖမ်းဆီးခံရစဉ် သေဆုံးသွားမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ထားတဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို အများပြည်သူထံ ချပြသွားဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့လည်း ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။
    Ref: AFP