News @ M-Media
Tag: Rakhine State
  • ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ဇူလိုင် ၉၊ ၂၀၁၉
    M-Media
    -ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွတ်သွင်းဖို့ အမေရိကန်လွှတ်တော်အမတ်ရဲ့ ပြောဆိုမှုဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မိမိတို့က အလေးထားတယ်လို့ ဆိုပါတယ်။
    ဇွန်လ ၁၃ ရက်နေ့ အမေရိကန်လွှတ်တော်အစည်းအဝေးအတွင်း အာရှပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဌ ဘရက်ဒလေ ရှားမန်းက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မလိုချင်ဘူးဆိုရင် ရိုဟင်ဂျာတွေရဲ့ဒေသကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ပေးသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံကအပြန် ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာက ရှားမန်ရဲ့ ဒီပြောကြားမှုကို ဝေဖန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အလုပ်မျိုးကို မိမိတို့က ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။
    ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ မိမိတို့ လိုချင်တာက ရိုဟင်ဂျာတွေ သူတို့ရဲ့ဇာတိမြေကို အန္တရာယ်ကင်းစွာ ပြန်ရေးဖြစ်ကြောင်း ဟာဆီနာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ရှားမန်ရဲ့ ဒီပြောဆိုချက်ဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့လည်း သူမကဆိုပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး လှုံ့ဆော်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “ဒီမှတ်ချက်ဟာ မှားယွင်းတဲ့ အဆိုပြုမှုပါ။ စကွဲယားကီလိုမီတာ ၅၄၀၀၀ ရှိနေတဲ့ နယ်နမိတ်နဲ့တင် ကျွန်မတို့ အဆင်ပြေပါတယ်”
    ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်နဲ့ အကူအညီပေးနေတာဟာ ရခိုင်ပြည်နယ်ကို တိုင်းပြည်ထဲ သွတ်သွင်းချင်လို့ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာ စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ ‘လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့’ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ကုလက ပြောကြားထားပါတယ်။
    နိုင်ငံတိုင်းမှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိပြီး ရှားမန်းဟာ လူတွေ သူ့ကို ပိုသိလာအောင် ဒီလို အဆိုပြုတာဖြစ်ကြောင်း၊ အင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံသားတွေကို မောင်းထုတ်ခြင်းအားဖြင့် မိမိတို့
    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရေး ဖိအားပေးဖို့ တရုတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပြီး တရုတ်ခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ရပ်တည်မယ်လို့ အာမခံခဲ့ကြောင်း သူမက ဆိုပါတယ်။
    “ဒါဟာ ကျွန်မတို့အတွက် သတင်းကောင်းပဲ မဟုတ်လား”
    Ref: NDTV
  • ရခိုင်ပြည်နယ်တွင် စစ်ရာဇ၀တ်မှု ထပ်ရှိလာနိုင်သည်ဟု ယန်ဟီးလီပြော
    ရခိုင်ပြည်နယ်တွင် စစ်ရာဇ၀တ်မှု ထပ်ရှိလာနိုင်သည်ဟု ယန်ဟီးလီပြော
    ဇူလိုင် ၃၊၂၀၁၉
    M-Media
    မြောက်ဦးတွင် အစိုးရစစ်တပ်၏ ဖမ်းဆီးစစ်ကြောမှုအတွင်း သေဆုံးသွားခဲ့သည့် ရခိုင်အမျိုးသားတစ်ဦး၏ ဈာပန (Photo credit – Irrawaddy)
    -နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက်နိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်းဟီလီက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်မှုနောက်ပိုင်း အစိုးရတပ်ရဲ့ စစ်ဆင်ရေးတွေမှာ စစ်ရာဇ၀တ်၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ရှိခဲ့တယ်လို့ ကုလက ပြောကြားခဲ့ပြီး၊ အခု ဒုတိယအကြိမ် ဒီလိုပြောကြားမှု ထွက်ပေါ်လာတာပါ။
    ၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေးမှာ အစိုးရတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့တာ၊ ‘လူမျိုးတုန်းစေလိုတဲ့ ရည်ရွယ်ချက်’ နဲ့ သတ်ဖြတ်တာတွေ ရှိခဲ့တယ်လို့လည်း ကုလက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၈ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ARSA စစ်သွေးကြွတွေကိုသာ တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
    AA နှင့် တိုက်ပွဲ
    ၂၀၁၈ ခုနှစ် နှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်လာခဲ့ပြီး အရပ်သားတွေ သေဆုံးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေလည်း ရှိခဲ့ပါတယ်။
    ဇွန်လ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက် ၀န်ဆောင်မှုကို ဖြတ်တောက်ဖို့ အစိုးရက ဆက်သွယ်ရေးလုပ်ငန်းတွေကို အမိန့်ပေးခဲ့ပြီး “အင်တာနက်ကို အသုံးပြုပြီး တရားမ၀င်လုပ်ငန်းတွေမှာ ပါဝင်နေတာ၊ ငြိမ်းချမ်းရေးအတွက် အနှောက်အယှက်ဖြစ်စေတာတွေကြောင့်” ဖြစ်တယ်လို့ ဆိုပါတယ်။
    ဒီလို အင်တာနက် ပိတ်ပင်မှုကို အခွင့်ကောင်းယူကာ အစိုးရစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်လာနိုင်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုစားလှယ် ယန်းဟီးလီက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    ဒါ့အပြင် အစိုးရစစ်တပ်နဲ့ AA တို့ရဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီမှာ မနေ့က ထပ်မံ ပြောကြားခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းတို့မှာ ပြီးခဲ့တဲ့လတွေအတွင်း AA နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အရပ်သားတွေကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရပါတယ်။ တပ်မတော်နဲ့ AA တို့ရဲ့ လုပ်ရပ် တော်တော်များများဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေပြီး၊ စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတောင် မြောက်နိုင်ပါတယ်”
    ပလက်ဝမှာ ဆောက်လုပ်ရေးလုပ်သား ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရွာသား ၅၂ ဦးတို့အပါအ၀င် AA က အရပ်သားတွေ ပြန်ပေးဆွဲမှုကို ယန်ဟီးလီက လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။
    စစ်တပ်ဟာ ရခိုင် အမျိုးသားတွေကို AA နဲ့ ဆက်သွယ်တယ်လို့ဆိုကာ ဖမ်းဆီးစစ်ကြောမှုတွေ ရှိနေပြီး ဖမ်းဆီးခံထားရသူတွေ သေဆုံးတာ၊ ဧပြီလအတွင်းက ဝါးခုတ်နေတဲ့ ရိုဟင်ဂျာ လူငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ စစ်တပ်က ပစ်ခတ်တာတွေကိုလည်း ယန်းဟီးလီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ယခုနှစ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃၅၀၀၀ လောက် ရှိနေတယ်လို့လည်း သူမက ဆိုပါတယ်။
    မြန်မာသံအမတ် ဦးကျော်မိုးထွန်းက မြန်မာအစိုးရဟာ သြဂုတ်လကတည်းက အပစ်ရပ်ရေး ကြေငြာခဲ့ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေကြောင်း၊ လွတ်လပ်စွာ ဖော်ပြခွင့်၊ မီဒီယာလွတ်လပ်ခွင့်တို့ကို အလေးထားပေမယ့် လုံခြုံရေး၊ လွတ်လပ်ခွင့်နဲ့ တာဝန်ခံမှုတွေအကြား ဘက်မျှအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး ကောင်စီမှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။
    အင်တာနက် ဖြတ်တောက်မှုဟာ ရွာသားတွေကို ထိခိုက်စေပြီး၊ အကူအညီပေးရေးကို အဟန့်အတားဖြစ်စေကာ စစ်တပ်အတွက်တော့ အကာအကွယ်ပုံစံမျိုး ဖြစ်သွားတယ်လို့လည်း ယန်ဟီးလီက ထည့်သွင်း ထောက်ပြခဲ့ပါတယ်။
    Ref: Reuters
  • ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ထားမှု အဆုံးသတ်ရန် ကန် တိုက်တွန်း
    ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ထားမှု အဆုံးသတ်ရန် ကန် တိုက်တွန်း
    ဇွန် ၃၀၊ ၂၀၁၉
    M-Media
    -ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက် ပိတ်ပင်ထားတာကို ဖယ်ရှားဖို့ တောင်းဆိုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်လည်း ပါဝင်လာပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေ ပွင့်လင်းမြင်သာရှိဖို့အတွက် သတင်းအချက်အလက် စီးဆင်းမှု အရေးကြီးတယ်လို့လည်း
    ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တစ်ခုတို့မှာ မြန်မာအစိုးရက ဇွန်လ ၂၁ ရက်နေ့မှာ အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ခဲ့တာပါ။ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒီပိတ်ပင်မှု ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
    အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်ဂန် အိုတာဂက်စ်က ဒါဟာ လူတစ်သန်းလောက်ရဲ့ သတင်းအချက်အလက် ရရှိမှုကို အဟန့်အတားဖြစ်စေတဲ့အတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပြီး အသုံးပြုခွင့် ချက်ခြင်းပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
    “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ အကြမ်းဖက်မှုတွေ တားဆီးဖို့ ရည်ရွယ်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေက စစ်ဆင်ရေးလုပ်ရပါတယ်ဆိုတဲ့ အစိုးရရဲ့ပြောကြားမှုတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်ခံမှု တာဝန်ရှိမှုရှိရေးတို့မှာ အင်တာနက် အသုံးပြုခွင့်က အကူအညီ ဖြစ်စေမှာပါ”
    ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက AA နဲ့ အစိုးရစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၃ သောင်းကျော်လောက် ထွက်ပြေးခဲ့ရပါတယ်။ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့
    ARSAR ရဲ့ တိုက်ခိုက်မှုတွေအပြီး အစိုးရစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့
    နယ်မြေရှင်းလင်းရေးလုပ်ငန်းကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို
    ထွက်ပြေးခဲ့ရပါတယ်။
    စိုးရိမ်မှုရှိ
    အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားမှုကြောင့် အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေကို
    ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က အခုတစ်ပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ရန်ဟီးလီကလည်း
    လုံခြုံရေးတပ်ဖွဲ့တွေဟာ အင်တာနက် ပိတ်ပင်မှုကို အခွင့်ကောင်းယူပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်လာမှာကို စိုးရိမ်မိတယ်လို့ အခုတစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။
    အင်္ဂါနေ့က အလ်ဂျာဇီးရား သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ယန်ဟီးလီက မြန်မာစစ်တပ်ဟာ “အရေးယူမခံရဘဲ” ကျူးလွန်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
    “လက်ရှိအနေအထားအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု မလုပ်မချင်း စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်အောက်မှာ သူတို့ လုပ်ချင်သလို လုပ်နိုင်မှာပါ”
    Ref: Aljazeera
  • ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု အကူအညီပေးရေးကို ထိခိုက်ဟု HRW ပြော
    ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု အကူအညီပေးရေးကို ထိခိုက်ဟု HRW ပြော
    ဇွန် ၂၈၊ ၂၀၁၉
    M-Media
    -ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ အင်တာနက် ဖြတ်တောက်ထားတာဟာ
    အတိဒုက္ခရောက်နေတဲ့သူတွေအတွက် အကူအညီပေးရေးလုပ်ငန်းကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီကနေ့မှာ ပြောကြားလိုက်ပြီး ပိတ်ပင်မှုချက်ခြင်း ရပ်တန့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေ၊ ချင်းပြည်နယ်က ပလက်ဝ မြို့နယ်တွေမှာ အင်တာနက်ဝန်ဆောင်မှုကို ဖြတ်တောက်ထားဖို့ အစိုးရက အမိန့်ပေးထားတယ်လို့ ဆက်သွယ်ရေး လုပ်ငန်းတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
    Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ဒီလို အင်တာနက် ပိတ်ပင်တာဟာ လူ့အခွင့်အရေး စောင့်ကြည့်သူတွေ၊ အကူအညီပေးသူတွေကို ခက်ခဲသွားစေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ပဋိပက္ခဖြစ်နေတဲ့ ဒီလိုအချိန်မှာ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း မြန်မာ အာဏာပိုင်တွေက အင်တာနက် ဖြတ်တောက်လိုက်တာဟာ အကူအညီပေးရေးလုပ်သားတွေ၊ လူ့အခွင့်အရေး စောင့်ကြည့်သူတွေရဲ့ အရေးပါတဲ့ ဆက်သွယ်ရေး နည်းလမ်းတွေကို ထိခိုက်စေပါတယ်။ ပြည်သူလူထု လုံခြုံရေးအတွက် အရေးပါတဲ့ အင်တာနက် အသုံးပြုခွင့်ကို အပြည့်အ၀ ပြန်ပေးဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ ကုလတို့က မြန်မာအစိုးရကို ဖိအားပေးသင့်ပါတယ်”
    မြောက်ဦး၊ မင်းပြားနဲ့ ကျော်တော်တို့မှာ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေက အင်တာနက် အသုံးပြုခွင့်မရတာကြောင့် သူတို့လုပ်ငန်းတွေ အခက်အခဲ ဖြစ်လာတယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ အကူအညီပေးရေး အဖွဲ့တွေဟာ WhatsApp ကို အဓိကထား သုံးစွဲကြတာ ဖြစ်ပါတယ်။
    အင်တာနက် ဖြတ်တောက်မှုဟာ ဘယ်လောက်ကြာမြင့်မလဲဆိုတာကို အစိုးရ တိတိကျကျ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်သေးပါဘူး။ ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Telenor က ဒီကိစ္စအတွက် အသေးစိတ် ရှင်းလင်းပေးဖို့ အစိုးရကို တောင်းဆိုထားကြောင်း၊ ပဋိပက္ခတွေဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးခြင်းဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အလေးထားတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ကန့်သတ်ခံရ
    ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၃၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေကို မီဒီယာတွေ ၀င်ရောက်ခွင့်၊ အကူအညီပေးရေး အဖွဲ့တွေ ၀င်ရောက်ခွင့်ကိုလည်း အစိုးရက တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။
    “တစ်ချို့သော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေအတွက် လိုအပ်ပြီး သင့်လျော်တဲ့ အင်တာနက် ကန့်သတ်မှုမျိုးသာ မြန်မာအစိုးရက လုပ်သင့်ပါတယ်။ အခုကိစ္စကတော့ ဒီလိုအနေအထား မျိုးမဟုတ်ပါဘူး။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာ ဖြစ်နေတဲ့အချိန်မျိုးမှာ လူ့အသက်တွေအတွက် အရေးကြီးတဲ့ သတင်းအချက်အလက် စီးဆင်းတာကို အဟန့်အတားဖြစ်စေတဲ့ သိမ်းကြုံး ပတ်ပင်တာမျိုး အာဏာပိုင်တွေက မလုပ်သင့်ပါဘူး” လို့ အဒမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Human Rights Watch
  • ရခိုင်ရှိ ကုလအကူအညီများ ရုပ်သိမ်းမည်ဆိုသည့်သတင်းကို မြန်မာအစိုးရ ငြင်းဆို
    ရခိုင်ရှိ ကုလအကူအညီများ ရုပ်သိမ်းမည်ဆိုသည့်သတင်းကို မြန်မာအစိုးရ ငြင်းဆို
    ဇွန် ၁၉၊ ၂၀၁၉
    M-Media
    လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
    -ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ အကူအညီပေးမှုတွေကို ကုလက ရုပ်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
    ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ခွဲခြားထားတဲ့ လုပ်ရပ်တွေ ရှိနေပြီး ဒါတွေကို သိသိသာသာ ပြောင်းလဲမှု မလုပ်ပေးရင် မရှိမဖြစ် ထောက်ပံ့မှုတွေကလွဲလို့ အခြား အကူအညီတွေ ပြန်ရုပ်သိမ်းမယ်လို့ ကုလရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ကနု အော့စဘီက မြန်မာအစိုးရထံ စာပို့ ပြောကြားခဲ့တယ်လို့ Gurdian သတင်းစာက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖော်ပြခဲ့တာပါ။
    ဒါပေမယ့် မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ညှိနှိုင်းရေးမှူး အော်စဘီရဲ့စာကို ၀န်ကြီးဌာနက လက်ခံရရှိခဲ့ပြီး စာထဲမှာ အကူအညီ ရုပ်သိမ်းမယ်ဆိုတဲ့ ပြောကြားချက် မပါဝင်ဘူးလို့ ဇွန်လ ၁၇ ရက်နေ့က CNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    “ကုလက အကူအညီတွေ ရုပ်သိမ်းမယ်ဆိုတဲ့ ပြောကြားမှု တစ်ခုမှ မပါဝင်ပါဘူး”
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ နေထိုင်ရတဲ့ စခန်းတွေ ပိတ်သိမ်းရေး၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ကူညီပေးနိုင်ရေး အစိုးရက ဆောင်ရွက်ထားတဲ့ မဟာဗျူဟာရဲ့ တိုးတက်မှုတွေကို ကုလက သဘောကျနေတယ်လို့လည်း ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    စခန်းတွေမှာ နေထိုင်နေရသူတွေ နေရပ်ပြန်နိုင်ရေး မဟာဗျူဟာကို အပြီးသတ်နိုင်တဲ့အထိ စခန်းပိတ်သိမ်းရေးကိစ္စကို ရပ်ဆိုင်းထားဖို့နဲ့ ဒီကိစ္စအတွက် တွေ့ဆုံဆွေးနွေးဖို့အတွက် ကုလက တောင်းဆိုထားတယ်လို့ ၀န်ကြီးက ဆိုပါတယ်။
    “မြန်မာနိုင်ငံမှာရှိတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအားလုံး ပိုမိုကောင်းမွန်တဲ့ဘ၀ ရရှိရေး ကုလ အဖွဲ့တွေနဲ့ ကျွန်တော်တို့ ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်နေပါတယ်။ စခန်းတွေ ပိတ်သိမ်းရေးကိစ္စနဲ့ မဟာဗျူဟာကို အပြီးသတ်နိုင်ရေးကိစ္စတွေအတွက် ဆွေးနွေးဖို့လည်း မစ္စတာ ကနု အော့စဘီရဲ့ရုံးကို ဆက်သွယ်ထားပါတယ်”
    ရခိုင်ပြည်နယ်မှာ အကူအညီပေးရေးကိစ္စနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးရေးမှူး အော့စဘီက မြန်မာအစိုးရထံ စာပို့ခဲ့တယ်ဆိုတာကို ကုလ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
    ရခိုင်ပြည်နယ်အလယ်ပိုင်းက ဒုက္ခသည်စခန်းတွေကိစ္စမှာ ရေရှည်တည်တံ့တဲ့အဖြေ ထွက်လာရေး နိုင်ငံတကာ စံချိန်၊ စံညွှန်းနဲ့အညီ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကုလရဲ့ သဘောထားကို ထပ်လောင်းပြောကြားလိုတယ်လို့ အော့စဘီက တနင်္လာနေ့ Twitter စာမျက်နှာ ရေးသား လွှင်တင်ခဲ့ပါတယ်။
    Ref: CNA