News @ M-Media

Tag: Rakhine State

  • IS အကြမ်းဖက်များ ဖိလစ်ပိုင်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ကိုဝင်ရန် ကြိုးစားနေသည်ဟု မလေးရှား သတိပေး

    IS အကြမ်းဖက်များ ဖိလစ်ပိုင်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်ကိုဝင်ရန် ကြိုးစားနေသည်ဟု မလေးရှား သတိပေး

    ဧပြီ ၂၆၊ ၂၀၁၉
    M-Media

    ၂၀၁၇ ခုနှစ်အတွင်းက IS သံသယရှိသူတစ်ဦးကို မလေးရှားအထူးတပ်ဖွဲ့က ဖမ်းဆီးမှု

    – IS စစ်သွေးကြွတွေဟာ ဆာဘားပြည်နယ်က ဒေသနှစ်ခုကို အခြေပြုပြီး ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တို့ကို ၀င်ရောက်ဖို့ ကြိုးစားနေတယ်လို့ မလေရှားရဲချုပ် မိုဟာမက် ဖူဇီ ဟာရွန်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားတို့မှာ အမြစ်ဖြတ် ချေမှုန်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်ကနေတစ်ဆင့် အရှေ့တောင်အာရှမှာ ၀င်ရောက်လှုပ်ရှားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ အီပိုးမြို့မှာပြုလုပ်တဲ့ ရဲတပ်ဖွဲ့ ဆုတံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားတစ်ခုမှာ ရဲချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခြေအနေကို တစ်ချိန်လုံး အနီးကပ်စောင့်ကြည့်နေပြီး ဖိလစ်ပိုင်တောင်ပိုင်းကို ၀င်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်သွေးကြွတွေကို ဖမ်းဆီးတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေတင်မကဘဲ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်”

    မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးကလည်း IS အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ ရှုံးနိမ့်သွားပေမယ့်  ကွက်ပျောက်မသွားသေးဘဲ သူတို့လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်သမားတွေဟာ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတယ်လို့ ပြောကြားဖူးပါတယ်။

    ရဲချုပ်က IS ရဲ့ အင်အားဟာ အရင်က ၄၅၀၀၀ လောက် ရှိခဲ့ပေမယ့် အခုအချိန်မှာ ၃၅၀၀၀ လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

    “ဒါဟာ သက်ဆိုင်ရာအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်ပါ။ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်တို့ အပါအ၀င် အရှေ့တောင်အာရှဟာ သူတို့ရဲ့ ပစ်မှတ်အသစ်တွေ ဖြစ်လာပါတယ်”

    ဥရောပမှာတော့ IS ဟာ ဘော့စနီးယားလို ဘော်လ်ကန်ဒေသကို အာရုံစိုက်နေတယ်လို့လည်း ဟာရွန်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “IS ပြဿနာကို ကျွန်တော်တို့ တစ်ချိန်လုံး အနီးကပ်စောင့်ကြည့်နေပါတယ်။ ဒေသတွင်းမှာတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်”

    လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နေရာကို ဆက်ခံမယ်လို့ သတင်းထွက်နေတဲ့ PKR ပါတီဥက္ကဌ အန်ဝါရ် အီဘရာဟင်က အစ္စလာမ်ခေါင်းစဉ်တပ်ပြီး မွတ်စလင်တွေကြားထဲမှာ အကြမ်းဖက်ဝါဒ ပြန့်ပွားအောင် ကြိုးစားနေတဲ့ ဘာသာရေး အစွန်းရောက်အုပ်စုတွေကို သတိထား တွန်းလှန်ကြဖို့ အစ္စလာမ့်အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “IS က သီရိလင်္ကာက ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကို ကျွန်တော် ပြင်းပြင်းထန်ထန်  ရှုတ်ချပါတယ်။ ဒီလို အကြမ်းဖက်တဲ့လုပ်ရပ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေပါတယ်”

    Ref: Malaysia Kini

  • တူရကီအကူအညီပေးရေးအဖွဲ့က စစ်တွေတွင် ဆေးခန်းတစ်ခု ဖွင့်လှစ်

    တူရကီအကူအညီပေးရေးအဖွဲ့က စစ်တွေတွင် ဆေးခန်းတစ်ခု ဖွင့်လှစ်

    ဧပြီ ၂၂၊ ၂၀၁၉
    M-Media

    TİKA ၏ ၀ဘ်ဆိုက် စာမျက်နှာ

    – တူရကီအစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ အကူအညီပေးရေးအဖွဲ့ Turkish International Cooperation and Development Agency (TİKA) ဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဆေးပေးခန်းတစ်ခု ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။

    ဆေးခန်းမှာ အသေးစားခွဲစိပ်မှု၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အထွေထွေရောဂါကုသမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ TİKA အဖွဲ့က ပြောကြားခဲ့ပါတယ်။ ဆေးခန်းမှာ လူမျိုးဘာသာမရွေး လာရောက်ကုသနိုင်တယ်လို့လည်း ဆိုပါတယ်။

    Turkish International Cooperation and Development Agency (TİKA) အဖွဲ့ကို ၁၉၉၂ ခုနှစ်က ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ နိုင်ငံသစ်တွေကို နယ်ပယ်စုံမှာ ကူညီထောက်ပံ့ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ဘောလ်ကန်ဒေသ၊ လက်တင်အမေရိကနဲ့ အာရှဒေသတွေမှာပါ အကူအညီပေးရေး လုပ်ငန်းတွေကို ချဲ့ထွင်လာနိုင်ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံပေါင်း ၄၂ နိုင်မှာ အကူအညီပေးရေး စီမံကိန်းတွေ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။

    TİKA ရဲ့ အကူအညီတွေကို အဓိကရရှိနေတဲ့ နိုင်ငံတွေက တူနီးရှား၊ ဆိုမာလီ၊ အာဖဂန်နစ္စတန်၊ မက်ဆီဒိုးနီးယားနဲ့ ကာဂျစ္စတန်နိုင်ငံတို့ ဖြစ်ပါတယ်။

    Ref: AA

  • တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် လူတစ်သိန်းနီးပါး အကူအညီလိုအပ်

    တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် လူတစ်သိန်းနီးပါး အကူအညီလိုအပ်

    ဧပြီ ၅၊ ၂၀၁၉
    M-Media

    Photo Credit – Frontier Myanmar

    – အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို အစိုးရက အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်မပေးတဲ့အတွက် လူပေါင်း တစ်သိန်းနီးပါးလောက် လိုအပ်တဲ့အကူအညီတွေ မရရှိဘူးလို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မျာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရဟာ ဇန်န၀ါရီ ၁၀ ရက်နေ့ကစလို့ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကူအညီပေးရေးမလုပ်ဖို့ ကန့်သတ်ခဲ့ပြီး၊ အခု ကန့်သတ်ချက်အသစ်ကြောင့် မြောက်ဦးမြို့ရဲ့ ကျေးလက်ဒေသတွေကိုပါ ရိုက်ခတ်မှုရှိတယ်လို့ ဆိုပါတယ်။

    ဒီကြေငြာချက်ကို Action Contre la Faim၊ CARE၊ Oxfam နဲ့ Save the Children တို့ အပါအ၀င် အကူအညီပေးရေး အဖွဲ့အစည်း ၁၆ ခုက လက်မှတ်ရေးထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အရင်ကတည်းက စိုးရိမ်နေရတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။

    “တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက လူ ၉၅၀၀၀ လောက်ဟာ အခြေခံလိုအပ်ချက်တွေ၊ အသက်ရှင်သန်ဖို့ လိုအပ်နေတာတွေ မရရှိကြပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သန့်ရှင်းတဲ့ရေ ရရှိရေး စတာတွေဟာ တော်တော်ကို အခြေအနေ ဆိုးရွားနေပါတယ်”

    အသက်မွေးဝမ်းကြောင်း စီမံကိန်းတွေ၊ စိုက်ပျိုးရေး ထောက်ပံ့မှုနဲ့ အခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ရပ်ဆိုင်းထားရတာကြောင့် စားနပ်ရိက္ခာ ဖူလှုံရေး၊ ရပ်ရွာ သာယာဝပြောရေးကို ထိခိုက်နေပြီး၊ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီခွင့်ပြုထားပေမယ့် လိုအပ်ချက်တွေက ကြီးကြီးမားမား ရှိနေသေးတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အကူအညီပေးရေးလုပ်ဆောင်သူတွေ အန္တရာယ်ကင်းဖို့ဟာ အစိုးရအတွက် ဦးစားပေးကိစ္စဖြစ်တယ်ဆိုတာကို နားလည်တယ်လို့ ဒီအဖွဲ့တွေက ပြောပါတယ်။

    “ရခိုင်ပြည်နယ်တစ်ဝှမ်း မတူညီတဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် မတူညီတဲ့ အကူအညီပေးရေး နည်းလမ်းတွေ လိုအပ်နေပေမယ့် တိုက်ခိုက်မှုတွေ၊ လတ်တလော မလုံခြုံမှုတွေ တိုက်ရိုက်ခံစားရမှုမရှိတဲ့ ဒေသတွေမှာ အကူအညီပေးခွင့် ရရမှာပါ။ မြို့နယ်တွေအားလုံးကို လုံခြုံရေးစိုးရိမ်ရမှုတစ်ခုတည်းနဲ့သာ ကြည့်မယ်ဆိုရင် လိုအပ်ချက်တွေရှိနေတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ ဆိုးရွားသွားမှာပါ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ဆုံးမှာတော့ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လျင်လျင်မြန်မြန်နဲ့ အဟန့်အတားမရှိ အကူအညီပေးနိုင်ရေး ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေး အဖွဲ့တွေကို ခွင့်ပြုပေးဖို့အတွက် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)

  • မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ

    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ အကူအညီ လိုအပ်နေ

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉
    M-Media

    မြောက်ဦးရှိ စစ်ရှောင်ပြည်သူများ

    – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရွာသား ၄၀၀ ကျော်လောက်ဟာ အစားအစာနဲ့ အခြားအကူအညီတွေ လိုအပ်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားလိုက်ပါတယ်။

    “မြို့ထဲက နေရာ ၃ ခုမှာ ရွာသား ၄၀၀ ကျော်လောက် ရှိပြီး ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အလျင်အမြန် လိုအပ်နေပါတယ်” လို့ မနေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ မြောက်ဦးလွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ ဒုက္ခသည်တွေကို အနီးအနား ရွာသားတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့် မလောက်ငှကြောင်း၊ သောက်သုံးရေနဲ့ ရွှေ့ပြောင်းသန့်စင်ခန်းမျိုးတွေ ကူညီပေးဖို့လိုကြောင်း သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကြောင့် ကျွန်တော်တို့ ရိက္ခာ မထောက်ပံ့နိုင်တော့ပါဘူး။ ယာယီစခန်းတွေကလည်း ပြည့်ကြပ်နေပါပြီ”

    ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က မြောက်ဦးမှာ စတင်ခဲ့တဲ့ AA နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒုက္ခသည်အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး ကိုယ်ဝန်ဆောင်နဲ့ ရင်ခွင်ပိုက်ကလေးမိခင်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကူအညီပေးရေးအဖွဲ့တွေကို ပြည်နယ်အစိုးရက ပိတ်ပင်ခဲ့ပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့တွေကိုသာ ကူညီခွင့် ပေးထားပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းအား ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

  • တိုက်ပွဲများ ရခိုင်မြောက်ပိုင်းထက်ကျော်၍ ကျယ်ပြန့်လာနိုင်သည်ဟု AA သတိပေး

    တိုက်ပွဲများ ရခိုင်မြောက်ပိုင်းထက်ကျော်၍ ကျယ်ပြန့်လာနိုင်သည်ဟု AA သတိပေး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၉
    M-Media

    AA ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ညိုထွန်းအောင် (Photo Credit – ဧရာဝတီ)

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွာနေတဲ့ တိုက်ခိုက်မှုတွေဟာ ပိုမိုကျယ်ပြန့်ကာ တစ်ခြားနေရာတွေအထိ ကူးစက်သွားနိုင်တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ညိုထွန်းအောင်က ရခိုင်ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ခဲ့တဲ့ AA နဲ့ မြန်မာအစိုးရတပ်တို့ တိုက်ခိုက်မှုဟာ အခုနှစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်လာခဲ့ပါတယ်။

    အစိုးရစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်ဖွဲ့တွေ တိုးချလာသလို ရခိုင်ပြည်နယ် အစိုးရကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြည်နယ်အတွင်း တစ်အိမ်တက်ဆင်း ရှာဖွေခွင့် ပြုထားပါတယ်။

    ဗုဒ္ဓဟူးနေ့က ဆိုရှယ်မီဒီယာမှာလွှင့်တင်တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ညိုထွန်းအောင်က တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ဆောင်ရ၊ ရှောင်ရမယ့် အချက်တွေကို ပြောကြားခဲ့ပြီး ရခိုင်ပြည်သူတွေအနေနဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့အတူ စုစုစည်းစည်းနေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    တိုက်ခိုက်မှုမှာ မြန်မာစစ်တပ်က အကျအဆုံးများနေပြီး ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်တပ်ဖက်က ရာချီသေဆုံးခဲ့ကြောင်း၊ ဒါပေမယ့် တပ်အတွင်း စိတ်ဓာတ်ကျမှာ စိုးရိမ်တဲ့အတွက် တရားဝင် မထုတ်ပြန်တာဖြစ်ကြောင်း ညိုထွန်းအောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တိုက်ပွဲမှာ ရှုံးနိမ့်မှုတွေ ရှိခဲ့တာကြောင့် အစိုးရစစ်တပ်ဟာ ရခိုင်ပြည်သူလူထုအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံလာနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ ညှင်းပမ်းနှိပ်စက်တာ၊ တရားလက်လွတ်ဖမ်းဆီးတာတွေ လုပ်ဆောင်လာနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပေးဆပ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    သိပ်မကြာခင်အနာဂတ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပြီး နှစ်ဖက် အထိအခိုက်အကျအဆုံး များနိုင်တယ်လို့ AA က သုံးသပ်ထားကြောင်း ၂၀၁၉ ခုနှစ်ကို လက်နက်ကိုင်တော်လှန်ရေးကာလ၊ ၂၀၂၀ ကို အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ထားကာ ရခိုင်ပြည်နယ်မှာ AA ကလွဲပြီး တစ်ခြားလက်နက်ကိုင်အဖွဲ့မရှိရေးဟာ ULA/AA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ညိုထွန်းအောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး”

    AA ဟာ ရှေ့ဆက်ပြီး ကြေငြာချက်တွေ ပိုမိုထုတ်ပြန်သွားမှာဖြစ်သလို၊ ကျေးရွာခေါင်းဆောင်တွေကို အကြောင်းကြားတာ၊ သစ္စာဖောက်တွေကို အသိပေးတာတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း၊ အစိုးရစစ်တပ်ကို ထောက်ခံသူတွေက ကြေငြာချက်အတုတွေ ထုတ်ပြန်တာကြောင့် တွေ့ရသမျှကို မယုံကြဖို့လည်း ညိုထွန်းအောင်က တိုက်တွန်းခဲ့ပါတယ်။

    အစိုးရတပ်နဲ့ AA တို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၆ ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ပလက်ဝဒေသမှာ ၂၀၀ ကျော် ထွက်ပြေးခဲ့ရပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှာသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)