News @ M-Media

Tag: Rakhine State

  • သမီးလှကျေးရွာကို စစ်ကြောင်းတစ်ခု ၀င်စီးကာ ပြည်သူ့ပစ္စည်းများ လုယက်ခဲ့ဟု ရခိုင်လွှတ်တော်အမတ်များပြော

    သမီးလှကျေးရွာကို စစ်ကြောင်းတစ်ခု ၀င်စီးကာ ပြည်သူ့ပစ္စည်းများ လုယက်ခဲ့ဟု ရခိုင်လွှတ်တော်အမတ်များပြော

    ဇန်န၀ါရီ ၂၉၊ ၂၀၁၉
    M-Media

    လက်နက်ကြီးကျည်ထိ၍ ဒဏ်ရာရသွားသည့် သမီးလှကျေးရွာမှ အသက် ၇ နှစ်အရွယ် ကလေးငယ် (Photo Credit – ဧရာဝတီ)

    – ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က သမီးလှကျေးရွာကို စနေန့က အစိုးရစစ်ကြောင်းတစ်ခုက ၀င်ရောက်စီးနင်းခဲ့ပြီး ရွာသားတွေကို စာသင်ကျောင်းမှာ ထိန်းသိမ်းကာ အိမ်တွေထဲက ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ငွေသားနဲ့ မိုဘိုင်းဖုန်းတွေ လုယက်ခဲ့တယ်လို့ ရခိုင်လွှတ်တော်အမတ်တွေက ပြောကြားလိုက်ပါတယ်။

    ပြည်သူ့လွှတ်တော်က ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေက ဒီအကြောင်းတွေကို ရွာသားတစ်ဦး သူ့ကို ဖုန်းဆက်ပြောတဲ့အခါ တုန်လှုပ်ခဲ့ရပြီး ပြည်နယ်လွှတ်တော်အမတ် ဦးသန်းနိုင်ကို စုံစမ်းခိုင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဦးသန်းနိုင်က ဒီကိစ္စဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

    “စစ်တပ်ကနေ ဒီလိုမျိုးလုပ်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတာကြောင့် ဒီကိစ္စကို ပထမဆုံး ကြားကြားချင်း မယုံကြည်ရဲခဲ့ပါဘူး” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

    ဆိုရှယ်မီဒီယာမှာ တနင်္ဂနွေနေ့က ဦးသန်းနိုင်တင်ထားတဲ့ပို့စ်မှာ သမီးလှကျေးရွာ အိမ်ခြေ ၈၄ အိမ်အတွင်း ၁၀ အိမ်မှာ ကျည်ခွံတွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရပြီး၊ တစ်ချို့အိမ်တွေဟာ လက်နက်ကြီးတွေ မှန်ထားကြောင်း၊ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကာ စစ်တွေဆေးရုံကြီးကို တင်ပို့ခဲ့ရကြောင်း၊ သမီးလှကျေးရွာက နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

    မြန်မာစစ်သားတွေဟာ ရွာသားအားလုံးကို စာသင်ကျောင်းမှာ ထိန်းသိမ်းထားပြီး တစ်အိမ်တက်ဆင်း လိုက်ရှာကာ ရွေ၊ ငွေ၊ ပစ္စည်းတွေကို လုယက်ခဲ့ကြောင်း၊ ထိန်းသိမ်းထားသူတွေကိုလည်း မနက်ကနေ ညနေအထိ အစာရေစာ မကျွေးခဲ့ကြောင်း ရွာသားတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ဦးသန်းနိုင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီသတင်းတွေကို ကြားကြားချင်းမှာပဲ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့ ဦးသန်းနိုင်က ပြောပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ‘နေအိမ် ၆၄ အိမ်က စုဆောင်းထားတာတွေကို ဒီလို ရက်ရက်စက်စက် ခိုးယူတာမျိုး မလုပ်သင့်ဘူး’ လို့လည်း ဦးသန်းနိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒေါ်ခင်စောဝေက ဒီကိစ္စအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် သက်ဆိုင်ရာ အကြီးအကဲတွေကို တိုင်ကြားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မြေပြင်မှာ ဘယ်လိုစီးနင်းမှုမျိုးမှ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒီတုန့်ပြန်မှုကို ဦးသန်းနိုင်က ဝေဖန်ခဲ့ပြီး ဘူးကွယ်မှုဟာ စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်နေကြောင်း၊ ဒီကိစ္စတွေဟာ မြေပြင်မှာ တကယ်ဖြစ်ခဲ့တာဖြစ်ပြီး ဓာတ်ပုံအချို့ကိုလည်း ဆိုရှယ်မီဒီယာမှာ မိမိ လွှင့်တင်ထားကြောင်း ပြောပါတယ်။

    အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရစစ်ကြောင်းက သမီးလှကျေးရွာကို ၀င်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဦးသန်းနိုင်က မိုင်းခွဲတိုက်ခိုက်မှုမှာ အစိုးရစစ်သားတွေ ဒဏ်ရာရတာ ရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ စနေနေ့ ရွာသားတွေရဲ့ ဖုန်းအလုံး ၆၀ ကို သိမ်းဆည်းခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ ၁၆ လုံးသာ ပြန်လာပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    Ref : Irrawaddy

    (ဧရာဝတီ သတင်းဌာနက အင်္ဂလိပ်ပိုင်းတွင် လွှင့်တင်ထားသည့်သတင်းအား ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ရခိုင်ပြည်သူများအတွက် ကူညီထောက်ပံ့မှု မလုံလောက်သေးဟု နိုင်ငံတကာအဖွဲ့များ သတိပေး

    ရခိုင်ပြည်သူများအတွက် ကူညီထောက်ပံ့မှု မလုံလောက်သေးဟု နိုင်ငံတကာအဖွဲ့များ သတိပေး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရခိုင်ပြည်သူများ (Photo Credit – Frontier Myanmar)

    – လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အကူအညီပေးနေမှုဟာ မလုံလောက်သေးဘဲ၊ ကန့်သတ်ထားမှုတွေ လျှော့ချပေးဖို့အတွက် အကူအညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

    ရခိုင်အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အပါအ၀င် အကူအညီပေးရေးအဖွဲ့ ၁၄ ခုက ဇန်န၀ါရီ ၂၂ ရက် (အင်္ဂါ)နေ့မှာ ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ပွားပြီး အိုးအိမ်စွန့်ခွာရသူတွေ များပြားတဲ့ မြို့နယ် ၅ ခုမှာ အကူအညီပေးရေးလုပ်ငန်းတွေ အလွန်အမင်း ကန့်သတ်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

    “ထိထိရောက်ရောက်နဲ့ အဆက်မပြတ် ကူညီထောက်ပံ့မှု မရှိဘူးဆိုရင် ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ထိခိုက်ခံစားရတဲ့ ပြည်သူတွေ အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့အကူအညီတွေ ပေးအပ်ရေး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ပေးနိုင်မှုဟာ တော်တော်လေးကို အကန့်အသတ် ရှိနေပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ အစိုးရစစ်တပ်တို့အကြား ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်ပြည်သူ အရေအတွက်ဟာ ၅ ထောင်လောက် ရှိလာပါတယ်။

    အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်တာသာမက တိုက်ပွဲတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ထိခိုက်ခံစားရတဲ့ လူ့အဖွဲအစည်းတွေထံ သွားရောက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် ဆန်းစစ်ကာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ အားလုံးကို ထိထိရောက် ကူညီကာကွယ်ပေးနိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အဟန့်အတားမရှိ သွားရောက်ခွင့် ပေးသင့်ပါတယ်”

    Oxfam၊ Save the Children၊ Action Contre La Faim၊ Peace Winds Japan နဲ့ World Vision International တို့ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း ၁၄ ခုက ထိခိုက်ခံစားရသူတွေအားလုံးကို ကူညီထောက်ပံ့ရေး အဆင်သင့် ရှိနေတယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းဆောင်းပါးမှ ထုတ်နှုတ်ဘာသာပြန်ဆိုသည်)

  • ဖမ်းခံရမည်ကိုကြောက်၍ ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃၀ မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထား

    ဖမ်းခံရမည်ကိုကြောက်၍ ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၃၀ မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ထား

    ဇန်န၀ါရီ ၁၇၊ ၂၀၁၉
    M-Media

    Photo Credit – Irrawaddy

    – ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်မှုရှိတယ်လို့ မှားယွင်းစွပ်စွဲခံရမှာကို ကြောက်ရွံ့တဲ့အတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၃၀ လောက်က ကျေးရွားအုပ်ချုပ်ရေးမှူးတွေဟာ နှုတ်ထွက်စာ တင်ထားကြတယ်လို့ ‘ရခိုင်အမျိုးသားပါတီ’ ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက
    ပြောကြားလိုက်ပါတယ်။

    “အန္တရာယ် ရှိလာနိုင်တဲ့အတွက် လူတိုင်းနဲ့ ဆက်ဆံရေးကောင်းအောင် သူတို့ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အထက်အရာရှိတွေက သူတို့အပေါ် တရားစွဲမှာကို ကြောက်ရွံ့နေကြပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

    ဝေးလံခေါင်ဖျားတဲ့ဒေသတွေက ပြည်သူတွေကို ၀န်ဆောင်မှုပေးနိုင်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပြီး အခုလို အစုလိုက်အပြုံလိုက် နှုတ်ထွက်သွားတာကြောင့် ပြည်နယ်အစိုးရမှာ ကသောင်းကနင်းတွေ ဖြစ်လာနိုင်တယ်လို့လည်း သူမက ပြောပါတယ်။

    များပြားလှတဲ့ နှုတ်ထွက်စာတွကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးဌာနက အထက်ကို မေးမြန်းထားတယ်လို့ ဆိုပါတယ်။

    ဒေါ်ခင်စောဝေရဲ့ မဲဆန္ဒနယ်မှာရှိတဲ့ ရေကောင်းချောင်းကျေးရွာ အလုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းလှိုင်နဲ့ အခြား အမျိုးသားတစ်ယောက်တို့ဟာ AA နဲ့ အဆက်အသွယ်လုပ်ခဲ့တယ်လို့ အစိုးရစစ်တပ်က စွပ်စွဲခဲ့ပြီး ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

    ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးလည်း မကြာသေးခင်က တရားမ၀င် အသင်းအဖွဲ့ အက်ဥပဒေနဲ့ တရားစွဲဆို ခံထားရပါတယ်။

    ဒေါ်ခင်စောဝကတော့ အခြား အုပ်ချုပ်ရေမှူးတွေလည်း ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမှာကို ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။

    စစ်တပ်က ရွာသား ၁၁ ဦးကို လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ စေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း စစ်ဖက် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မကြာသေးခင်ကပဲ တရားစွဲဆိုခဲ့ပါတယ်။

    မြန်မာစစ်တပ်ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ AA နဲ့ ဆက်နွယ်နေတယ်လို့ မသင်္ကာသူ ၁၅ ဦးကို သရက်ပြင်ကျေးရွာမှာ ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အခြား အမျိုးသားတစ်ဦးတို့က သူတို့ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအကြောင်း AA ကို သတင်းပေးခဲ့တယ်လို့ ၀န်ခံခဲ့ကြောင်း ဖော်ပြထားပါတယ်။

    ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာက ရွာသားနှစ်ဦးဟာ AA ကို ဖုန်းနဲ့ သတင်းတွေ ပေးပို့တယ်လို့စွပ်စွဲပြီး မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းသတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • ရခိုင်ပြည်သူများအား အကူအညီပေးရေး မကန့်သတ်ဖို့ အစိုးရကို ကုလတောင်းဆို

    ရခိုင်ပြည်သူများအား အကူအညီပေးရေး မကန့်သတ်ဖို့ အစိုးရကို ကုလတောင်းဆို

    ဇန်န၀ါရီ ၁၆၊ ၂၀၁၉
    M-Media

    တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာရသည့် ရခိုင်ပြည်သူများ

    – အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား လတ်တလောတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို ‘လျင်လျင်မြန်မြန်နဲ့ အကန့်အသတ်မရှိ’ ခွင့်ပြုပေးဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တနင်္လာနေ့မှာ တောင်းဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားကာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိခဲ့ပြီး လွတ်လပ်ရေးနေ့က ရဲကင်းစခန်းတစ်ချို့ကို AA က တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးရသူအရေအတွက်ဟာ စုစုပေါင် ၅၀၀၀ လောက် ရှိလာကာ ဘုန်းကြီးကျောင်းတွေ၊ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေရပါတယ်။

    ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မြို့နယ် ၅ ခုက ကျေးလက်ဒေသတွေကို အစိုးရမဟုတ်တဲ့ အကူအညီပေးရေးအဖွဲ့တွေ၊ ကုလအဖွဲ့တွေ သွားရောက်ခြင်းမပြုဖို့ ရခိုင်ပြည်နယ်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ ကုလရဲ့ ‘ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်’ WFP တို့ကိုတော့ ဒီလို တားမြစ်ခြင်း မရှိပါဘူး။

    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကန့်သတ်ထားတာကြောင့် ရခိုင်ပြည်နယ်က ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေဟာ လုံလောက်တဲ့ အကူအညီတွေ၊ ကာကွယ်ပေးမှုတွေ မရဘဲ ဖြစ်နေတာကို ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။
    အကူအညီတွေကို ကန့်သတ်မှုမရှိဘဲ လျင်လျင်မြန်မြန်ပေးနိုင်ရေး ကျွန်တော်တို့ရဲ့ တောင်းဆိုမှုကို အစိုးရဖက်က အပြုသဘောဆောင်ပြီး တုန့်ပြန်ဖို့၊ အရပ်သားတွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ ကာကွယ်ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကုလရုံး ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ပီရွန်က ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က အကူအညီပေးရေးကို ကန့်သတ်တာဟာ လုံခြုံရေးအကြောင်းအရင်းတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ပွဲတွေ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်တို့မသိဘူး။ လုံခြုံရေးစိုးရိမ်ရမှု မရှိတဲ့အခါကျရင် အကူအညီတွေကို ပြန်လည် ခွင့်ပြုပေးသွားမှာပါ”

    Ref: Reuters

  • ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ

    ရခိုင်စစ်ရှောင်ပြည်သူများကို အကူအညီပေးရေး စစ်တပ်က ပိတ်ပင်မှုရှိနေ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၉
    M-Media

    ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ (Photo Credit – ဧရာဝတီ)

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို အကူအညီပေးရာမှာ မြန်မာစစ်တပ်က တားမြစ်ပိတ်ပင်မှုတွေ ရှိနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၄ မြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀၀ ကျော်လောက် ရှိနေတာ ဖြစ်ပါတယ်။

    IDP စခန်းတွေမှာ အမိုးအကာ မလုံလောက်မှုတွေ ကြုံတွေ့နေရပြီး စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းက ဦးခိုင်ကောင်းစံက ကျောက်တော်မြို့နယ်မှာရှိတဲ့ စခန်းမှာ ပြည်သူတွေဟာ သီးတင်းပတ်နဲ့ချီ တာပေါ်လင်တဲတွေနဲ့ နေထိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျောက်တော်မြို့နယ်မှာရှိတဲ့ ရွာတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဆန်နဲ့ တခြားအကူအညီတွေပေးဖို့ စီစဉ်မှုတွေကို စစ်တပ်က တားမြစ်တာတွေလည်း ရှိနေပါတယ်။

    ဦးခိုင်ကောင်းစံက သူတို့ဖောင်ဒေးရှင်းက ဆန်အိတ်တွေ သွားပို့မယ့်အစီအစဉ်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နှုတ်မိတ်နဲ့ ခွင့်ပြုခဲ့ပေမယ့် စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က အကူအညီပေးရေးဝန်ထမ်းတွေကို တားဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူတွေအပေါ် အကူအညီပေးမှုကို စစ်တပ်က တားမြစ်ပိတ်ပင်တဲ့ ဖြစ်ရပ်တွေဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာ အကူအညီပေးရေးလုပ်ငန်းတွေကို စစ်တပ်က ပိတ်ပင်ခဲ့တယ်လို့ ကချင်နှစ်ခြင်းအသင်းတော် KBC က
    ပြီးခဲ့တဲ့နှစ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

    ကျောက်တော်မှာ ရွာပေါင်း ၂၀ က ရွာသားအားလုံးနီးပါးလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တစ်ချို့ဒေသတွေမှာ ကူညီလို့ရပမေယ့် ထွက်ပြေးလာသူတွေ တော်တော်များများ နေထိုင်နေတဲ့ နေရာနှစ်ခုမှာ လုံးဝ ကူညီလို့မရကြောင်း ဦးခိုင်ကောင်းစံက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “သူတို့လုပ်ရပ်က လူ့အခွင့်အရေးကို ပြောင်းပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်”

    မြန်မာနိုင်ငံက ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး ကနု အောစ့်ဘီက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀ လောက် ရှိနေတယ်လို့ မနေ့က Twitter စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က အိုးစွန့်ခွာထွက်ပြေးရသူတွေကို ကူညီပေးမယ်လို့ ကုလ မြန်မာအာဏာပိုင်တွေကို ကမ်းလှမ်းထားပေမယ့် မြေပြင်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ကလွဲလို့ အခြား အကူအညီပေးရေးအဖွဲ့တွေကို မမြင်ရသေးဘူးလို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင်ဖော်ပြသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)