News @ M-Media

Tag: Real Madrid

  • ချန်ပီယံလိဂ်အောင်ပွဲကို မျှော်လင့်မထားဟု ရီးယဲလ်နောက်ခံလူ ပြော

    ချန်ပီယံလိဂ်အောင်ပွဲကို မျှော်လင့်မထားဟု ရီးယဲလ်နောက်ခံလူ ပြော

    မေ ၂၉၊ ၂၀၁၆
    M-Media

    real madrid

    – ၁၁ ကြိမ်မြောက် ဥရောပချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့သည့်အတွက် ရီးယဲလ်နောက်ခံလူ အာဘီလိုအာက အသင်းဖော်များကို ချီးကျူးခဲ့ပြီး မိမိတို့အနေဖြင့် ထိုအောင်မြင်မှုကို မျှော်လင့်မထားဟု ပြောကြားလိုက်သည်။

    ဇန်န၀ါရီလက အသင်းအား ဘင်နီတက်ဇ်လက်မှ လွှဲပြောင်းကိုင်တွယ်ခဲ့သည့် ဇီဒိန်း ဦးဆောင်သော ရီးယဲလ်အသင်းမှာ ယနေ့မနက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ခါးသီးသော မြို့ခံပြိုင်ဘက် အက်သလက်တီကိုအား ပင်နယ်တီအထိကစား၍ အနိုင်ယူနိုင်ခဲ့သည်။

    ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာတော့မည့် အာဘီလိုအာကမူ မိမိတို့မှာ ထိုအောင်မြင်မှုကို မျှော်လင့်မထားဟု ဆိုသည်။

    “ဒါက ရီးယဲလ်မက်ဒရစ်ပါ။ ဆုဖလား ကိုင်မြှောက်ခွင့်ရတာကလွဲပြီး ပိုကောင်းတဲ့ ဥပမာမျိုး မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၄ လအရင်က ကျွန်တော်တို့ဟာ ဒီနေရာမှာ ၁၁ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။ ဒီလိုအောင်ပွဲ ရယူနိုင်တာကြောင့်ပဲ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နေတာပါ” ဟု အာဘီလိုအာက ပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ်အရှုံးက ကျဆုံးမှုဟု ဆီမြွန်နီပြော

    ချန်ပီယံလိဂ်အရှုံးက ကျဆုံးမှုဟု ဆီမြွန်နီပြော

    မေ ၂၉၊ ၂၀၁၆
    M-Media

    madrid

    – ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ရီးယဲလ်မက်ဒရစ်အား ရှုံးနိမ့်မှုမှာ ကျဆုံးမှုတစ်ခုဖြစ်သည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။

    ပွဲအစ ၁၅ မိနစ်တွင် ရီးယဲလ်က ရာမို့စ်၏ အဖွင့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၇၉ မိနစ်တွင် ယန်နစ် ဖာရီရာ ကာရက်စ်ကိုက အက်သလက်တီကိုအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး ပွဲပြီးချိန်အထိ ၁ ဂိုးစီသရေကျခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်ကစားရာ မည်သူမှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ပင်နယ်တီတွင် ရီးယဲလ်က ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ဒုတိယပိုင်းပွဲအစတွင် ဂရီဇ်မန်၏ ပင်နယ်တီကန်သွင်းမှု ဘားထိထွက်ခဲ့ပြီး၊ ဆီမြွန်နီက အသင်း၏ ရလဒ်အတွက် မကျေနပ်ခဲ့ပေ။

    “ဒုတိယရတဲ့သူကို ဘယ်သူမှ မှတ်မထားပါဘူး။ ဖိုင်နယ် ၂ ခုစလုံး ရှုံးနိမ့်ရတာဟာ ကျဆုံးမှုပါပဲ။ အခုတော့ ကျွန်တော်တို့ အိမ်ပြန်ပြီး ဒဏ်ရာတွေကို ကုစားရပါတော့မယ်။ (ရှုံးနိမ့်မှု ၂ ခုမှာ) ဘယ်ရှုံးနိမ့်မှုက အနာကျင်ဆုံးလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက် အနာကျင်ဆုံးက ငွေကုန်ကြေးကျခံပြီး လာကြည့်တဲ့သူတွေကို တွေ့မြင်ရတာပါပဲ” ဟု ဆီမြွန်နီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref : Goal

  • ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေမှာ ၅၀-၅၀ ဖြစ်သည်ဟု ဆီမြွန်နီပြော

    ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေမှာ ၅၀-၅၀ ဖြစ်သည်ဟု ဆီမြွန်နီပြော

    မေ ၂၁၊ ၂၀၁၆
    M-Media

    champ

    – ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မိမိတို့အသင်းနှင့် ရီးယဲလ် ဗိုလ်စွဲနိုင်ခြေမှာ ၅၀-၅၀ ရှိပြီး ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ကစားမည့် ရီးယဲလ်၏ ကစားကွက်အတွက် စိုးရိမ်မိသည်ဟု အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားလိုက်သည်။

    ဘိုင်ယန်အား ဆီးမီးတွင် ဖြုတ်ချခဲ့သည့် အက်သလက်တီကိုမှာ မန်စီးတီးကို အနိုင်ယူကာ တက်လာခဲ့သည့် မြို့ခံပြိုင်ဘက် ရီးယဲလ်နှင့် မေလ ၂၈ ရက်တွေ့တွင် မီလန်၌ တွေ့ဆုံရမည်ဖြစ်သည်။ ထိုတွေ့ဆုံမှုမှာ ၃ နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ၂ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၃-၁၄ ဖိုင်နယ်တွင် ရီးယဲလ်က အချိန်ပို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

    မန်စီးတီးနှင့် ဆီမီးဖိုင်နယ်တွင် ရီးယဲလ်မှာ ခံစစ်အားပြုကစားပုံကို ကစားခဲ့ပြီး ဆီမြွန်နီကမူ ဗိုလ်လုပွဲတွင်လည်း ထိုကဲ့သို့ ထပ်မံကစားမည်ဟု မျှော်လင့်နေသည်။

    “မန်စီးတီးနဲ့ကစားတုန်းကပုံစံမျိုး ရီးယဲလ် ကစားမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ သတိထားကစားမှာပါ။ ချန်ပီယံလိဂ်ပွဲတိုင်းမှာ သူတို့လုပ်သလိုမျိုး တန်ပြန်တိုက်စစ်ချောင်းကစားမှာပါ။ မန်စီးတီးနဲ့ပွဲတုန်းက ရီးယဲလ်ဟာ နည်းစနစ်ပိုင်းမှာ တော်တော်လေး တောင့်တင်းခဲ့ပါတယ်။ ဗိုလ်ပွဲမှာလည်း ဒီလိုပဲ ကစားမှာပါ” ဟု ဆီမြွန်နီက ယနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ချေမှာ ၅၀-၅၀ ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံးဟု ဘက်ခမ်းပြော

    ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံးဟု ဘက်ခမ်းပြော

    မေ ၂၀၊ ၂၀၁၆
    M-Media

    zidane 2

    – ယခုလနှောင်းပိုင်းတွင် ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မည်သည့်ရလဒ် ရသည်ဖြစ်စေ ဇီဒိန်းမှာ ရီးယဲလ်အတွက် အသင့်တော်ဆုံး နည်းပြဖြစ်သည်ဟု အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။

    ဘင်နီတက်ဇ်အား ထုတ်ပယ်ပြီးနောက် ရောက်ရှိလာသည့် ဇီဒိန်းမှာ ရီးယဲလ်အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့ပြီး လာလီဂါချန်ပီယံဘွဲ့အတွက် ဘာစီလိုနာကို နောက်ဆုံးနေ့အထိ စိန်ခေါ်နိုင်ခဲ့သည်။ ထို့ပြင် ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် အသလက်တီကိုနှင့် တွေ့ဆုံစေခဲ့သည်။

    မေ ၂၈ ရက်နေ့တွင် ကစားမည့် အဆိုပါပွဲတွင် ရှုံးနိမ့်ခဲ့ပါက ရီးယဲလ်မှာ ဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဇီဒိန်း၏ အနာဂတ်မှာလည်း မရေရာတော့ပေ။ အသင်းဖော်ဟောင်း ဘက်ခမ်းကမူ ဇီဒိန်းအား ထောက်ခံခဲ့သည်။

    “ကျွန်တော်က နည်းပြလုပ်ဖို့ မွေးလာတာမဟုတ်ပေမယ့် ဇီဒိန်းကတော့ ဟုတ်ပါတယ်။ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့အပြင် သူဟာ ဘောလုံးအပေါ် အလွန်အမင်းစွဲလမ်းသူ၊ ကျွန်တော်ကစားဖူးသမျှထဲမှာ အကောင်းဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။ အသင်းကို နည်းပြကာစ ဖြစ်တာကြောင့် မတည်မငြိမ်တာမျိုးဟာ ဖြစ်တတ်ပါတယ်။ သူရဲ့ နေရာက ဘယ်လိုအခြေအနေမျိုးမှာမှ အတိမ်းအစောင်းမခံတဲ့နေရာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်မှာ ရီးယဲလ်ဟာ သမိုင်းမှာ အကောင်းဆုံး ဘောလုံးအသင်း (ဘာစီလိုနာ) နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ အခါမျိုးမှာ အရာရာတိုင်းကို မှန်းဆဖို့ မလွယ်ပါဘူး” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ တည်ငြိမ်မှုနှင့် ရှေ့ဆက်နိုင်မှုက ကောင်းလာမည်ဖြစ်ပြီး ဇီဒိန်းမှာလည်း အခွင့်အရေးရပါက အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Goal

  • ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    ရီးယဲလ်၏ ဥရောပဖလား ၅ လုံးအား ပယ်ဖျက်ရေး တောင်းဆို

    မေ ၁၈၊ ၂၀၁၆
    M-Media

    real 2

    – ဥရောပဖလား (European Cup) အမည်ဖြင့် ကျင်းပစဉ် ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဖြစ်ခဲ့သည့် ၅ ချိန်ကို ယခုချန်ပီယံလိဂ်စာရင်းတွင် ထည့်သွင်းမှု ရပ်ဆိုင်းရေး အွန်လိုင်းမှ တောင်းဆိုမှုကို လူပေါင်း ၅၀၀၀၀ ခန့်က ထောက်ခံခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ တောင်းဆိုမှုကို စပိန်အခြေစိုက် အားကစားဆိုင်ရာ တရားမျှတရေးအဖွဲ့ Justicia Deportiva မှ စတင်ကာ change.org ၀ဘ်ဆိုက်က လွှင့်တင်ခြင်းဖြစ်သည်။ ဥရောပဖလားအမည်ဖြင့် ပြုလုပ်ခဲ့ပြီး ရီးယဲလ်က ၁၉၉၅-၅၆ ခုနှစ်မှ ၁၉၅၉-၆၀ နှစ်အထိ ဗိုလ်စွဲခဲ့သည့် အဆိုပါ ပြိုင်ပွဲများမှာ လက်ရှိကျင်းပနေသော ချန်ပီယံလိဂ်ပုံစံမျိုးနှင့် တူညီခြင်းမရှိဟု တောင်းဆိုစာတွင် ထောက်ပြထားသည်။

    ဥရောပဖလားနှင့် ချန်ပီယံလိဂ် ၂ ခုပေါင်းပါက ရီးယဲလ်မှာ စုစုပေါင်း ၁၀ ကြိမ် ရရှိခဲ့ပြီး ယခုလ ၂၈ ရက်နေ့တွင် မီလန်၌ အက်သလက်တီကိုနှင့်ကစားမည့် ဗိုလ်လုပွဲတွင် ဗိုလ်စွဲပါက ၁၁ ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။

    “အားကစား၊ ဒီမိုကရေစီတို့က ကိုယ်စားပြုထားတဲ့ တန်ဖိုးတွေအရ ရီးယဲလ်အသင်း ၁၉၅၅-၅၆ ကနေ ၁၉၅၉-၆၀ ကြား ရရှိခဲ့တဲ့ ဥရောပဖလားတွေကို ချက်ခြင်းရုပ်သိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီဖလားတွေဟာ ဒီနေ့ကျင်းပနေတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အဖြစ် အသိအမှတ်ပြုထားတဲ့ ပြိုင်ပွဲနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု တောင်းဆိုစာတွင် ရေးသားထားသည်။

    လက်ရှိအချိန်တွင် ထိုတောင်းဆိုစာအား ထောက်ခံသူပေါင်းမှာ ၅ သောင်းခန့်ရှိနေပြီး ထပ်တိုးလာမည့် အခြေအနေတွင် ရှိနေသည်။

    Ref: Goal