News @ M-Media

Tag: Real Madrid

  • ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူ

    ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူ

    မေ ၁၅၊ ၂၀၁၆
    M-Media

    real 1

    – လာလီဂါနောက်ဆုံးပွဲတွင် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဘောလုံးသမိုင်းတွင် ၆ နှစ်ဆက်တိုက် အနည်းဆုံး ဂိုး ၅၀ သွင်းယူနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

    ယမန်နေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ၎င်းသွင်းယူခဲ့သည့် ၂ ဂိုးကြောင့် ယခုနှစ် ရီးယဲလ်အတွက် ပြိုင်ပွဲအားလုံးတွင် ၎င်းသွင်းယူခဲ့သည့် ဂိုးများမှာ ၅၁ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှစ၍ ရော်နယ်ဒိုမှာ ၆ နှစ်ဆက်တိုက် အသင်းအတွက် အနည်းဆုံး ဂိုး ၅၀ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတွင် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။

    ဘာစီလိုနာမှ ၎င်း၏ပြိုင်ဘက် မက်ဆီကမူ ၂၀၁၀ နှင့် ၂၀၁၃ အကြား ၃ ရာသီဆက်တိုက် ဂိုး ၅၀ ကျော် သွင်းယူနိုင်ခဲ့သည်။ ယခုလအတွင်း ရီးယဲလ်မှာ မီလန်၌ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အက်သလက်တီကိုနှင့် ကစားရမည်ဖြစ်သောကြောင့် ရော်နယ်ဒိုမှာ ၎င်း၏ သွင်းဂိုးစာရင်းတွင် ဂိုးများ ထပ်ပေါင်းထည့်နိုင်မည့် အလားအလာ ရှိနေသည်။

    Ref: Goal

  • ဖလားလက်လွှတ်ရသော်လည်း အသင်းသားများအတွက် ရီးယဲလ်နည်းပြ ဂုဏ်ယူနေ

    ဖလားလက်လွှတ်ရသော်လည်း အသင်းသားများအတွက် ရီးယဲလ်နည်းပြ ဂုဏ်ယူနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    zidane 1

    – ရီးယဲလ်အနေဖြင့် လာလီဂါဖလား မရရှိခဲ့သော်လည်း အသင်းသားများ၏ နောက်ဆုံးအချိန်အထိ အားထုတ်ကြိုးပမ်းမှုကို နည်းပြ ဇီဒိန်းက ချီးကျူးဂုဏ်ပြုလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် လာလီဂါနောက်ဆုံးပွဲစဉ်တွင် ရီးယဲလ်မှာ ရော်နယ်ဒို၏ သွင်းဂိုး ၂ ဂိုးဖြင့် ဒီပို့တီဗိုအား အနိုင်ရရှိခဲ့သော်လည်း ဘာစီလိုနာက ဆွာရက်ဇ်၏ ဟက်ထရစ်ဖြင့် ဂရာနာဒါကို အနိုင်ရရှိခဲ့သောကြောင့် ရီးယဲလ်အား ၁ မှတ်ဖြတ်ကာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    သို့သော်လည်း ဧပြီလအထိ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေရာမှ ယခုကဲ့သို့ သူတင်ကိုယ်တင်ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့သည့် အသင်းအား ဇီဒိန်းက အကောင်းမြင်ခဲ့သည်။

    “(ဖလားမရတဲ့အတွက်) စိတ်ပျက်တာပေါ့ဗျာ။ ဒါပေမယ့် ဘောလုံးလောကဆိုတာ ဒီလိုပါပဲ။ လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ ဒါကသာ အရေးကြီးတာပါ။ အခုတော့ ကျွန်တော်တို့ဟာ နောက်ဆုံးကျန်နေတဲ့ပွဲ (အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ) အကြောင်းသာ ခေါင်းထဲထည့်ထားပါတယ်။ နောက်ဆုံးမှာ ဘာစီလိုနာရဲ့ နှာတစ်ဖျားသာမှုကို ကျွန်တော်တို့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ သူတို့ အမှတ်ပေးဖလား ရခဲ့တယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်” ဟု ဇီဒိန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ကစားသမားများအားလုံးအတွက် မိမိအနေဖြင့် ကျေနပ်မိပြီး အလွန်ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုနှင်ဘေးလ်တို့ အစေးမကပ်ဟု ရီးယဲလ်ဂန္တ၀င်ကစားသမား ပြော

    ရော်နယ်ဒိုနှင်ဘေးလ်တို့ အစေးမကပ်ဟု ရီးယဲလ်ဂန္တ၀င်ကစားသမား ပြော

    မေ ၁၀၊ ၂၀၁၆
    M-Media

    real

    – ရော်နယ်ဒိုနှင့် ဂါရက်ဘေးလ်တို့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ ဖြစ်သည်မှာ မှန်သော်လည်း ၎င်းတို့ တစ်ဦးနှစ်တစ်ဦး ကူညီဖေးမပါက ရီးယဲလ်မက်ဒရစ်အနေဖြင့် ယခုထက်ပို၍ အောင်မြင်မည်ဟု ရီးယဲလ် ဂန္တ၀င်ကစာသမား ဖရန်စစ္စကို ဂျန်တိုက ပြောကြားလိုက်သည်။

    ရီးယဲလ်အသင်း လာလီဂါပြေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာမှုနှင့် ချန်ပီယံလိဂ်တွင် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်မှုတွင် ရော်နယ်ဒိုနှင့် ဘေးလ်တို့မှာ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ရော်နယ်ဒိုမှာ အသင်းအတွက် စုစုပေါင်း ၄၉ ဂိုး သွင်းယူထားကာ ဘေးလ်ကမူ ဂိုး ၂၀ သွင်းယူပေးထားသည်။

    သို့သော်လည်း ၎င်းတို့ ၂ ဦး၏ ကွင်းအတွင်း ဆက်ဆံရးမှာ အစေးကပ်မှုမရှိဘဲ ရီးယဲလ်နှင့်အတူ ဥရောပဖလားကို ၆ ကြိမ်ဆက်တိုက်ရရှိခဲ့သည့် ဂျန်တိုကလည်း ထိုအချက်ကို ထောက်ပြခဲ့သည်။

    “သူတို့ဟာ ကြီးကျယ်တဲ့ကစားသမား ၂ ဦးပါ။ သူတို့လိုကစားသမားများကို လက်ချိုးရေလို့ရပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး ပိုအချိတ်အဆက်မိမယ်၊ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလောက် ကူညီကြမယ်ဆိုရင်တော့ သူတို့တွေဟာ ဖလားတွေ ပိုရမှာပါ” ဟု ဂျန်တိုက ထောက်ပြခဲ့သည်။

    ရီးယဲလ်မှာ ယခုတစ်ပတ်တွင် လာလီဂါနောက်ဆုံးပွဲစဉ်အဖြစ် ဒီပို့တီဗိုနှင့် ကစားရမည်ဖြစ်ပြီး ၎င်းတို့က ထိုပွဲအနိုင်ရကာ၊ ဘာစီလိုနာက ဂရာနာဒါနှင့်ပွဲ ရှုံးနိမ့်ပါက ရီးယဲလ်မှာ လာလီဂါဖလားကို ရရှိမည်ဖြစ်သည်။

    Ref: Goal

  • ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် ရီးယဲလ်အသင်းမှ ဖွင့်ဟသံများ

    ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် ရီးယဲလ်အသင်းမှ ဖွင့်ဟသံများ

    မေ ၅၊ ၂၀၁၆
    M-Media

    zidane

    – ဒီနေ့မနက်မှာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ဒုတိယအကျော့မှာ ဖာနန်ဒိုရဲ့ ကိုယ့်ဂိုးကိုသွင်းမှုနဲ့အတူ ရီးယဲလ်က နှစ်ကျော့ပေါင်း ၁ ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဗိုလ်လုပွဲမှာ မြို့ခံပြိုက်ဘက်အက်သလက်တီကိုကို အချိန်ပိုသွင်းဂိုးတွေနဲ့ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ ၁၀ ကြိမ်မြောက် ဥရောပဘောလုံးဘုရင်ဖြစ်ခဲ့တဲ့ ရီးယဲလ်ဟာ ဒီနှစ်ဗိုလ်လုပွဲမှာလည်း ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်ကို ဖြုတ်ချခဲ့တဲ့ အက်သလက်တီကိုနဲ့ ထပ်မံတွေ့ဆုံရမှာပါ။

    ဒီနေ့မနက်နိုင်ပွဲကြောင့် ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ပိုင်ဆိုင်ခွင့်အတွက် လက်တစ်ကမ်းအလိုရောက်နေတဲ့ ရီးယဲလ်နည်းပြ၊ အဓိက ကစားသမားတွေရဲ့ ဖွင့်ဟသံများကို စုစည်းဖော်ပြလိုက်ပါတယ်။

    “ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဗိုလ်လုပွဲကို ရောက်ခဲ့ပါပြီ။ ကစားသမားတွေအားလုံးရဲ့ အားထုတ်မှုအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာနေဗျူးပရိတ်သတ်ကတော့ အမြဲတမ်း ပြောစရာမလိုပါဘူး။ သူတို့ရဲ့အားပေးမှုဟာ ဒီလိုခက်ခဲတဲ့ ပွဲရဲ့ အစကနေအဆုံးအထိ အကူအညီဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးဗိုလ်ပွဲဟာ ၅၀-၅၀ ပါပဲ။ ကျွန်တော်တို့ ဖိုင်နယ်ရောက်ရုံပဲရှိနေပြီး ဗိုလ်မစွဲသေးပါဘူး” (နည်းပြ ဇီဒိန်း)

    “ဖိုင်နယ်ရောက်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်မိပြီး ဒါဟာ ထူးခြားမှုတစ်ခုပါပဲ။ ခက်ခဲတယ်။ ဒါပေမယ့် မန်စီးတီးထက် ကျွန်တော်တို့ ပိုကောင်းပါတယ်။ အခွင့်ရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပြီး ပိုပြီး အားထည့်ကစားနိုင်ခဲ့ပါတယ်။ ဂိုးရပြီးတော့ မန်စီးတီးက တင်ကစားတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်” (ရော်နယ်ဒို)

    “ဘယ်သူပဲဂိုးသွင်းသွင်း၊ ကိုယ့်ဂိုးကိုယ်သွင်းတာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အဓိကက ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခွင့် ရခဲ့ပါပြီ။ ကျွန်တော်တို့ ပွဲကို ဖြတ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတော့ မရခဲ့ပါဘူး။ ရီးယဲလ်ကို ကျွန်တော်ရောက်လာတဲ့ ရည်ရွယ်ချက်က ချန်ပီယံလိဂ်ဖလား ရဖို့ပါ။ တစ်ကြိမ် ကျွန်တော်ရပြီးပြီ။ အခုတော့ နောက်တစ်ကြိမ်ထပ်ရဖို့ အခွင့်အရေး ရှိနေပါပြီ” (ဂါရက် ဘေးလ်)

    “အခုတော့ ကျွန်တော်တို့ ဖိုင်နယ်ရောက်သွားပြီ။ ခက်တော့ခက်ခဲမှာပါ။ ဒါပေမယ့် အသင်းရဲ့ လုပ်အားနဲ့ စုစည်းညီညွတ်မှုဟာ ၃ နှစ်အတွင်း ချန်ပီယံ ၂ ကြိမ်ဖြစ်နိုင်တဲ့အစွမ်း ရှိနေပါတယ်။ အသင်းနဲ့ ပရိတ်သတ်တွေဟာ အရာအားလုံးနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ ၁၂ ယောက်မြောက်ကစားသမားအဖြစ် တာဝန်ကျေခဲ့တဲ့ ပရိတ်သတ်တွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ကျွန်တော်တို့ ရေကုန်ရေခန်း ကြိုးစားသွားမှာပါ” (လူကာ မိုဒရစ်)

    Ref: Goal

  • မိမိမှာ သမိုင်းတွင်သည့်ကစားသမား ဖြစ်သွားပြီဟု ရော်နယ်ဒိုပြော

    မိမိမှာ သမိုင်းတွင်သည့်ကစားသမား ဖြစ်သွားပြီဟု ရော်နယ်ဒိုပြော

    မေ ၃၊ ၂၀၁၆
    M-Media

    ronaldo

    – မိမိအား လူတိုင်းက ကြိုက်နှစ်သက်မှုမရှိသည်ကို လက်ခံသော်လည်း မိမိအနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားထဲမှ တစ်ဦးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းသမိုင်းတွင် စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတွင်လည်း ဂိုး ၁၀၀ ပြည့်သည့် ပထမဆုံး ကစာသမားဖြစ်ရန် ၇ ဂိုးသာ လိုတော့သည်။ ရော်နယ်ဒိုကမူ မိမိအား အမြဲတမ်းဝေဖန်သူရှိသည်ဆိုသည်ကို ၀န်ခံခဲ့သော်လည်း မိမိ၏ စွမ်းဆောင်ရည်များက ဘောလုံးလောကတွင် နေရာတစ်ခုကို ရရှိစေခဲ့သည်ဟု ဆိုသည်။

    “ဘောလုံးသမိုင်းမှာ ထိပ်ဆုံးကိုရောက်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ လူတွေက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် ကိန်းဂဏန်းတွေက သူတို့ကို စကားပြောပါလိမ့်မယ်။ အရင်က စံချိန်တင်ခဲ့တဲ့သူတွေနဲ့အတူ ကျွန်တော်လည်း ထိပ်ဆုံးမှာရှိမှာပါ။ တစ်ချို့က ကျွန်တော့်ကို ပိုကြိုက်ကြတယ်။ တစ်ချိုက သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ဘောလုံးသမိုင်းမှာ နေရာတစ်နေရာ ရသွားခဲ့ပြီဆိုတာ ကျွန်တော့်အနေနဲ့ သံသယမရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    Ref : Goal