News @ M-Media

Tag: Real Madrid

  • ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    ရော်နယ်ဒို၏ ဇာတိမှ လေဆိပ်ကို ၎င်းအမည်ပေး

    မတ် ၂၉၊ ၂၀၁၇
    M-Media

    – ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မွေးဖွားရာ မဒီရာကျွန်းမှ လေဆိပ်ကို ၎င်း၏အမည် ပေးခဲ့ပြီး ရော်နယ်ဒိုကမူ မိမိအနေဖြင့် ဂုဏ်ယူမိသည်ဟု ပြောကြားခဲ့သည်။

    ပေါ်တူဂီနိုင်ငံ အနောက်တောင်ပိုင်းရှိ အဆိုပါကျွန်းမှ လေဆိပ်ကို ရော်နယ်ဒို၏အမည် ပေးမည်ဟု ပြီးခဲ့သည့်နှစ်ကတည်းက ကြေငြာခဲ့ပြီး၊ ယနေ့တွင် နာမည်ပြောင်းလဲမှုအတွက် တရားဝင်အခမ်းအနား ကျင်းပခဲ့သည်။

    ‘ခရစ္စတီယာနို ရော်နယ်ဒို လေဆိပ်’ ဟု အမည်ပေးမှုအပြင် ၎င်း၏ ဦးခေါင်းပုံ ရုပ်ထုကိုလည်း ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ ရော်နယ်ဒိုကိုယ်တိုင် တိုက်ရောက်ခဲ့သည်။

    “ဒီနေရာမှာ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလေဆိပ်ကို ကျွန်တော့်နာမည်ပေးတာ မြင်ရတာဟာ တော်တော်လေးကို ထူးခြားတဲ့ ကိစ္စပါ။ ကျွန်တော့်တိုင်းပြည်အတွက်၊ အထူးသဖြင့် ကျွန်တော့် မွေးရပ်မြေအတွက် ကျွန်တော် ဂုဏ်ယူတယ်ဆိုတာ လူတိုင်းက သိကြပါတယ်။ ဒီလို လုပ်ဖို့အတွက်
    မယိမ်းယိုင်ဘဲ သတ္တိရှိခဲ့တဲ့ ပြည်နယ်အစိုးရ အကြီးအကဲ မီဂွဲလ် အလ်ဘူကာကွီကိုလည်း ကျွန်တော် ကျေးဇူး အထူးတင်ရှိပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    မဒီရာကျွန်း၏ မြို့တော်ဖြစ်ပြီး ရော်နယ်ဒိုမွေးဖွားရာ ဖန်ချဲလ်မြို့တွင်လည်း ရောနယ်ဒို၏ ရုပ်ထုကို ထုလုပ်ဂုဏ်ပြုထားသည်။

    ယခုကဲ့သို့ အမည်ပေးမှုအတွက် ဒေသတွင်းရှိ အချို့သော နိုင်ငံရေးသမားများက ကန့်ကွက်ခဲ့ကြပြီး ရော်နယ်ဒိုကမူ စွန့်လွှတ်မှု၊ ဂုဏ်ရှိမှုနှင့် စိတ်နှစ်မြှုပ်မှုတို့ဖြင့် ပေါ်တူဂီ၊ အထူးသဖြင့် မဒီရာဒေသကို ဂုဏ်တက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    အကြပ်အတည်းဆိုသည့်စကား မိမိတွင်မရှိဟု ဇီဒိန်းပြော

    မတ် ၄၊ ၂၀၁၇
    M-Media

    – ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးလိုက်ရသော်လည်း မိမိအနေဖြင့် ပြာယာခတ်မနေဘဲ အကြပ်အတည်းဆိုသည့် စကားလုံးလည်း မိမိတွင်မရှိဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အိမ်ကွင်းတွင် ရီးယဲလ်မှာ လက်စ် ပါးလ်မက်စ်အသင်းအား ခက်ခက်ခဲခဲကစားကာ ၃ ဂိုးစီ သရေကျခဲ့ပြီး ဘာစီလိုနာထက် တစ်ပွဲလျော့ တစ်မှတ်အကွာဖြင့် ထိပ်ဆုံးနေရာအား ဘာစီလိုနာကို လွှဲပေးခဲ့ရသည်။

    ရီးယဲလ်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထိုကဲ့သို့ နောက်မှ လိုက်ကစားရသည့် အခြေအနေမျိုး ရှိခဲ့သောကြောင့် အသင်းတွင် အကြပ်အတည်းပေါ်ပေါက်နေလားဆိုသည့် မေးခွန်များ ထွက်ပေါ်လာသည်။ ဇီဒိန်းကမူ ထိုပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး ဖလားရမည့် ယုံကြည်ချက်မျိုး ရှိနေသည်ဟု ဆိုသည်။

    “(အကြပ်အတည်းဆိုတဲ့စကားလုံး) ကျွန်တော့်မှာ မရှိပါဘူး။ ဘောလုံးလောကမှာလည်း မရှိပါဘူး။ ၃ ရက်တိုင်းမှာ အခြေအနေတွေပြန်ကောင်းအောင် လုပ်နိုင်ခြေ ရှိနေပါတယ်။ ကျွန်တော်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၃၊ ၄ ပွဲဟာ ဒီရာသီမှာ အကောင်းဆုံးအချိန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တုန်လှုပ်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လာလီဂါရဖို့ဆိုရင် ပွဲအများကြီး ရှုံးလို့မရလို့ပါ။ ကျွန်တော်တို့ဟာ အမြဲတမ်း ဆင်ခြေဆင်လတ်တွေ ပေးမနေပါဘူး။ တိုက်ပွဲဝင်ခြင်းအားဖြင့်၊
    လေ့ကျင့်ကွင်းမှာ၊ ပွဲတွေမှာ ကြိုးစားခြင်းအားဖြင့် ဘာရမလဲဆိုတဲ့ အသိမှာပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မှီခိုတာပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ယခုတစ်ပတ်တွင် အိုက်ဘာအသင်းနှင့် ကစားရမည်ဖြစ်ပြီး အားထားရသည့် တိုက်စစ်မှူး ဘေးလ်နှင့် ရော်နယ်ဒိုတို့မှာ အနီကဒ်ပြစ်ဒဏ်၊ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ပေ။

    Ref: Goal

  • တရုတ်ပရိတ်သတ်များ၏ တန်ဖိုးအရှိဆုံးကစားသမားဆုကို ရော်နယ်ဒို ရရှိ

    တရုတ်ပရိတ်သတ်များ၏ တန်ဖိုးအရှိဆုံးကစားသမားဆုကို ရော်နယ်ဒို ရရှိ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၇
    M-Media

    – ယခုနှစ်တွင် တစ်ဦးချင်းနှင့် အသင်းလိုက် ဆုတံဆိပ်များ၊ ဆုဖလားများကို သိမ်းကြုံးရယူထားသည့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ တရုတ်ပရိတ်သတ်များက ချီးမြှင့်သည့် တစ်နှစ်တာ တန်ဖိုးအရှိဆုံး ကစားသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၃၁ နှစ်အရွယ် ရော်နယ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု၊ ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုများ ရရှိထားပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားတို့အပြင် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ယူရို ၂၀၁၆ ချန်ပီယံဘွဲ့ကိုလည်း ရရှိထားသည်။

    ထို့ပြင် ယမန်နေ့တွင် အင်တာမီလန်အသင်းကို ပိုင်ဆိုင်သော တရုတ်စီးပွားရေးလုပ်ငန်း Suning Group က ထောက်ပံ့ပေးထားသည့် Dongqiudi ၀ဘ်ဆိုက်မှ ရွေးချယ်သည့် တစ်နှစ်ကာ တန်ဖိုးအရှိဆုံးကစားသမားဆုကို ရရှိခဲ့သည်။

    ရော်နယ်ဒိုကမူ မိမိကို မဲပေးမှုအတွက် ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “တရုတ် ပရိတ်သတ်တွေ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ရော်နယ်ဒို ၎င်း ဆုတံဆိပ် ရယူနေသည့် ပုံနှင့်အတူ Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ရော်နယ်ဒိုအား တရုတ်ကလပ်သို့ ရီးယဲလ်က ရောင်းမည်ဟု ကောလဟာလထွက်ပေါ်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၇
    M-Media

    – စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းမှာ ၎င်း၏တို့၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ရောင်းချသွားဖွယ်ရှိသည်ဟု စပိန်သတင်းဌာနတစ်ခုဖြစ်သော Don Balon က ဖော်ပြခဲ့သည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ နိုဝင်ဘာလက ရီးယဲလ်နှင့် ၅ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်အထိ အသင်း၌ရှိနေမည့် သဘောဖြစ်သည်။

    ရီးယဲလ်မှာ လွန်ခဲ့သည် ၂ နှစ်ကတည်းက ရော်နယ်ဒိုအား လက်လွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း အသင်း၌ ဆက်ရှိစေခဲ့ပြီး ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်စွဲမှုက သက်တမ်းတိုးရန် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်မှာ လက်ရှိစာချုပ်သက်တမ်းအကုန်အထိ ရော်နယ်ဒိုကို မထားချင်ဘဲ စာချုပ်ပြည့်ရန် ၁၂ လအလိုတွင် ပြောင်းရွှေ့ကြေးအများအပြားဖြင့် တရုတ်ကလပ်တစ်ခုခုသို့ ရောင်းချချင်နေသည်ဟု Don Balon က ဆိုသည်။

    လက်ရှိတွင် တရုတ်ကလပ်အသင်းများမှာ ဥရောပမှာ နာမည်ကြီး ကစားသမားများကို ဘောလုံးလောကမှ အနားမယူခင် ခေါ်ယူရန် ကြိုးစားလာပြီး တရုတ်အမှတ်ပေးပြိုင်ပွဲ၏ ပုံရိပ်ကို မြှင့်တင်ရန် ဆောင်ရွက်လာသည်။

    Ref: Goal

  • ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရော်နယ်ဒို ရရှိ

    ဖီဖာ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရော်နယ်ဒို ရရှိ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    fifa
    ဆု လက်ခံရယူနေသည့် ရော်နယ်ဒို

    – ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပြီး ထိုဆုကို ၄ ကြိမ်မြောက် ရရှိခြင်းလည်းဖြစ်သည်။

    ကလပ်အသင်း၊ နိုင်ငံအသင်းအဆင့်တွင် ရီးယဲလ်၊ ပေါ်တူဂီအသင်တို့နှင့် နှစ်ထပ်ကွမ်း ဥရောပချန်ပီယံဖြစ်ခဲ့သည့် ရော်နယ်ဒိုမှာ ဘာစီလိုနာမှ မက်ဆီ၊ အက်သလက်တီကိုမှ ဂရီဇ်မန်းတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

    “ပြီးခဲ့တဲ့နှစ်ဟာ တစ်ဦးတစ်ယောက်ချင်း အဆင့်မှာရော၊ ဘောလုံးအားကစားအဆင့်မှာပါ (ကျွန်တော့်အတွက်) ကြီးကျယ်တဲ့ နှစ်တစ်နှစ်ပါ” ဟု ရော်နယ်ဒိုက ပေါ်တူဂီတွင် ပြုလုပ်ခဲ့သည့် ဆုလက်ခံရယူပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဇကာတင် ၃ ဦးစာရင်းတွင် ရော်နယ်ဒိုက မဲအရေအတွက် ၃၅.၅၄ ရာခိုင်နှုန်း၊ မက်ဆီက ၂၆.၄၂ ရာခိုင်နှုန်းနှင့် ဂရီဇ်မန်းက ၇.၅၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ မဲများကို နိုင်ငံအသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များ၊ မီဒီယာသမားအချို့နှင့် ပရိတ်သတ်အချို့က ပေးခဲ့ခြင်းဖြစ်သည်။

    မက်ဆီမှာ ဖီဖာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ၅ ကြိမ် ရွေးချယ်ခံထားရပြီး ရော်နယ်ဒိုကမူ မက်ဆီကို လိုက်မီရန် တစ်ကြိမ်သာ လိုတော့သည်။

    ၂၀၁၆ ခုနှစ်အတွင်း ရော်နယ်ဒိုမှာ ယူရို ၂၀၁၆ ဖလား၊ ချန်ပီယံလိဂ် ဖလား၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားတို့ကို ရီးယဲလ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းတို့နှင့်အတူ ရရှိခဲ့ပြီး တစ်ဦးချင်းဆုအဖြစ် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု၊ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆု (Ballon D’Or)၊ ယခု ဖီဖာ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု တို့ကို ရရှိခဲ့သည်။

    “တစ်ယောက်ချင်းရော၊ အဖွဲ့လိုက်မှာရော ကျွန်တော် ဆုဖလားတွေ တော်တော်များများ ရခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ရော်နယ်ဒိုက ဆိုပြီး၊ ယခုဆုဖလားကို ၎င်း၏ မွေးရပ်မြေ မာဒီရာကျွန်းတွင်ရှိသည့် ၎င်း၏ ပြတိုက်တွင် ထားရှိသွားမည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: USA Today