News @ M-Media

Tag: Real Madrid

  • မိမိအပေါ် သံသယရှိမှု မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပြီဟု ရော်နယ်ဒိုပြော

    မိမိအပေါ် သံသယရှိမှု မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပြီဟု ရော်နယ်ဒိုပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    ပေါ်တူဂီလက်ရွေးစဉ်အသင်းနှင့်အတူ ယူရို ၂၀၁၆ ရရှိခဲ့စဉ်က

    – ၂၀၁၆ ခုနှစ်အတွင်း ဆုအားလုံးကို ရရှိခဲ့ခြင်းက မိမိ၏ခြေစွမ်းအပေါ် သံသယရှိသူများ မှားယွင်းကြောင်း သက်သေပင်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ယခုနှစ်အတွင်း ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ ယူရို ၂၀၁၆ ဖလားများ ရရှိခဲ့သလို၊ ယခုလ အစောပိုင်းကလည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိခဲ့သည်။

    ထို့ပြင် အသက် ၃၁ နှစ်အရွယ် ရော်နယ်ဒိုမှာ ယမန်နေ့က ကမ္ဘာ့အကောင်းဆုံး ဆုတစ်ခုဖြစ်သော Globe Soccer Awards ကို ထပ်မံ ရရှိခဲ့သည်။

    “အသင်းလိုက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ဦးချင်းဖြစ်ဖြစ် ကြည့်မယ်ဆိုရင် ဒီနှစ်ဟာ ကျွန်တော့်အတွက် အကောင်းဆုံးနှစ် ဖြစ်နိုင်ပါတယ်။ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ရတယ်၊ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပထမဆုံးအကြိမ် အဓိကဖလားတစ်ခု ရခဲ့တယ်။ Ballon d’Or ရသလို၊ Club World Cup လည်း ရခဲ့ပါတယ်။ ကျွန်တော် လိုဘ ထပ်ကြီးတော့ပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    “ကလပ်အသင်းရော၊ နိုင်ငံအသင်းမှာပါ ကျွန်တော့်ခြေစွမ်းကို သံသယရှိသူတွေအတွက် ဒါဟာ သက်သေပါပဲ။ ကျွန်တော်တို့ဟာ ဆုဖလားအားလုံးကို ရရှိခဲ့ပါတယ်”

    ထို့ပြင် ထိုကဲ့သို့ အောင်မြင်မှုရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ကလပ်အသင်းနှင့် နိုင်ငံအသင်းမှ အသင်းဖော်များအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ရော်နယ်ဒိုက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: espn

  • Ballon d’Or တွင် စပိန်ကစားသမားများ တန်ဖိုးထားမခံရဟု ရာမို့စ်ပြော

    Ballon d’Or တွင် စပိန်ကစားသမားများ တန်ဖိုးထားမခံရဟု ရာမို့စ်ပြော

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    raos

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ရွေးချယ်သည့်အခါတွင် စပိန်ကစားသမားများမှာ တန်ဖိုးထားမခံရဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်က ပြောကြားလိုက်သည်။

    ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရာမို့စ်၏ ရီးယဲလ်အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုက ဘာကာတိုက်စစ်မှူး မက်ဆီနှင့် အက်သလက်တီကိုတိုက်စစ်မှူး ဂရီဇ်မန်းတို့ကို ကျော်ဖြတ်ကာ စတုတ္ထအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    ကမ္ဘာ့အကောင်းဆုံး အသင်းများစာရင်းတွင် ထိပ်ဆုံး ၆ နေရာကို စပိန်ကလပ်အသင်းများ ရယူနိုင်ခဲ့သော်လည်း အကောင်းဆုံးဘောလုံးသမားဆု ဇကာတင်စာရင်းတွင် ပါဝင်ခဲ့သော ရာမို့စ်၊ အင်နီယေစတာနှင့် ကိုကီးတို့မှာ မဲတစ်မဲမှ မရခဲ့ပေ။

    “Ballon d’Or မှာ အင်နီယေစတာ မဲတစ်မဲမှ မရတာကို ကျွန်တော် အံ့သြပါတယ်။ ကျွန်တော် တစ်မဲမှ မရတဲ့အတွက် ဘာမှဖြစ်ပါဘူး။ ရာအူးလ်တို့လို၊ အင်နီယေစတာတို့လို ကစားသမားတွေ ဒီဆုမရတာ အံ့သြစရာကောင်းပါတယ်။ စပိန်ကစားသမားတွေဟာ တန်ဖိုးထား မရခံသလိုပါပဲ” ဟု ရာမို့စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရာမို့စ်က အဆိုပါဆုအတွက် သတ်မှတ်ချက်များ မည်သို့ ချထားသည်ကို မသိကြောင်း၊ သို့သော်လည်း ရီးယဲလ်တွင် ထိုဆုရထားသူတစ်ဦး (နည်းပြဇီဒန်း) ရှိနေသောကြာင့် ဆုရွေးချယ်မှုအပေါ် လေးစားမှု ပေးရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ရော်နယ်ဒို ပုံစံကောင်းပြန်ရပြီဟု ဇီဒိန်းပြော

    ရော်နယ်ဒို ပုံစံကောင်းပြန်ရပြီဟု ဇီဒိန်းပြော

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    rnl

    – ရာသီအစတည်းက ခြေစွမ်းမပြနိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ရော်နယ်ဒိုမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုနှင့် ဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ယမန်နေ့က စပို့တင်းဂီဂျွန်အား ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင်လည်း ၂ ဂိုးစလုံးကို သွင်းပေးခဲ့သည်။ ဇီဒိန်းကမူ ၎င်း၏ တိုက်စစ်မှူး ပုံစံကောင်း ပြန်ရမှုအတွက် ချီးကျူးခဲ့သည်။

    “ခရစ္စတီယာနိုက ဒီအတိုင်းပါပဲ။ ဘယ်အချိန်မဆို သူ ဂိုးသွင်းနိုင်တယ်။ သူ ဂိုးမသွင်းနိုင်တဲ့အခါ လူတွေက သူ မကောင်းဘူးလို့ ထင်ကြပါတယ်။ သူဟာ ဘင်ဇီမာနဲ့ အလယ်မှာ ကောင်းကောင်း ကစားနိုင်တယ်။ တောင်ပံလည်း ထွက်ကစားနိုင်တယ်။ ကြိုးလည်း ကြိုးစားတယ်။ သူဟာ ပုံစံကောင်း ပြန်ရနေပါပြီ” ဟု ဇီဒိန်း ပြောကြားခဲ့သည်။

    ထို့ပြင် ဘေးလ်အစား လူစားဝင်ကစားခဲ့သည့် ဂျိမ်းစ်ရော်ဒရီဂက်စ်ကိုလည်း ချီးကျူးခဲ့သည်။

    Ref: Goal

  • ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို ရော်နယ်ဒို တုန့်ပြန်

    ခြေစွမ်းနှင့်ပတ်သက်၍ ဝေဖန်မှုများကို ရော်နယ်ဒို တုန့်ပြန်

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media

    ronal

    – ဝေဖန်မှုများကြောင့် မိမိ၏ စွမ်းဆောင်ရည်တွင် မည်သို့မှ ထိခိုက်မည်ဟုတ်ဘဲ ယခုခြေစွမ်းအတိုင်း ပြန်လည်ပြသနိုင်မည်ဆိုသည့် ယုံကြည်ချက် ရှိနေသည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    လာလီဂါတွင် ရီးယဲလ်နှင့် ၆ ပွဲပါဝင်ကစားခဲ့ရာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည့် ရော်နယ်ဒိုကို ပြီးခဲ့သည့်လက ဘီလ်ဘာအိုအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဂိုးမသွင်းနိုင်သည့်အတွက် ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ ထိုနောက်ပိုင်း အလာဗက်စ်နှင့်ပွဲတွင် ရော်နယ်ဒိုမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့သော်လည်း နောက်ထပ် ၂ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သည်။

    ယမနေ့က ရီးယဲလ်နှင့် ၂၀၂၁ ခုနှစ်အထိ သက်တက်ရှိမည့် စာချုပ်သစ် ချုပ်ဆိုခဲ့သည့် ရော်နယ်ဒိုကမူ အများမျှော်လင့်နေသည့်ခြေစွမ်းမျိုးကို မကြာမီ ပြန်လည်ပြသမည်ဟု ဆိုသည်။

    “ကျွန်တော် ဂိုးမသွင်းနိုင်တဲ့ အခါမျိုးမှာ လူတွေရဲ့ အားမလိုအားမရဖြစ်မှု၊ ဝေဖန်မှုကို ကျွန်တော် ခံရပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးအများကြီး သွင်းခဲ့ဖူးပါတယ်။ ဂိုးမသွင်းနိုင်တဲ့အချိန်ဆိုရင်တော့ ခေါင်းထဲမှာ ဟိုဟိုဒီဒီ ရောက်လာတာပါပဲ။ ကျွန်တော် ဆက်ကောင်းနေတုန်းပါ။ ကျွန်တော် စိတ်မပျက်ပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် ပွဲတစ်ပွဲတွင် မိမိ ဂိုးသွင်း၊ မသွင်းက အရေးမကြီးကြောင်း၊ မိမိအနေဖြင့် အမြဲတမ်း ပုံမှန်ရော်နယ်ဒိုသာဖြစ်ကြောင်း၊ အသင်း၏ပုံရိပ်ကို အမြဲတမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော

    ရော်ဒရီဂက်စ်မှာ အသင်းအတွက် အရေးပါဆဲဟု ဇီဒိန်းပြော

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    ror

    – တိုက်စစ်မှူး ဂျိမ်းစ် ရော်ဒရီဂက်စ်က ပိုမိုကစားခွင့်ပေးရန် တောင်းဆိုမှုကို အသိအမှတ်ပြုပြီး ၎င်းကို အသင်းအတွက် အရေးပါသောကစားသမားအဖြစ် မိမိက မှတ်ယူထားဆဲဖြစ်သည်ဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    မိုနာကို တိုက်စစ်မှူးဟောင်း ရော်ဒရီဂက်စ်မှာ ယခုနှစ်တွင် လာလီဂါတွင် ၄ ပွဲသာ ကစားရသေးပြီး ၎င်းကမူ အသင်းတွင် ပါဝင်ခွင့်မရသည့်အတွက် စိတ်ပျက်မိသည်ဟုဆိုကာ မိမိအနေဖြင့် ပွဲထွက်လူစာရင်းနှင့် ပို၍ ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။

    ဇီဒိန်းကမူ မိမိအနေဖြင့်လည်း ရော်ဒရီဂက်စ် ပုံမှန်ကစားခွင့်ရမှုကို မြင်စေချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒါက ထူးခြားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ကစားသမားတိုင်းဟာ တစ်နည်းနည်းနဲ့တော့ ကောင်းကြတာပါပဲ။ ကျွန်တော် ကြိုးစားဆေင်ရွက်နေတာကာ အသင်းတစ်ခုဟာလည်း တစ်ယောက်ချင်းစီလိုပဲ အရေးကြီးတာကို ပြသဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ဖြေနိုင်တာက ဂျိမ်းစ်ဟာ အခြားကစားသမားတွေလောက် မကစားရဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော်တို့အတွက် အထောက်အကူဖြစ်သူတစ်ယောက်ပါ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ရော်ဒရီဂက်စ်အနေဖြင့် ပွဲများများ ကစားလိုသည်ကို မိမိက သိရှိကြောင်း၊ မိအနေဖြင့် ပွဲတစ်ပွဲချင်းစီအတွက် အသင်းတစ်ခုကို ကြိုးစားတည်ဆောက်နေရပြီး မည်သူကိုမှ လေးစားမှု မလျော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal