News @ M-Media

Tag: Refugee Crisis

  • ရွှေ့ပြောင်းလာသူများအတွက် တရားဝင်ဒုက္ခသည်စခန်း ပဲရစ်တွင် ဖွင့်ပေးမည်

    ရွှေ့ပြောင်းလာသူများအတွက် တရားဝင်ဒုက္ခသည်စခန်း ပဲရစ်တွင် ဖွင့်ပေးမည်

    ဇွန် ၂၊ ၂၀၁၆
    M-Media

    france
    ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂို

    – အကြောင်းအမျိုးအမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေအတွက် လာမည့်ရက်သတ္တပတ်တွေအတွင်း ပထမဦးဆုံး တရားဝင်ဒုက္ခသည်စခန်းတစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    အဲဒီစခန်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်အောင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ မြို့တော်မြောက်ပိုင်းမှာ ဖွင့်ပေးမှာဖြစ်ကာ ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင်လည်း ပြုလုပ်ထားပေးမှာ ဖြစ်ပါတယ်။

    “ကျွန်မတို့အနေနဲ့ မြို့တော်ပိုင်မြေနေရာအတော်များများကို သတ်မှတ်ထားပြီးပါပြီ၊ သတ်မှတ်ချိန်အတိုင်း ဘောင်ဝင်အောင်လို့ တတ်နိုင်သမျှ မြန်မြန် ဆောင်ရွက်နေပါတယ်၊ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ စင်တာတစ်ခုကို ဖန်တီးပေးသွားမှာပါ” လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အဲဒီစခန်းကို လာမယ့် လေးပတ်ကနေ ခြောက်ပတ်အတွင်း ဖွင့်လှစ်သွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

    “ကျွန်မကတော့ ဒီလူတွေရဲ့ အခြေအနေတွေကို သုံးသပ်အဖြေရှာနိုင်ဖို့အတွက် ကြိုဆိုရေးစင်တာတစ်ခုအဖြစ်ရော လက်ဗလာနဲ့ရောက်လာမယ့် သူတို့အတွက် သက်တောင့်သက်သာဖြစ်စေဖို့နေရာတစ်ခုအဖြစ်ပါ အသုံးဝင်မယ်လို့ မျှော
်လင့်ထားပါတယ်”

    Ref: IINA

  • ယခုနှစ်အတွင်း ရေနစ်သေဆုံးသည့် ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော်လာ

    ယခုနှစ်အတွင်း ရေနစ်သေဆုံးသည့် ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော်လာ

    ဇွန် ၂၊ ၂၀၁၆
    M-Media

    boat

    – ဒီနှစ်ထဲမှာ ဥရောပကို ကူးလာတဲ့ အန္တရာယ်များတဲ့ခရီးစဉ်အတွင်း ရေနစ်သေဆုံးခဲ့တဲ့ ဒုက္ခသည်အရေအတွက်ဟာ ၂၅၁၀ ခန့် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောလိုက်ပြီး နောက်ထပ် လူတော်တော်များများကလည်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် ပထမငါးလအတွင်းမှာ ရေနစ်သေဆုံးတဲ့ ဒုက္ခသည်ပေါင်း ၁၈၅၅ ဦးခန့်ရှိခဲ့ပြီး ဒီနှစ်မှာတော့ အဲ့ဒီပမာဏထက် ၂၅ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။

    “ဒီကိန်းဂဏန်းတွေက ကြောက်မက်ဖွယ်ရာဖြစ်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ ပြီးတော့ ဒါဟာ မြေထဲပင်လယ်ထဲက ရွှေ့ပြောင်းဒုက္ခသည်ကိစ္စတွေကို ဖြေရှင်းရေး အစိတ်အပိုင်းအဖြစ် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အရေးကြီးနေပြီဆိုတာကိုလည်း မီးမောင်းထိုးပြနေပါတယ်” လို့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက ပြောပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်ဟာ ဥရောပကို ခိုလှုံဖို့ ၀င်ရောက်လာကြတဲ့ ဒုက္ခသည်တွေ သေဆုံးမှုအများဆုံး သီတင်းပတ် ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း ဒီလိုအချက်အလက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဒုက္ခသည်များမှာ အန္တရာယ်ရှိသူမဟုတ်ဘဲ အန္တရာယ်ကျရောက်နေသူများဟု ပုပ်ရဟန်းမင်းကြီးပြော

    ဒုက္ခသည်များမှာ အန္တရာယ်ရှိသူမဟုတ်ဘဲ အန္တရာယ်ကျရောက်နေသူများဟု ပုပ်ရဟန်းမင်းကြီးပြော

    မေ ၃၀၊ ၂၀၁၆
    M-Media

    pp 2

    – နိုင်ငံအတွင်း ဒုက္ခသုက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ဒုက္ခသည်များမှာ အန္တရာယ်ရှိသောသူများ မဟုတ်ဘဲ အန္တရာယ်ကျရောက်နေသောသူများသာ ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီ ဖရန်စစ်က ပြောကြားလိုက်သည်။

    စနေနေ့က ကလေးငယ်များနှင့် ဗာတီကန်တွင်တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်ဖြစ်ပြီး မိဘ ၂ ပါး ရေနစ်၍ အသက်ဆုံးရှုံးခဲ့ရသည့် နိုက်ဂျီးရီးယား ဒုက္ခသည်ကလေးငယ်တစ်ဦးကိုလည်း ပုပ်ရဟန်းမင်းကြီးက ပွေ့ဖက် နှစ်သိမ့်ခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း လစ်ဗျားနှင့် အီတလီအကြား ရေပြင်တွင် ဒုက္ခသည်လှေများ တိမ်းမှောက်မှု တစ်ခုထက်မက ဖြစ်ပွာခဲ့ပြီး လူပေါင်း ၁၄၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကာ ရာပေါင်းများစွာ သေဆုံးနိုင်ဖွယ် ရှိနေသည်။ သောကြာနေ့အထိ အလောင်း ၄၅ လောင်း ရရှိထားပြီး ထိုအထဲတွင် ၃ ဦးမှာ လသားအရွယ် ကလေးငယ်များဖြစ်သည်။

    ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့သည့် ကလေးငယ်များမှာ အီတလီတောင်ပိုင်းမှ ကလေးငယ်များဖြစ်ပြီး ဗာတီကန်သို့ ရထားဖြင့်လာရောက်ခဲ့ခြင်းဖြစ်သည်။

    ထိုတွေ့ဆုံမှုအတွင်း မြေထဲပင်လယ်တွင် ဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော စပိန်ကယ်ဆယ်ရေးသမားတစ်ဦးက အမှတ်တရပေးထားသည့် သက်ကယ်အင်္ကျီကိုလည်း ပြသခဲ့သည်။

    “သူက ဒီသက်ကယ်အင်္ကျီကို ယူပြီး ကျွန်တော့်ဆီလာတယ်။ ပြီးတော့ ငိုသံပါကြီးနဲ့ “ပင်လယ်ထဲမှာ ကလေးမလေးတစ်ယောက်ကို ကျွန်တော် မကယ်တင်နိုင်ခဲ့ဘူး – ဖာသာ။ မကယ်နိုင်ခဲ့ဘူးဗျာ။ ကျွန်တော်ရခဲ့တာကာ အဲဒီကလေးရဲ့ ဒီသက်ကယ်အင်္ကျီပါပဲ” လို့ ပြောခဲ့ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် ပုပ်ရဟန်းမင်းကြီးမှာ ဒုက္ခသည်များ၏ ဒုက္ခသုက္ခများကိုလည်း ထပ်လောင်းပြောကြားခဲ့ပြီး ခနော်ခနဲ့ လှေငယ်များဖြင့် ဒုက္ခသည်ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ အသက်ကိုရင်းကာ ဥရောပသို့ လာရောက်နေကြသည်ဟုလည်း ဖရန်စစ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : Aljazeera

  • အီတလီတွင် ဒုက္ခသည်လှေများနစ်မြုပ်မှု လူ ၇၀၀ ကျော် သေဆုံးနိုင်

    အီတလီတွင် ဒုက္ခသည်လှေများနစ်မြုပ်မှု လူ ၇၀၀ ကျော် သေဆုံးနိုင်

    မေ ၂၉၊ ၂၀၁၆
    M-Media

    italy 3

    – ပြီးခဲ့သည့် ရက်အနည်းအငယ်အတွင်း အီတလီနိုင်ငံတောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဒုက္ခသည်လှေများ နစ်မြုပ်မှုအတွင်း လူပေါင်း ၇၀၀ ကျော်မှာ ရေနစ်သေဆုံးနိုင်ဖွယ် ရှိနေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ပြောရေးဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက ပြောကြားခဲ့သည်။

    ပထမဆုံးဆုံး နစ်မြုပ်မှုမှာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသင်္ဘောတွင် လူပေါင်း ၆၀၀ ခန့်ပါဝင်လာကာ အချို့မှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ ကြာသာပတေးနှင့် သောကြာနေ့များတွင်လည်း နောက်ထပ် ဒုက္ခသည်သင်္ဘော နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်များကြောင့် စုစုပေါင်း လူ ၇၀၀ ကျော် ပျောက်ဆုံးနေကာ သေဆုံးပြီဟု ယူဆရဖွယ် ရှိနေသည်။

    “လက်ရှိအချိန်မှာ လစ်ဗျားကနေ အီတလီကိုကူးဖို့ လှေတော်တော်များများ ရှိနေပြီး ကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါတယ်” ဟု စပင်လာက ဆိုသည်။ ထို့ပြင် လှေငယ်များဖြင့် ဒုက္ခသည်များ ဥရောပသို့ ၀င်ရောက်လာမှုကို တားမြစ်ရေး ပိုမိုဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုက္ခသည်ကလေးများ ပညာရေးအတွက် ရန်ပုံငွေအစီအစဉ် ကုလစတင်မည်

    ဒုက္ခသည်ကလေးများ ပညာရေးအတွက် ရန်ပုံငွေအစီအစဉ် ကုလစတင်မည်

    မေ ၁၈၊ ၂၀၁၆
    M-Media

    rfugee fund

    – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတွေနဲ့ ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ ကလေးငယ်တွေကို ပညာသင်ကြားမှုအခွင့်အလမ်း ပေးအပ်နိုင်ဖို့အတွက် ရန်ပုံငွေအစီအစဉ်တစ်ခု ဖန်တီးမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ပညာရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဂေါ်ဒွန် ဘရောင်းက တနင်္လာနေ့မှာ ကြေငြာလိုက်ပါတယ်။

    အဲဒီအစဉ်အစဉ်ကို လာမယ့်တစ်ပတ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ စတင်မှာ ဖြစ်ပါတယ်။ ဒါဟာ ယူနီဆက်ဖ်၊ ယူနက်စကို၊ UNHCR စတဲ့ သုံးဖွဲ့အပြင် ကမ္ဘာ့ဘဏ်၊ ပညာရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက်အဖွဲ့ (GPE) နဲ့ ကမ္ဘာ့အလှူရှင်များအကြား သုံးနှစ်တာပူးပေါင်းဆောင်ရွက်အားထုတ်မှုရဲ့ အကျိုးရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ နောက်ငါးနှစ်အတွက် ဒေါ်လာ ၃.၈၆ ဘီလီယံ လိုအပ်မယ်လို့ ဘရောင်းက ဆိုပြီး ဆီးရီးယားကလေးငယ်တွေ တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်က ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ဖို့အရေး ဒီတစ်နှစ်စာကိုပဲ ဒေါ်လာ သန်း ၈၀၀ လောက် ကုန်ကျနိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလသမဂ္ဂဦးဆောင်တဲ့ အခုစီမံကိန်းမှာ နိုင်ငံအမြောက်အများက အလှူရှင်တွေနဲ့ ကုမ္ပဏီ ၆၀ ရဲ့ ထောက်ပံ့မှုတွေ ရရှိထားပြီး၊ စက်တင်ဘာ ကျောင်းဖွင့်ရာသီအစမှာပဲ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တစ်ခု သတ်မှတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    ကုလသမဂ္ဂက ကမ္ဘာတစ်ဝှမ်း နေရပ်စွန့်ခွာရတဲ့ ကလေးငယ် သန်း ၃၀ ၀န်းကျင်မှာ သန်း ၂၀ လောက်က ကျောင်းနေအရွယ်တွေဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီလိုအပ်တဲ့နေရာတွေနဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ကလေးငယ် စုစုပေါင်း ၇၅ သန်းကတော့ ပညာသင်ယူမှုမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

    Ref : IINA