News @ M-Media

Tag: Rohingya

  • ရိုဟင်ဂျာကိစ္စ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် တရုတ်ကမ်းလှမ်း

    ရိုဟင်ဂျာကိစ္စ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီရန် တရုတ်ကမ်းလှမ်း

    ဧပြီ ၂၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူနည်းစုများ၏ ဒုက္ခသုက္ခများအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သံတမန်ရေးဆိုင်ရာ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပါဝင်ကူညီပေးရန် တရုတ်နိုင်ငံက ယမန်နေ့တွင် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

    အကြမ်းဖက်မှုမှ လွတ်မြောက်ရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ၆၉၀၀၀ ၀န်းကျင်ခန့် ထွက်ပြေးခဲ့ရပြီးနောက် ထိုလူ့အဖွဲ့အစည်းအား မိမိတို့၏ နိုင်ငံသားမဟုတ်ဟု မှတ်ယူထားသည့် မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ အဖုအထစ်များ ရှိခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၄ ရက်ကြာ အလယ်အပတ်သွားရောက်သည့် တရုတ်အထူးသံတမန် ဆန်ဂူရှင်းက ထိုပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီး တရုတ်နိုင်ငံက ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဒါကာရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိနေပြီး အခြေခံအဆောက်အဦးများ ဆောက်လုပ်ရေးတွင် ထို နှစ်နိုင်ငံစလုံး၌ ကူညီမှုများ ပြလုပ်နေသည်။

    ဟက်က ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာမှုကြောင့် မြန်မာနိုင်ငံနှင့် ဖြစ်နေသည့် မကျေလည်မှုအတွက် ကူညီမည်ဟု တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး မြန်မာနယ်စပ်အနီး ကော့ဘဇားဒေသတွင် နေထိုင်နေသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများကို လာရောက်ကြည့်ရှုရန်လည်း ကမ်းလှမ်းခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မာမင်းကျင်းမှာ မတ်လအတွင်းက ရိုဟင်ဂျာ စခန်းတစ်ခုကို လာရောက် ကြည့်ရှုခဲ့သည်။

    Ref : Reuters

  • မိုးတွင်းမတိုင်မီ ရခိုင်ဒုက္ခသည်စခန်းများမှ လူ ၁၆၀၀ ကျော်ကို နေရာချထားပေးမည်

    မိုးတွင်းမတိုင်မီ ရခိုင်ဒုက္ခသည်စခန်းများမှ လူ ၁၆၀၀ ကျော်ကို နေရာချထားပေးမည်

    ဧပြီ ၂၂၊ ၂၀၁၇
    M-Media

    စစ်တွေဒုက္ခသည်စခန်းမှ မြင်ကွင်းတစ်ခု

    – ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေ တည်ငြိမ်လာသည့်အတွက်ကြောင့် ဒုက္ခသည်စခန်းများကို ပိတ်ပစ်ရန် စီစဉ်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧပြီ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “ရခိုင်ပြည်နယ်က ယာယီဒုက္ခသည်စခန်းတွေအားလုံးကို ပိတ်ပစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အချို့နေရာတွေ ရှိသေးတယ်။ အာလုံးကို ပိတ်မှာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ စခန်းတွေကို ပိတ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

    ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယာယီနေထိုင်ရန်အတွက် အဆိုပါ စခန်းများကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်များမှ ဒုက္ခသည်စခန်းများရှိ ပြည်သူများကို ၎င်းတို့၏ မူလနေရာများသို့ ပထမဆုံး ပြန်လည်နေရာချထားပေးမည်ဖြစ်သော်လည်း အချို့နေရာများတွင် စခန်းအတွင်း နေထိုင်သူများနှင့် ဒေသခံများ နှစ်ဖက်စလုံး အဆင်ပြေစေမည့် သင့်လျော်သည့်နေရာကို စီစဉ်နေသည်ဟု ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။

    ကျောက်ဖြူရှိ ကြိမ်ချောင်းစခန်းမှ လူဦးရေ ၄၀၀၊ ရမ်းဗြဲဒုက္ခသည်စခန်းမှ ၉၆ ဦး၊ ကျောက်တလုံး စခန်းမှ ၁၁၁၉ ဦးတို့ကို ယခုနှစ် မိုးတွင်းမတိုင်ခင် နေရာချထားပေးမည်ဖြစ်သည်။

    ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်း တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဧပြီလ ၁၁ ရက်နေ့တွင် ပြည်တွင်းရှိ နိုင်ငံခြား သံတမန်များနှင့် ကုလကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ရှင်းလင်းပြောကြားခဲ့သည်။

    Ref: mmtimes

  •ဲမြန်မာနိုင်ငံက ဆော်ဒီရဲ့ အကျိုးစီးပွားကို ရခိုင်ပြဿနာက ထိခိုက်နိုင်လား

ဲမြန်မာနိုင်ငံက ဆော်ဒီရဲ့ အကျိုးစီးပွားကို ရခိုင်ပြဿနာက ထိခိုက်နိုင်လား

    ဧပြီ ၁၉၊ ၂၀၁၇
    M-Media

    – အလံမလှဲ တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံအကျဉ်းသားတစ်ယောက်၊ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးသဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုကာ ယခင်စစ်အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံတစ်ယောက် စသဖြင့် ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးအသစ် ရတဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဘက်ပေါင်းစုံက ဝေဖန်မှုကို ခံလာရပါတယ်။ ဒါဟာ အုပ်ချုပ်ရေးမှာ အာဏာရှင်ဆန်တဲ့ နည်းလမ်းနဲ့အတူ လူသားချင်းစာနာထောက်ထားမှုအတွက် ကိုယ့်နည်းကိုယ့်ဟန်တဲ့ ဆောင်ရွက်နေတာကြောင့်ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ လူနည်းစု မွတ်စလင်တွေအပေါ် လူမျိုးစုလိုက်ရှင်းလင်းမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်နေတယ်လို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက မှတ်ယူထားတဲ့ကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီဟာ ကြံရာပါဖြစ်နေတယ်လို့ ယူဆခံရပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

    ရိုဟင်ဂျာတွေအတွက် အကူအညီပေးရေးဟာ အနောက်နိုင်ငံတွေက ပုံမှန်ကူညီနေကြ ရင်းမြစ်တွေကလာသလို ဆော်ဒီ အာရေဗျကလည်း ကူညီမှုတွေ ရှိပါတယ်။ ဒီဘုရင့်နိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ရိုဟင်ဂျာတွေ အခြေအနေ စပြီး ဆိုးရွားလာကတည်းက ဘဏ္ဍာရေးကူညီမှုတွေ လုပ်နေတာပါ။ ရခိုင်ပြည်နယ်မှာ အများဆုံးရှိနေတဲ့ မြန်မာနိုင်ရဲ့ ရေနံလုပ်ငန်းမှာ ကြီးကြီးမားမား ရင်းနှီမြှုပ်နှံထားတာကြောင့် ဆော်ဒီဟာ ကိုယ်ကျိုးစီးပွားကိုကာကွယ်ဖို့ လုပ်ရမယ့်ဟာမှန်သမျှ အားလုံးလုပ်ဖို့၊ လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို ငွေကြေးထောက်ပံ့ဖို့ ဆန္ဒရှိတယ်ဆိုတာသံသယဖြစ်ရမယ့်အရာမျိုးတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မှုအပါအ၀င် ဆော်ဒီနဲ့ ပါကစ္စတန်ကရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ဆက်စပ်တဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုက ရခိုင်ပြည်နယ်အတွင်း အစိုးရစစ်တပ်ရဲ့ တည်ရှိမှုကို ကြီးမားလာစေခဲ့ပါတယ်။

    ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကိစ္စတွေကို နေရာတော်တော်များများမှာ တင်ပြခဲ့ကြပါတယ်။ အခုနှစ်အစောပိုင်းတုန်းကဆိုရင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) ဟာ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်က မွတ်စလင်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ဒီအစီရင်ခံစာကို ငြင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီတွေ့ရှိချက်တွေကို သဘောမတူခဲ့ဘဲ အစိုးရဟာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်ဆိုတဲ့ စွဲချက်ကိုလည်း ငြင်းဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က အကြမ်းဖက်မှုရင်းမြစ်တွေဟာ ကျယ်ပြန့်ပြီး ကိုလိုနီနိုင်ငံ ဖြစ်နေတဲ့အချိန် သန်ခေါင်စာရင်းကောက်ယူမှုမှာ ‘ရိုဟင်ဂျာ’ ဆိုတဲ့ စကားလုံးကို ဗြိတိသျှကိုလိုနီအစိုးရက ထည့်သွင်းမှု မရှိခဲ့တဲ့အပေါ် မူတည်နေပြီး နောက်ပိုင်းမှာတော့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်းနိုင်ငံကနေ ၀င်ရောက်လာသူတွေဖြစ်တယ်၊ မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်း ဆက်စပ်မှုမရှိဘူးလို့ မှားယွင်း သတ်မှတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အရင်က စစ်အာဏာရှင်နဲ့ လက်ရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ နှစ်ခုစလုံးဟာ ရိုဟင်ဂျာတွေရဲ့ ပြည့်ဝတဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာမှု၊ မဲပေးပိုင်ခွင့်တွေကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအချိန်မှာ မဟန်တဲ့ အခြေအနေတစ်ခုကို ကြုံတွေ့နေရပြီး အကြမ်းမဖက်တဲ့ နိုင်ငံရေး ပြောင်းလဲမှုသဘောတရားကို ထောက်ခံတယ်လို့ ထပ်လောင်း ပြောကြားထားပေမယ့် တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ စစ်တပ်က အင်နဲ့အားနဲ့ တည်ရှိနေတာဟာ ရိုဟင်ဂျာတွေက တရားဥပဒေစိုးမိုးရေးကို အလေးမထားလို့ဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။

    ကွယ်လွန်သွားပြီဖြစ်တဲ့ ဆော်ဒီဘုရင် အဘ်ဒူလာဟာ ၂၀၀၉ ခုနှစ်အရင်က ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခကို အသိအမှတ်ပြုခဲ့ပြီး လူပေါင်း ၂၅၀၀၀၀ လောက်ကို အမြဲတမ်းနေထိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီအာဏာပိုင်တွေဟာ သူတို့နိုင်ငံကို ရောက်လာတဲ့အခြေအနေပေါ်မှာ မူတည်ပြီး မြန်မာနိုင်ငံသားတော်တော်များများကို ခွဲခြားမှုတွေ လုပ်ခဲ့ပါတယ်။ ဆော်ဒီကိုရောက်လာတဲ့ မြန်မာနိုင်ငံသားအများစုဟာ ကျွမ်းကျင်မှု နိမ့်ပြီး၊ လစာနည်းတဲ့ အလုပ်သမားတွေအဖြစ် ရောက်လာတာဖြစ်ပြီး၊ အခြားသော ဆင်းရဲတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အလုပ်သမားတွလို စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဘုရင် အဘ်ဒူလာ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ဘုရင်ဆလ်မန်ဟာ ဂျစ်ဒါထောင်ထဲမှာ ရိုဟင်ဂျာမိသားစု ၃၀၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီလိုပြန်ပို့မယ့် အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဆော်ဒီနှင့် မြန်မာတို့၏ ဆက်ဆံမှု

    ဒီလိုနောက်ပြန်သွားမှုတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ဆော်ဒီရဲ့ ပေါ်လစီကို မှန်းဆရခက်သွားပါတယ်။ အခုနှစ်မှာတော့ ဆော်ဒီအစိုးရက သူတို့အနေနဲ့ ၄ နှစ်အတွင်းမှာ ရိုဟင်ဂျာ ၁၉၀၀၀၀ ကို လက်ခံသွားမယ်လို့ ကြေငြာခဲ့ပြီး၊ အကန့်အသတ်နဲ့ ငွေကြေးထောက်ပံ့ဖို့လည်း ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆော်ဒီအစိုးရဟာ ကုလအစည်းအဝေးမှာ မြန်မာအစိုးရဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုကို လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။ ဒါဟာ ဆော်ဒီအစိုးရက သိပ်ပြီး လုပ်လေ့လုပ်ထမရှိတဲ့ လုပ်ရပ်ပါ။ ရိုဟင်ဂျာပြဿနာမှာ ပထမဆုံး ပါဝင်ပြလိုက်ပြီး လူ့အခွင့်အရေးဟာ ဆော်ဒီအာရေဗျရဲ့ အဓိက ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာ အခြားနိုင်ငံတွေကို သိစေဖို့ ဆောင်ရွက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ သဘာဝရင်းမြစ်တွေ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုတွေမှုတွေအတွက် မြန်မာအစိုးရ၊ တရုတ်အစိုးရတွေနဲ့ ဆော်ဒီက ပူးတွဲလုပ်ဆောင်နေပါတယ်။ ကျောက်ဖြူကနေ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းကနေ တစ်နေ့ကို ရေနံစည်ပေါင်း ၂ သိန်း ပေးပို့ဖို့အတွက် ဆော်ဒီနဲ့ တရုတ်တို့ရဲ့ နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဆော်ဒီနဲ့ ပါရှင်ပင်လယ်ကွေ့နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ရေနံလုပ်ငန်းမှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရခိုင်ရဲ့ ဖွံ့ဖြိုးလာတဲ့ ရေနံလုပ်ငန်းကို အထောက်အကူဖြစ်စေဖို့အတွက် လမ်းတွေ၊ ဟိုတယ်တွေကို ဆောက်လုပ်ပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တာကာဟာ တရုတ်ကို မြန်မာနိုင်ငံကတစ်ဆင့် မီသိန်းဓာတ်ငွေ့ ပေးပို့ခဲ့ပြီး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ ရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှုကို ထင်ရှားစေခဲ့ပါတယ်။ ဆော်ဒီက ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ထောက်ခံမှုကို ဆက်လက်ပြုလုပ်နေပေမယ့် ကာတာလို အခြား ပင်လယ်ကွေနိုင်ငံတွေကတော့ သူတို့ရဲ့ ဒေသတွင်း မဟာဗျူဟာနဲ့ ဆန့်ကျင်မယ်ဆိုရင် ဒီကိစ္စကို လစ်လျူရှုထားမယ့်ပုံပေါ်နေပြီး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မဖြစ်စေချင်တာကြောင့် ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည်ဖြစ်စေ၊ ဦးမဆောင်သည်ဖြစ်စေ မြန်မာအစိုးရက အနာဂတ်မှာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ရပ်တည်ချက်ကို ပြောင်းလဲဖို့ မရှိပါဘူး။ ဆော်ဒီဟာ သူ့ရဲ့ ၂၀၃၀ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပြီး အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေဖို့အတွက် အာရုံစိုက်လုပ်ဆောင်နေတဲ့ အခုအချိန်မှာ မြန်မာနိုင်ငံက သူတို့ရဲ့ စီးပွားရေး၊ ကုန်စည်ကူးသန်းမှု၊ ရင်းမြှုပ်နှံမှု၊ အကျိုး စီးပွားတွေကို မထိခိုက်သ၍ ရိုဟင်ဂျာတွေအပေါ် ကူညီပံ့ပိုးမှုကတော့ ဆက်ရှိနေမှာဖြစ်ပါတယ်။

    ဆော်ဒီဟာ မြန်မာနိုင်ငံက နှစ်ဖက်အကျိုးစီးပွားအတွက် တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ကာတစ်ဖက်ကလည်း ဖိနှိပ်ခံ မွတ်စလင်လူနည်းစုတစ်ခုအတွက် ရက်ရက်ရောရော ကူညီပံ့ပိုးပေးမှုကို ဆက်လက်ထိန်းသိမ်းပြီး သူ့ရဲ့ အကျိုးစီးပွားကို ဆုပ်ကိုင်ထားနိုင်ပါ့မလား။

    ဆော်ဒီရဲ့ ဒီလို ဆက်နွယ်ပတ်သက်မှုတွေဟာ ပိုပြီး ရှုပ်ထွေးလာဖို့ရှိနေပေမယ့် ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးမှုကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေမှာဖြစ်ပြီး မြန်မာနိုင်ငံက ဒီမွတ်စလင်လူနည်းစုတွေအတွက် ရပ်တည်ပေးမှုက ကမ္ဘာ့အမြင်မှာ ဆိုးကျိုးထက် ကောင်းကျိုးကို ပိုပြီး ရရှိစေမှာကြောင့် ဖြစ်ပါတယ်။

    Ref: Fair Observer

    (Fair Observer တွင် ဖော်ပြထားသည့် Saudi Arabia’s Colliding Interests in Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • မြန်မာနိုင်ငံသားရဖို့အတွက် ကိုယ်ပိုင်လူမျိုးအမည်ကို စတေးလိုက်ရသူများ

    မြန်မာနိုင်ငံသားရဖို့အတွက် ကိုယ်ပိုင်လူမျိုးအမည်ကို စတေးလိုက်ရသူများ

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    တောင်ပေါ် ဒုက္ခသည်စခန်း

    – မာလာဆိုတဲ့ အမျိုးသမီးဟာ ၂၀၁၂-ခုနှစ် အောက်တိုဘာတုန်းက သူမအိမ်ကို ဘယ်လိုဖျက်ဆီးခံလိုက်ရတယ်ဆိုတာ ပြန်ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီ အဖြစ်သနစ်ကို ရည်ညွန်းပြောလိုက်ယုံလေးနဲ့ သူမရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ တထွေထွေ စီးကျနေပါတယ်။ ဒါ့အပြင်၊ သူမမှာလည်း နှလုံးရောဂါကို ခံစားနေရပြီး ဆရာဝန်က အတိတ်က မကောင်းတဲ့ အကြောင်းတွေကို ပြန်မစဉ်းစားဖို့ အကြံပေးထားပါတယ်။ အဲဒီလမှာ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အကြား ၀ါဒစွဲ အကြမ်းဖက်တိုက်ခိုက်မှု့တွေ အဆက်မပြတ် ဖြစ်ပွားခဲ့ပါတယ်။ ကမန်လူမျိုးစုတွေဟာလည်း ရခိုင်ပြည်နယ် ထဲက မြို့နယ်တော်တော်များများမှာ ဖယ်ရှားရှင်းလင်းခြင်းကို ခံလိုက်ရပါတယ်။ မွတ်စလင်တွေဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုကို ခံလိုက်ရတာပါ။

    အဲဒီအချိန်ကတည်းက၊ ဒီ ငါးဆယ့် နှစ်နှစ် အရွယ် ကလေးငါးယောက်မိခင်ဟာ တောင်ပေါ် ဒုက္ခသည်စခန်းက စုတ်ပြတ် သတ်နေတဲ့ တဲအိမ်ကလေးမှာပဲ နေထိုင်လာခဲ့ရပါတယ်။ မြေပုံမြို့အစွန်နားက ဒီဒုက္ခသည်စခန်းမှာ မွတ်စလင် ၂၉၁၆ ယောက်ဟာ အဲဒီနေရာမှာပဲ ပိတ်လှောင်ထားခြင်းကို ခံနေရပါတယ်။ မြေပုံမြို့လေးဟာ သေးငယ်ပြီး အထီးကျန်လှတဲ့ မြို့တစ်မြို့ ဖြစ်သလို အဲဒီနေရာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တို့အကြား ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြတာဟာ မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးအများစုကို တရားဝင်နိုင်ငံသားအဖြစ် အသိမှတ်ပြုခဲ့ခြင်း မရှိခဲ့ပေမဲ့ မာလာကတော့ မကြာသေးခင်နှစ်များအတွင်းကပဲ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားရခဲ့တဲ့ လူအနည်းစုထဲက တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာတုန်းက သူမရဲ့မြို့နယ်မှာ ရှေ့ပြေးစမ်းသပ်တဲ့ အနေနဲ့၊ သူမကို ပန်း ရောင် ကဒ်ပြား ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ စာရွက်စာတမ်း အထောက်အထားတွေအရ သူမဟာ တင်းပြည့် နိုင်ငံသားတစ်ယောက် ဖြစ်တာကို ပြသနေပါတယ်။

    ရိုဟင်ဂျာတွေဟာ တိုင်းပြည်က ဗုဒ္ဓဘာသာ လူများစု အားလုံးနီးပါးလောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။ ၁၉၇၀ ခုနှစ် ကျော်ကျော်လောက်ကတည်းက သူတို့ကို အစိုးရက နှိပ်ကွပ်လာခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ၁၉၈၀ ခု နှစ် နှောင်းပိုင်းတုန်းက တိုင်းပြည်က အသိမှတ်ပြုလိုက်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာလည်း မပါဝင်ခဲ့ပါဘူး။ ယင်းအစား သူတို့ကိုတောင် ဘင်္ဂလီတွေ လို့ နံမည်တပ်တာကို ခံနေရပါတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဖြတ်ကျော် ၀င်ရောက်လာကြ သူများလို့ သွယ်ဝိုက်ပြောဆိုတဲ့ အမည်ဖြစ်ပါတယ်။

    နိုင်ငံသားဆိုပြီး ဦးစားပေး မှတ်ကျောက်တင်ခံရမဲ့သူတွေဟာ တိုင်းရင်းသားများအနက် တစ်ခုခုနဲ့ သက်ဆိုင်ရမယ်ဆိုတဲ့ အငြင်းပွား စရာ နိုင်ငံသားဖြစ်မှု့ ဥပဒေကို ၁၉၈၂-ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ဒါဟာ  ရိုဟင်ဂျာအများစုကို နိုင်ငံမဲ့အဖြစ် ဖြစ်သွားစေမယ့် တစ်ခုတည်းသော အကြောင်းအရာ မဟုတ်ပါဘူး။

    “၁၉၈၂ နိုင်ငံသားဥပဒေဟာ  နောက်ပြန်သွားပြီး အခြေအနေဆိုးရွားသွားပေမယ့်၊ သဘောတရားအရတော့ ဘယ်အုပ်စုကိုမှ နိုင်ငံမဲ့ မဖြစ်စေပါဘူး” လို့ Australian National University က၊ မြန်မာ့ တရားဥပဒေစိုးမိုးရေး ကျွမ်းကျင်ပညာရှင် Nick Cheesman က ပြောပါတယ်။ “တကယ်တော့ အရင်က နိုင်ငံသားအဖြစ် သတ်မျတ်ပြီသားလူတွေကို ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် ဆက်လက်ပြီး နိုင်ငံသားအဖြစ် ဥပဒေက အသိအမှတ်ပြုထားပါတယ်။ ၁၉၈၀ တ၀ိုက်နဲ့ ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အစိုးရက ပြန်လည်စီစစ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့အခါ ကဒ်အဟောင်းတွေကို သိမ်းပြီး ကဒ်အသစ်တွေကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကိုတော့ ဥပဒေအရ ထုတ်ပေးဖို့ အကျုံးဝင်နေပေမယ့် ကဒ်အသစ်တွေကို မထုတ်ပေးခဲ့ပါဘူး”

    “ လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက အသိမှတ်ပြုခံထားရတဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံသားတွေထက် ကို ဥပ ဒေအရရော၊ နိုင်ငံရေးသဘောတရားပိုင်းဆိုင်ရာအရပါ အသာစီးရယူထားကြပါတယ်။ အရင်တုန်းက နိုင်ငံသားရထားပြီး သား သူတွေဖြစ်တဲ့ တိုင်းရင်းသားမဟုတ်တဲ့ သူတွေကို ၈၂-ခုနှစ်နိုင်ငံသား ဥပဒေနဲ့ အသိအမှတ်ပြုပေးရမှာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားဖြစ်မှ ရွှေအဆင့်တန်းလို့ သတ်မှတ်ထားပါတယ်လို့” သူက ထပ်ပြောပါတယ်။

    မာလာဟာ သူ့ယောက်င်္ကျားနဲ့ သူ့ကလေး ငါးယောက်တို့နဲ့အတူ ခနော်နီခနော်နဲ့ တဲလေးထဲမှာ ထိုင်ရင်း သူမ ဘယ်လို နိုင်ငံသားကဒ် ရခဲ့သလဲဆိုတာ Southeast Asia Globe ကို ရှင်းပြခဲ့ပါတယ်။“ကျွန်မတို့က ကိုယ့်ဖာသာကိုယ် ရိုဟင်ဂျာ လို့ ပြောလိုက်တော့၊ အစိုးရက ကျွန်မတို့ကို ဒီအမည်သုံးဖို့ ခွင့်မပြုပေးခဲ့ပါဘူး။ နိုင်ငံသား လုပ်ငန်းစဉ်မှာ (၂၀၁၄-ခုနှစ် ရှေ့ပြေးစီမံကိန်းအရ) တာဝန်ရှိတဲ့သူတွေက မှတ်ပုံတင်မှာ ဘင်္ဂါလီ အနေနဲ့ယူရင် နိုင်ငံသားရပြီး အခွင့်ရေးများလည်း ပိုရလာမှာ ဖြစ်ကြောင်း ပြောပြကြတယ်” လို့ သူမက ဆိုပါတယ်။

    တိုင်းရင်းသား ၁၃၅-မျိုးထဲမှာပါတဲ့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်အုပ်စု တစ်စုဖြစ်တဲ့ ကမန်တစ်ချို့ကိုလည်း ဘင်္ဂါလီဆိုပြီး မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပါတယ်။  တောင်ပေါ် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက်လေးဆယ့်ငါးနှစ်အရွယ် ကလေးသုံးယောက်ဖခင် မောင်ဇော်က သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က ထုတ်ပေးခဲ့တဲ့ ပန်းရောင်ကဒ်ပြား ကို ထုတ်ပြ ခဲ့ပါတယ်။ ကဒ်ပြားပေါ်မှာ သူ့ကို ဘင်္ဂါလီလို့ ရေးထားပြီး သူ့မိဘနှစ်ပါးစလုံးကို ထုတ်ပေးတဲ့ စာအုပ်ပေါ်မှာကျတော့ ကမန်  လို့ ရေးထားတာကိုလည်း သူက ဝေခွဲမရဖြစ်နေစွာနဲ့ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

    တောင်ပေါ်ဒုက္ခသည်စခန်းက နောက်ထပ် တဲအိမ်ငယ်လေးထဲမှာတော့ ဂူလ်ဘန်ရဲ့ ပါးရေနားရေ အတွန့်ကြောင်းတွေနဲ့ ယူကြုံးမရဖြစ်နေတဲ့ ပြောပုံဆိုပုံတွေကိုက ဘ၀မှာ တော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်ဆိုတာ သိသာနေပါတယ်။ အဲဒါ ကြောင့်လည်း သူမကိုကြည့်ရင် သူမ အသက် ငါးဆယ့်သုံးနှစ်ထက် သူမရဲ့ ရုပ်သွင်က ပိုမို အိုစာနေတဲ့ပုံ ပေါက်နေပါ တယ်။ သူမ ဗမာစကား မပြောတတ်ပါဘူး။ ရိုဟင်ဂျာ ဘာသာစကားပဲ ပြောတတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင် ပြည်နယ်မှာ သူမရဲ့ မိသားစုတွေဟာ အနည်းဆုံး မျိုးဆက်သုံးဆက်အထက် နေလာခဲ့တဲ့ စာရွက်စာတမ်း အထောက်ထားတွေကို သူမ သေခြာစွာ သိမ်းဆည်းထားပါတယ်။ ပိုင်းလော့ ရှေ့ပြေးစီမံကိန်း သူမတို့ရွာကို လာစဉ်အခါတုန်းက သူမ အဲဒါ တွေကို လွယ်လွယ်ကူကူ ထုတ်ပြနိုင်ခဲ့ပါတယ်။ အခုတော့ သူမ အနဲဆုံး စာရွက်စာတမ်းတွေအရ မြန်မာနိုင်ငံသား ဖြစ်လို့ နေပါပြီ။

    “ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကျမ ငယ်ငယ်လေးထဲက ကျမ မိဘတွေဆီကနေ ကြားလာခဲ့ရတာပါ၊ ဒါပေမဲ့ လ၀က ဌာန ကတော့ ဒါကို လက်မခံနိုင်ပါဘူး။ သူတို့ ကျမကို လာစစ်တာနဲ့ အဲဒီ စကားလုံးကို သူတို့ ရုံးမှာ တစ်ကြိမ်ပဲ ထွက်ပြရသေး တယ်၊ ကျမကို ထွက်သွားဖို့ မောင်းထုတ်တော့တာပါပဲ။ ဘင်္ဂါလီဆိုတာ ဘင်္ဂလားဒေ့ရှ်က လာတဲ့သူတွေလို့ ပြောတာ၊ ကျွန် မ မြန်မာပြည်ထဲက လာတာပဲ၊ ကျမကို မြန်မာနိုင်ငံသားနဲ့ နိုင်ငံသားအခွင့်ရေးတွေ ပေးမယ်ဆိုရင် ကျမလက်ခံဖို့ အသင့်ပဲ” လို့ သူမက ရှင်းပြခဲ့ပါတယ်။

    “ကျမ နိုင်ငံသားဖြစ်သွားပြီးတဲ့နောက်ပိုင်းလည်း ဘာမှ ပြောင်းလဲမလာခဲ့ပါဘူး” လို့ ဂူလ်ဘန်က ပြောပါတယ်။ နိုင်ငံသားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေအားလုံးအပေါ်မှာ သွားလာခွင့်တွေ အတူတူ ကန့်သတ်ထားပါတယ်။ ကျောင်းတက်ခွင့်လိုမျိုး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်လိုမျိုး မရနိုင်တဲ့ တူညီတဲ့အခက်ခဲတွေနဲ့ အတူ မျှော်လင့်ချက်ကင်းမဲ့နေပုံတွေကလည်း အားလုံး အတူတူပဲ ဖြစ်ပါတယ်။

    ၂၀၁၄-ခုနှစ်တုန်းက နိုင်ငံသားစီစစ်ရေး ရှေ့ပြေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ မြေပုံမြို့နယ်က အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကတော့ အခုလို ပြောပါတယ်။ “ရိုဟင်ဂျာအမည်ကို ဘယ်သူမှမသုံးဘူးဆိုရင် ကျွန်တော်တို့ကတော့ မွတ်စလင်တွေ အားလုံးနီးပါးလောက်ကို နိုင်ငံသားပေးဖို့ အဆင်သင့်ပဲလေ၊ ဒီမှာတော့ ဒီအမည်ကို ဘယ်သူမှ မသုံးကြပါဘူး။ ကျနော်တို့ လူ ၉၇ လောက်ကို အခုထိ နိုင်ကဒ်တွေ (တင်းပြည့်နိုင်ငံသား) ထုတ်ပေးခဲ့ပြီး သူတို့ထဲက လူပေါင်း ၉၆၉ ယောက် လောက်ကိုလည်း နိုင်ပြုကဒ်တွေ ထုတ်ပေးပြီးပါပြီ။”

    “၈၂-ခုနှစ် ဥပဒေအတိုင်းပဲ သူတို့ကို ကျနော်တို့က နိုင်ငံသားကဒ်တွေ စီစစ်ပြီးထုတ်ပေးနေတာပါ၊ ဒါတောင် သူတို့တွေဟာ မွေးရာပါ နိုင်ငံသားတွေ မဟုတ်ဘူး”လို့ သူက ထပ်ပြောပါတယ်။ မွေးရာပါ နိုင်ငံသားကို ဘယ်လိုခွဲလဲဆိုတာ မေးတဲ့အခါ “တိုင်းရင်းသားတွေထဲမှာ သူတို့ မပါပါဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။

    “သူတို့ ကြိုက်တဲ့ နေရာကို သွားလို့ ရတယ်၊ စစ်တွေကို သွားမလား၊ ဒါမှမဟုတ် အဲဒီကနေ ရန်ကုန်ကို သွားမလား ဆိုတာ ပေါ့၊ ဒါပေမဲ့ သူတို့ရန်ကုန်ကို သွားဖို့ဆိုရင်တော့ လ၀က အာဏာပိုင်တွေကိုတော့ အသိပေး အကြောင်းကြားဖို့ လိုလိမ့် မယ်ဗျ ”လို့ ရှင်းပြတယ်။ ဒါပေမဲ့ ဂျာနယ်တွေက မွတ်စလင်တွေ တော်တော်များများနဲ့ အင်တာဗျူးကြည့်တဲ့အခါ သူတို့က ခရီးသွားပါမစ် ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့အကြောင်းနဲ့ ရဲတွေကို မတန်တဆ လာဘ်ငွေပေးရတဲ့ အကြောင်းတွေကို အခိုင်အမာ ပြောပြကြပါတယ်။

    ဂူလ်ဘန်ကတော့ မြေပုံကနေ ဘယ်မှမသွားချင်ဘူးလို့ ဆိုပါတယ်။ “ကျမ ဆင်းရဲတယ်လေ။ ဘယ်နေရာကိုမှလည်း မသွားချင်ဘူး၊ ဒါပေမဲ့ ဒီ ဒုက္ခသည်စခန်းထဲမှာပဲ လှောင်ပိတ်ခံထားရပြီးလည်း မနေချင်ဘူး။.”

    သို့ပေမဲ့ မာလာဟာ သူ့ကလေးတွေအတွက်တော့ စိုးရိမ်နေပါတယ်။ “သူတို့ ဒီမှာ မူလတန်း အလယ်တန်းလောက်ပဲ ပညာ  သင်လို့ ရပါတယ်။ သူတို့ အနာဂတ်အတွက် ကျမ အတော်လေးကို စိတ်ပူတယ်၊ သူတို့ ပညာလည်း ကောင်းကောင်း သင် လို့ မရဘူး၊ ဒီကနေ သူတို့ မထွက်ရင်တော့ သူတို့ တိုးတက်တော့မှာ မဟုတ်ဘူး”

    ပြည်မကလာတဲ့ ဗမာလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးတင်ရွှေကတော့ မွတ်စလင်တွေကို ခရီးသွားခွင့်မရအောင် လုပ်ထားတဲ့ ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်တွေကို အပစ်တင်ပါတယ်။ “နိုင်ငံသား စစ်ဆေးရေးလုပ်ငန်းတွေ လုပ်တာနဲ့ ဒေသခံတိုင်းရင်း သားတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု့တွေနဲ့ ကြုံတော့တာပဲ။ ကျနော် ဥပဒေမှာ ဘယ်လိုပါရှိလဲဆိုတာ သူတို့ကို ရှင်း ပြတယ်။ ဒါပေမယ့် ဒီအသိုင်းအ၀ိုင်းနှစ်ခုကြားမှာ အစိုးရက ကြာားညပ်နေတာက ပြဿနာပဲဗျ။ (ရခိုင်) ဒေသခံတွေက သူတို့ကို (ရိုဟင်ဂျာတွေ) ကို ဆေးရုံလည်း တက်ခွင့်မပေးဖူး၊ ဒါကြောင့် ကျနော်တို့က ဆရာဝန်တွေကို စခန်းကို လွှတ်လွှတ်နေရတယ်။ အစိုးရဆရာဝန်တွေရော၊ အန်ဂျီအိုတွေမှာ အလုပ်လုပ်နေတဲ့ ဆရာဝန် ရော နှစ်မျိုးစလုံးပေါ့ဗျာ။”

    မြေပုံမြို့နယ်က ရခိုင်လူမျိုးတွေကို အဓိက လှုံဆော်ပေးနေသူက ဒေါ်ခင်သိန်း ဖြစ်ပါတယ်။ သူမဟာ ရခိုင်အမျိုးသမီး ကွန် ယက် ရဲ့ ဒေသဆိုင်ရာ ဥက္ကဌလည်း ဖြစ်ပါတယ်။“ ကုလားတွေက ( အိန္ဒိယ လူမျိုးနွယ်တွေကို မြန်မာပြည်မှာ ရိုင်းရိုင်းစိုင်း စိုင်း နှိပ်ချပြီးခေါ်တဲ့စကား) ဒီနေရာနဲ့ ဘာမှ မဆိုင်ဘူးလေ။ အရင် စစ်အစိုးရ လက်ထက်တုန်းက သူတို့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ ခိုးဝင်လာခဲ့ပြီး တရားဝင်နေထိုင်ခွင့်တွေ စာရွက်စာတမ်း အထောက်ထားတွေ ရရှိဖို့အတွက် သက်ဆိုင် ရာ အာဏာပိုင်တွေကို လာဘ်ထိုးခဲ့ကြတယ်လေ။ ဘာလို့လဲ ဆိုတော့ သူတို့မှာ ပိုက်ဆံအများကြီး ပါလာကြတယ်လေ။ ဒါ ကြောင့်မို့လို့ ကျမတို့ကို သူတို့တွေကို လက်မခံနိုင်လို့ ဆန္ဒပြနေကြတာ” လို့ သူမက မြေပုံမြို့လယ်ခေါင်မှာ ဖွင့်ထားတဲ့ သူမ ကိုယ်ပိုင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်မှာ ရှင်းပြပါတယ်။

    သူမက အဲဒီ ဘင်္ဂလားဒေ့ရှ်ကနေ လာတဲ့သူတွေဟာ မြန်မာနိုင်ငံမှာ ဆက်လက်ပြီး နေလို့ရအောင် ကြိုးစားနေကြတယ်လို့ အပိုင်ပြောနေပါတယ်။ ဒါတောင်မှ ရခိုင်မှာရှိတဲ့ မွတ်စလင်တွေရဲ့ အခြေနေတွေဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ပိုပိုဆိုးလာနေတာပဲ ရှိပါတယ်။ အဲလို စွပ်စွဲရလောက်အောင် အထောက်ထားရှိသလား မေးတဲ့အခါ၊ သူမပြန်ဖြေတဲ့ အဖြေ ဟာ တိုင်းပြည်မှာ လူမျိုးရေး ပဋိပက္ခတွေကို မီးတောက်ကြီးအောင် အရှိန်ကောင်းကောင်းနဲ့ မီးမြိုက်ပေးခဲ့တဲ့ လေသံအ တိုင်း – ကျမမှာ ခိုင်လုံတဲ့ သက်သေတော့ မပြနိုင်ဖူးပေါ့လေ၊ ဒါပေမဲ့ ဟိုစကား ဒီစကား ဈေးစကားအနေနဲ့ ဒီအတိုင်းတော့ ကြားလာခဲ့ရတာပဲ။

    သက်တော် ၆၀ ရှိတဲ့ ဒေသခံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဖျာဘောဂက အစ္စလာမ်နဲ့ ပတ်သတ်ပြီး ဒီလိုအမြင်ကိုပဲ ပြောပါတယ်။ “သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်၊ ဟိုးအရင်တုန်းက အင်ဒိုတို့၊ အာဖဂန်တို့က ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြတာပေါ့၊ ဒါပေမဲ့ သူတို့က မွတ်စလင်တွေ ဖြစ်သွားကြတယ်။ သူတို့က သူတို့ ဘာသာထဲကို သွတ်သွင်းဖို့ အတင်းအကြပ် ကြိုးစားကြတယ်။ ဒါကြောင့် ဒီခြိမ်းခြောက်မှုရန်ကနေပြီး ဘုန်းဘုန်းတို့ ကာကွယ်ဖို့ လိုအပ်တယ်လေ” သူဟောသမျှစကားတွေကို အသေခြာစိုက်ပြီး နားထောင်နေကြတဲ့ ခန်းလုံးပြည့် ကိုရင်ငယ်လေးတွေနဲ့ လူငယ်လေးတွေ ရှေ့မှာ ထိုင်ပြီး သူက ဒီလိုမျိုး ဟောကြားနေတာပါ။

    ဒီဘုန်းတော်ကြီးရဲ့ တရားတွေဟာ မကြာသေးခင်ကမှ အသစ်ပေါ်လာခဲ့တဲ့  မြန်မာပြည်က ဗုဒ္ဓဘာသာ အစွန်းရောက် အဖွဲ့စည်းတွေဖြစ်တဲ့ မဘသနဲ့ ၉၆၉တို့လို စကားသံတွေနဲ့ တလေသံထဲလိုလို ဖြစ်နေပါတယ်။

    “တို့တွေရဲ့ အကြီးဆုံးရန်သူကတော့ မြန်မာအစိုးရပဲ။ ရခိုင်တပ်မတော် AA ကို ကျမတော့ ထောက်ခံတယ်။ အဖရခိုင်ပြည်ကြီး လွတ်လပ်ရေး ရတာကို လိုချင်တယ်” လို့ ဒေါ်ခင်သိန်းက ပြောပါတယ်။

    ဒါပေမဲ့ ခင်သိန်းတို့လို ရခိုင်အစွန်းရောက်တွေနဲ့ တင်ရွှေတို့လို အစိုးရအရာရှိတွေကြား အတော်လေးကို ကွဲပြားနေပေမဲ့၊ သူတို့ အားလုံး တလေသံတည်း သဘောတူထားကြတာကတော့ ရိုဟင်ဂျာတွေဟာ မွေးရာပါ မြန်မာနိုင်ငံသားတွေ မဟုတ် ကြဘူးဆိုတာပါဘဲ။ ရခိုင်ဒေသကို ကပ်ဆိုးကြီးဆိုက်ရောက်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ သူတို့အားလုံးက တစ်ညီတည်း ဆေးနည်းပေးကြပါတယ်။ အဲဒါကတော့- အချိန်ပဲဖြစပါတယ်။

    “အခုအချိန်မှာ အတူတကွ နေထိုင်လို့မရဘူးဗျ။ ဒါပေမယ့် ၅ နှစ် ၁၀ နှစ်အတွင်းလောက်မှာ ဖြစ်နိုင်မှာပေါ့ဗျာ” လို့ ဘုန်းတော်ကြီး ဖျာဘောဂက မိန့်ကြားခ့ပါတယ်။

    ဒါကလွဲလို့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ရှိခဲ့တဲ့ အတူယှဉ်တွဲနေထိုင်မှုမျိုး ပြန်လည်တည်ဆောက်ရေး ခိုင်မာတဲ့ မဟာဗျူာမျိုကိုတော့ ဘယ်သူမှ အကြံပြုနိုင်ပုံ မရပါဘူး။

    တောင်ပေါ်ဒုက္ခသည်စခန်းမှာ ၅ နှစ်လောက် ပိတ်လှောင်ခံထးရပြီး နိုင်ငံသားဖြစ်ခြင်းကလည်း အခြေအနေမထူးတဲ့ အချိန်တွေကုန်ဆုံးခြင်းကလည်း စိတ်ပျက်အားငယ်ခြင်းကိုသာ ဖြစ်စေပါတယ်။ စခန်းထဲမှာ ပိတ်မိနေသူတွေရဲ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ပြည်သူတော်တော်များများ ယုံကြည်ထားတာထက် ပိုပြီး ရိုးရှင်းနေပါတယ်။

    “လူ့အခွင့်အရေးဆိုတာဘာလဲ ကျွန်မ မသိပါဘူး။ ကျွန်မသိတာက စားပွဲပေါ်မှာ စားစရာရှိချင်တယ်။ လွတ်လပ်စွာ သွားလာချင်တယ်၊ ကျွန်မကလေးတွေရဲ့ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ ကျွန်မရဲ့ မိသားစု ကြောက်ရွံ့မှုကင်းစွာနဲ့ နေထိုင်ရေးပါပဲ” လို့ ဂူလ်ဘန်က ပြောကြားခဲ့ပါတယ်။

    (South East Asia Globe တွင် ဖော်ပြထားသည့် Forever lost: meet the Rohingya who sacrificed their identity for Myanmar citizenship ဆောင်းပါးကို ရဲမင်းဒင် ဘာသာပြန်သည်)

  • ရိုဟင်ဂျာများကို လူမျိုးစုလိုက် သုတ်သင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ရိုဟင်ဂျာများကို လူမျိုးစုလိုက် သုတ်သင်ခြင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

    ဧပြီ ၆၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာအတွက် လူမျိုးစုလိုက်သုတ်သင်မှုဟု သုံးစွဲခြင်းမှာ အလွန်ပြင်းထန်သည့် စကားလုံးဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားလိုက်သည်။

    “လူမျိုးစုလိုက်သုတ်သင်မှု ဖြစ်နေတယ်လို့ ကျွန်မ မထင်ပါဘူး။ ဖြစ်နေတာတွေအတွက် လူမျိုးစုလိုက် ရှင်းလင်းတယ်ဆိုတဲ့ အသုံးအနှုန်းဟာ သိပ်ပြီး ပြင်းထန်တယ်လို့ ကျွန်မထင်ပါတယ်” ဟု နိုင်ငံအတွင်း လူမျိုးစုလိုက် သုတ်သင်မှုကို လစ်လျူရှုထားသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်နေပြီလားဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

    ရခိုင်ပြည်နယ်ပြဿနာကို သူမ၏အစိုးရက ကိုင်တွယ်မှုအတွက် နိုင်ငံတကာမှ ဝေဖန်မှုများ ရှိနေသည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားစောင့်စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အစိုးရစစ်တပ်က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ၇၅၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

    စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များမှာ အဓမ္မပြုကျင့်မှုများ၊ နေအိမ်မီးရှို့မှုများ ညှင်းပမ်းနှိပ်စက်မှုများ ရှိခဲ့ပြီး ထိုလုပ်ရပ်များမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု မြောက်နေပြီဟု ယခုနှစ်အစောပိုင်းတွင် ကုလမှထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    စစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး မိမိတို့မှာ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ သွားဖို့ကြိုးစားနေတာက ရင်ကြားစေ့ရေးအတွက်ဖြစ်ပြီး အပြစ်တင်ဖို့ မဟုတ်ပါဘူး။ မွတ်စလင်တွေလည်း မွတ်စလင်တွေကို ပြန်သတ်နေကြတာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    Ref : Reuters