News @ M-Media

Tag: Rohingya

  • ရခိုင်အရေး ကုလ၏ စွပ်စွဲချက်များမှာ ဘက်လိုက်ပြီး မျှတမှုမရှိဟု ဦးဝင်းထိန်ပြော

    ရခိုင်အရေး ကုလ၏ စွပ်စွဲချက်များမှာ ဘက်လိုက်ပြီး မျှတမှုမရှိဟု ဦးဝင်းထိန်ပြော

    မတ် ၁၊ ၂၀၁၇
    M-Media

    ရဲတပ်ဖွဲ့က ရိုဟင်ဂျာအရပ်သားများကို ထိုးနှက်ကန်ကျောက်နေသည့် ဗီဒီယိုမှ မြင်ကွင်းတစ်ခု။ မြန်မာအစိုးရ ထိုကဲ့သို့ ကျူးလွန်သည့်ရဲများကို အရေးယူထားသည်ဟု ပြောကြားထားသည်။

    – ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများ မြင့်တက်လာမှုကို NLD အကြီးတန်းအဖွဲ့ဝင် ဦးဝင်းထိန်က ပယ်ချလိုက်ပြီး ရိုဟင်ဂျာမွတ်စလင်များ ညှင်းပမ်းနှိပ်စက်ခံရမှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များမှာ ‘ဘက်လိုက်ပြီး တရားမျှတမှုမရှိ’ ဟု ပြောကြားလိုက်သည်။

    နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက် အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၄ လတာကြာမြင့်နေသည့် စစ်ဆင်ရေးအတွင်း လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိနိုင်သည်ဟု ကုသမဂ္ဂက ပြောကြားထားသည်။

    မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီမှာ ရခိုင်မြောက်ပိုင်း မတည်ငြိမ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၇၀၀၀၀ ကျော်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပြီး ၎င်းတို့ ညှမ်းပမ်းနှိပ်စက်မှုများအတွက် တရားဝင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် လာမည့်တစ်ပတ်တွင် တိုက်တွန်းဖွယ် ရှိနေသည်။

    “ယန်ဟီးလီလုပ်နေတာတွေက မမျှတပါဘူး။ ဘက်လိုက်မှုရှိပါတယ်။ ဒီလို မမျှတတဲ့ အစီရင်ခံစာအတွက် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ဂရုမစိုက်သလို၊ စိတ်လည်းမပူပါဘူး” ဟု ဦးဝင်းထိန်က ယနေ့တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မြန်မာအစိုးရက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ စွပ်စွဲထားသကဲ့သို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်မှု မရှိဟု ပြောဆိုထားပြီး၊ ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်တပ်၏ သတင်းစာရှင်းလင်းပွဲတွင် မိမိတို့ တပ်ဖွဲ့ဝင်များမှာ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို မြန်မာအစိုးရက ဖွဲ့စည်းထားပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလကမူ ထိုအဖွဲ့မှ မည်သည့်လုပ်ဆောင်နိုင်စွမ်းမှ မရှိဟု ပြောကြားထားသည်။

    အမည်မဖော်လိုသည့် ကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးက ၎င်းတု့အဖွဲ့မှာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ကုလက လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်မှာ ‘တစ်ဖက်သက်စွပ်စွဲချက်’ ဖြစ်သည်ဟု ဆိုကာ ပယ်ချခဲ့သည်။

    စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ကလည်း ထိုကိစ္စရပ်များအတွက် သီးခြား စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ စုံစမ်းနေသည်။

    Ref: Yahoo

  • ဖိနှိပ်မှုမှ လွတ်မြောက်သော်လည်း မလုံခြုံသေးသည့် ရိုဟင်ဂျာ အမျိုးသမီးများ

    ဖိနှိပ်မှုမှ လွတ်မြောက်သော်လည်း မလုံခြုံသေးသည့် ရိုဟင်ဂျာ အမျိုးသမီးများ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    လူကုန်ကူးခံရသူများလက်မှ အမျိုးသားတစ်ဦးက ၀ယ်ယူလက်ထပ်ခဲ့ပြီး နှိပ်စက်မှုကြောင့် မိဘထံသို့ ထွက်ပြေးလာရသည့် ရိုဟင်ဂျာအမျိုးသမီးငယ်တစ်ဦး။ ချီထားသောကလေးမှာ ၎င်း၏ ညီမ ဖြစ်သည်။

    – စိမ်းပြာရောင် ခေါင်းဆောင်းပုဝါကို ၀တ်ဆင်ထားသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦးက အကြမ်းဖက်မှု ဖြစ်ပွားရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မလေးရှားသို့ ထွက်ပြေးလာရသည့်အချိန် ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောင်းပြောပြရင်း မျက်ရည်ပေါက်ပေါက် ကျလာခဲ့သည်။ ထိုစဉ်က အသက် ၁၂ နှစ်အရွယ်သာရှိသေးသည့် သူမမှာ မမြင်ဖူးသည့် အမျိုးသားတစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ပေးခြင်းခံခဲ့ရသည်။ ထိုအမျိုးသားက သူမထက် အသက် ၁၀ နှစ်ကျော် ပိုကြီးသည်။

    အသက် ၁၃ နှစ်သာ ရှိခြင်းကြောင့် Reuters သတင်းဌာနက သူမ၏အမည်ကို မဖော်ပြ။ သူမှာ ရခိုင်ပြည်နယ်မှ ညှင်းပမ်းနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံသော အခြေအနေများမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ထွက်ပြေးလာရသည့် အခြားသော ရိုဟင်ဂျာမိန်းကလေးငယ်နည်းတူ မလေးရှားရှိ ရိုဟင်ဂျာ အမျိုးသားများနှင့် လက်ထပ်ရန် ရောင်းစားခံရသူများထဲမှ တစ်ဦးလည်းဖြစ်သည်။

    မလေးရှားသို့ ထွက်ပြေးရာတွင် မိသားစုနှင့် ကွဲသွားပြီးနောက် လူကုန်ကူးသူများ၏လက်ထဲ ရောက်သွားပြီး ထိုင်း-မလေးရှား နယ်စပ်အနီး ကြမ်းတမ်းညစ်ပတ်သော တောတွင်းစခန်းတစ်ခုတွင် အခြားသူများနှင့်အတူ ရက်သတ္တပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု သူမကဆိုသည်။ ဖမ်းထားသူများက ရိုဟင်ဂျာအမျိုးသားတစ်ဦးမှာ ၎င်းအား လက်ထပ်ကာ လွတ်မြောက်စေရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အေးဂျင့် (လူကုန်ကူးသူ) က လူတစ်ယောက်ဆီ ရောင်းလိုက်ပြီလို့ ကျွန်မကို ပြောတော့၊ ကျွန်မက ရှင်ဘာလို့ အဲလို လုပ်ရတာလဲလို့ ပြန်မေးခဲ့တယ်။ ကျွန်မ ၀မ်းနည်းမိပြီး ကြောက်လည်းကြောက်ပါတယ်” ဟု အဆိုပါ မိန်းကလေးက ကွာလာလမ်ပူတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    ထိုဇာတ်လမ်းနှင့်ပတ်သက်၍ Reuters သတင်းဌာနက သီးခြားအတည်ပြု၍ မရသော်လည်း သူမ၏ မိခင်က သမီးဖြစ်သူမှာ မလွတ်မြောက်ခင် တောထဲရှိ စခန်းတွင် သီတင်းပတ်အနည်းငယ် ထိန်းသိမ်းခံခဲ့ရသည်ဟု အတည်ပြုခဲ့သည်။

    ယခု မိန်းကလေးငယ်၏ ဒုက္ခမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရာက်လာသူများဟု မြန်မာအစိုးရက မှတ်ယူထားပြီး၊ ကန့်သတ်အခွင့်အရေးသာပေးထားသည့် လူနည်းစု ရိုဟင်ဂျာမွတ်စလင်အများအပြား ရင်ဆိုင်ကြုံတွေ့နေရသည့် ခက်ခဲကြမ်းတမ်းမှုများ၏ တစ်စွန်းတစ်စ မြင်ကွင်းသာဖြစ်သည်။

    ၂၀၁၂ ခုနှစ်ကတည်းက အကြမ်းဖက်တိုက်ခိုက်မှု၊ လူမျိုးစု ပဋိပက္ခများကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာများ သေဆုံးခဲ့ပြီး ထောင်သောင်းချီမှာလည်း မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လတ်တလော ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၌လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်း၊ ရွာများအား မီးရှို့ခြင်းတို့ ပြုလုပ်နေသည်ဟု ယခုလအစောပိုင်းက ကုလမှ ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    မလေးရှားလည်း ဝေဖန်ခံရ

    မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ရိုဟင်ဂျာအမျိုးသမီးများမှာ ၎င်းတို့ ခိုလှုံရာနိုင်ငံမှ ရိုဟင်ဂျာအမျိုးသားများကို လက်ထပ်ရမှုမှာ ပုံမှန်လိုလိုဖြစ်နေပြီး၊ ထိုလက်ထပ်ထိမ်းမြားမှုကို များသောအားဖြင့် မိသားစုများက စီစဉ်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ထိုထိမ်းမြားမှုအချို့တွင် အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်လေသည်။

    သို့သော်လည်း လူကုန်ကူးသူများ၏ သားကောင်ဖြစ်ကာ ရိုဟင်ဂျာအမျိုးသားများထံသို့ ရောင်းစားခံရသည့် အမျိုးသမီးငယ် အရေအတွက်မှာလည်း တိုး၍ လာနေသည်။

    အရှေ့တောင်အာရှအခြေစိုက် ပြောင်းရွှေ့အခြေချသူနှင့် ဒုက္ခသည် ကာကွယ်စောင့်ရှောက်ရေအဖွဲ့ Fortify Rights မှ အမှုဆောင်ဒါရိုက်တာ မက်သယူး စမစ်က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု မြင့်တက်လာပြီးနာက်ပိုင်း ကလေးသတို့သမီးအရေအတွက်မှာလည်း သိသိသာသာ မြင့်တက်လာသည်ကို မိမိတို့အဖွဲ့က တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

    လက်ထပ်ရန်အတွက် အမျိုးသမီးငယ် မည်မျှ ရောင်းစားခံခဲ့ရသည်ဆိုသည့် တရားဝင်အချက်အလက်များမရှိ။ ၂၀၁၅ ခုနှစ်တွင် UNHCR မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ခု၌ မလေရှား၌ ရိုဟင်ဂျာ ကလေးသတို့သမီး ၁၂၀ ခန့်ရှိသည်ဟု ဖော်ပြထားပြီး ၎င်းတို့ထဲမှ မည်မျှမှာ လူကုန်ကူးမှု၏ သားကောင်များ ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆိုသည်။

    ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု၊ ရိုဟင်ဂျာတို့၏ ဒုက္ခသုက္ခအပေါ် ကိုင်တွယ်မှုနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြီးခဲ့သည့်လအနည်းငယ်အတွင်း မြန်မာအစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    သို့သော်လည်း ကုလ၏ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာများကို တရားဝင်အလုပ်လုပ်ခွင့်၊ ကျန်းမာရေး စောင့်ရှောက်မှု ရယူပိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည်တို့မပေးဘဲ တရားမ၀င် ရွှေ့ပြောင်းလာသူများအဖြစ် ဆက်ဆံနေခြင်းကြောင့် ခိုလှုံလာသူ ရိုဟင်ဂျာများကို နှိပ်စက်မှုတွင် ကြံရာပါဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြသည်။ ရိုဟင်ဂျာများမှာ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် တရားမ၀င်အလုပ်လုပ်ကာ ဆင်းဆင်းရဲရဲဖြင့် နေကြရသည်။

    မလေးရှားအစိုးရက ရိုဟင်ဂျာ ၃၀၀ ခန့်ကို အလုပ်ပေးရန် အစီအစဉ်ကို ယခုလတွင် စတင်ခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုလုပ်ရပ်ကို ကြိုဆိုခဲ့သည်။

    အသက်မပြည့်သူများ လက်ထပ်မှုကို ခွင့်ပြုထား

    မွတ်စလင်အများစုရှိရာ မလေးရှားနိုင်ငံတွင် အသက်မပြည်သူများ လက်ထပ်မှုကို (ခြွင်းချက်ဖြင့်) ခွင့်ပြုထားသည်။ အသက် ၁၆ နှစ်အောက် မွတ်စလင်မိန်းကလေငယ်များမှာ ရရှီအာခုံရုံး၏ ခွင့်ပြုချက်ကို ယူ၍ အိမ်ထောင်ပြုခွင့်ရှိသည်။ သို့သော်လည်း အသက်မပြည့်သေးသည့် ရိုဟင်ဂျာမိန်းကလေးများ လက်ထပ်မှုတွင်တော့ အဆိုပါ ခုံရုံးက ပါဝင်ပတ်သက်ခြင်းမရှိ။ ရိုဟင်ဂျာ အီမာမ်များက စီစဉ်ကြပြီး၊ လက်ထပ်စာချုပ်ကလည်း မလေးရှားဥပဒေအရ တရားဝင်သည့်ဆိုသည့် ဖော်ပြချက်မျိုး မပါဝင်။

    ဆောင်းပါးအစတွင် ဖော်ပြထားသည့် မိန်းကလေးမှာ လက်ထပ်ပြီးနောက် မလေးရှားအရှေ့ဘက် ကမ်းရိုးတမ်းမြို့ဖြစ်သော ကွမ်တန်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး၊ ခင်ပွန်းဖြစ်သူက ၎င်းအား ချုပ်ချယ်ကာ နှိပ်စက်မှုပြုသည်ဆိုသည်ကို သိပ်မကြာမီပင် သိလိုက်ရသည်။ သူမ၏ မိုဘိုင်းဖုန်းကို သိမ်းပိုက်လိုက်ပြီး၊ မိသားစုနှင့်လည်း တွေ့ခွင့်မပေးတော့။ ရက်ပေါင်းများစွာ အိမ်ထဲတွင် တစ်ယောက်တည်းနရသည်။

    လက်ထပ်ပြီး ၈ လအကြာတွင်တော့ သူမမှာ မိဘများ၊ မောင်နှမ ၄ ဦးနှင့် အဆက်အသွယ်ပြန်ရသည်။ ဖခင်ဖြစ်သူက ကွမ်တန်သို့လာပြီး သူမကို ကယ်ထုတ်သွားသည်။

    သူမ၏ ခင်ပွန်းဖြစ်သူက ယခုအဖြစ်အပျက်အတွက် ဖုန်းဖြင့်မေးမြန်းမှုကို ဖြေကြားခြင်းမပြုခဲ့။

    လက်ရှိတွင် သူမမှာ ကွာလာလာမ်ပူမြို့ ဆင်ခြေဖုံး ရွာငယ်လေးမှ အခန်းကျဉ်းလေးထဲတွင် မိသားစုနှင့်အတူ နေထိုင်ရသည်။

    ဘေးကင်းပြီလားဟု မေးမြန်းသည့်အခါတွင်တော့ ကွာရှင်းမပေးသည့်ခင်ပွန်းထံ ပြန်ကောင်းပြန်ရနိုင်သည်ကို ကြောက်ရွံ့နေသည်ဟု ပြောကြားခဲ့သည်။

    ရိုဟင်ဂျာဒုက္ခသည်တစ်ယောက်ဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသမီး ဖွံ့ဖြိုးရေးကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ခဲ့သူ ရှရီဖာ ရှာကီရာက ရိုဟင်ဂျာများမှာ မလေးရှားတွင် တရားဝင်အခြေအနေမျိုးမဟုတ်ဘဲ၊ ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှုမှာလည်း အစိုးရ၏ တရားဝင်အသိအမှတ်ပြုခြင်းကို မခံရဟု ပြောကြားခဲ့သည်။ ထိုအချင်းအရာက ကလေးများ ပါဝင်နေသည့်အတိုင်အောင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်တွင် ဥပဒေစိုးမိုးရေးအဖွဲ့များက ၀င်ရောက်ဖြေရှင်းရန် ခက်ခဲစေသည်ဟု ဆိုသည်။

    “သူတို့ (ရိုဟင်ဂျာ)တွေက တရားဝင် အခြေအနေမျိုး မဟုတ်တာကြောင့် ရှေ့နေတွေ၊ ရဲတပ်ဖွဲ့တွေကို အကူအညီတောင်းတာဟာ မလွယ်ပါဘူး။ အသက်မပြည့်သေးသူတွေ လက်ထပ်တဲ့ အဖြစ်အပျက်တွေကို တိုင်ကြားတာတောင်မှ ရဲတပ်ဖွဲ့က အရေးမယူပါဘူး” ဟု ရရှီဖာက ပြောကြားခဲ့သည်။ သူမမှာ ရိုဟင်ဂျာ အမျိုးသမီးများအား အကြံပေးမှုနှင့် ကူညီမှုများကို ပြုလုပ်ပေးနေသည်။

    ဂုဏ်သိက္ခာရှိသောဘဝ

    ကုလသမဂ္ဂ၏ အချက်အလက်များအရ မလေးရှားတွင် နေထိုင်သည့် ရိုဟင်ဂျာအရေအတွက်မှာ ၅၆၀၀၀ ခန့် ရှိနေသည်ဟုဆိုသည်။ ပြောင်းရွှေ့အခြေချသူ အဖွဲ့များက အထောက်အထားမရှိသူ အများအပြား ရှိနေသောကြောင့် အရေအတွက်မှာ ပိုမိုမြင့်မားနိုင်သည်ဟု ပြောကြားခဲ့သည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက မြို့တော် ကွာလာလမ်ပူ တစ်ဝိုက်ရှိ ချို့တဲ့သည့် ဆင်ခြေဖုန်းများတွင် နေထိုင်နေရသည်။

    Reuters သတင်းဌာနက အင်တာဗျူးခဲ့သည့် အမျိုသားများက ဖယ်ထုတ်ခြင်းခံထားရပြီး၊ လူဦးရေနည်းပါးသည့် ၎င်းတို့ လူ့အဖွဲ့အစည်းတွင် လူငယ်အမျိုသားများအတွက် အိမ်ထောင်ဖက်တစ်ယောက် ရှာဖွေခြင်း၊ မိသားစုတစ်ခု ထူထောင်ခြင်းက ၎င်းတို့၏ လူမှုအဆင့်အတန်းကို တိုးတက်စေရန်၊ ပုံမှန်ဘ၀တစ်ခုကို ဖန်တီးရန် နည်းလမ်းတစ်ခု ဖြစ်နေသည်ဟု ဆိုသည်။

    မလေးရှားရှိ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွင် အသက်ပြည့်သည့် အမျိုးသမီးများ ရှားပါးခြင်းက ကလေးသတို့သမီးများကို တောင်းဆိုမှုကို ဖြစ်ပေါ်လာစေပြီး၊ အချို့သောမိသားစုများကလည်း လက်ထပ်ခြင်းက မိသားစု ၀န်ထုတ်ဝန်ပိုး လျှော့ချစရာ နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်ဟု ကလေး ၃ ဦးနှင့် ကွာလာလမ်ပူတွင် နေထိုင်နေသည့် အသက် ၂၃ နှစ်အရွယ် ဘီလာလ် ဟိုစိုင် ရှာမီယာက ပြောကြားခဲ့သည်။ ၎င်း၏ ညီမဖြစ်သူမှာလည်း ကလေးသူတို့သမီး ဖြစ်နေသည်။

    အလီဟုသာ သိရသည့် လူပွဲစားဟောင်းဖြစ်သူက ရိုဟင်ဂျာ ကလေးသူတို့သမီးများ၏ တောင်းဆိုမှုမှာ မြင့်မားနေသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ လူကုန်ကူးအဖွဲ့များမှာ မိန်းကလေးငယ်တစ်ဦးအား မိသားစုဆီပြန်ပို့ခြင်း၊ သို့မဟုတ် အမျိုးသားတစ်ဦးထံ ရောင်းစားခြင်းတို့မှ မလေးရင်းဂစ် ၇၀၀၀ အထိ ရရှိကြသည်။

    အလီမှာ ထိုင်း-မလေးရှား နယ်စပ်အနီး တောထဲမှ လူကုန်ကူးစခန်းကို အစောင့်လုပ်ပေးခဲ့ဖူးသည်။ တစ်ဦးတည်းသွားလာသော၊ သို့မဟုတ် မိသားစုက ငွေပေးရန် မတတ်နိုင်သော အမျိုးသမီးများ၊ မိန်းကလေးငယ်များမှာ ရောင်းစားခံရသည် အလီက ဆိုသည်။

    “အသက် ၁၅ နှစ် ၁၆ နှစ်လောက်ရှိတဲ့ ကောင်မလေးတွေလည်း ပါတယ်ဗျ။ သူတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”

    အသက် ၁၈ နှစ်အရွယ် ယာစမင်း ဇိုကီရ် အဟ်မဒ်က ကွာလာလမ်ပူတွင် မြက်ရိတ်သော သူမ၏ခင်ပွန်းမှာ လွန်ခဲ့သည့် ၂ နှစ်အရင် လူကုန်ကူးသူကို ရင်းဂစ် ၃၅၀၀ ပေး၍ သူမအား လက်ထပ်ခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။

    သူမ မလေးရှားသို့ ရောက်ရှိရန် ၉ လ ကြာမြင့်ခဲ့ပြီး ဆိုးရွားသော ထိုခရီးစဉ်တွင် ရေလမ်းခရီး၊ ကြမ်းတမ်းသော တောလမ်းခရီးတို့ကို ဖြတ်သန်းခဲ့ရကာ အငတ်ငတ်အပြတ်ပြတ် ဖြစ်ခဲ့ရသည်။

    “ကျွန်မ ရွေးစရာမရှိပါဘူး။ ဖေးမမှု၊ ကာကွယ်မှု လိုအပ်တာကြောင့် သူ့ကို လက်ထပ်ခဲ့ရတာပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ရှင်နေထိုင်ချင်တယ်လေ” ဟု ယာစမင်းကဆိုပြီး၊ သူမ၏ ခင်ပွန်းကတော့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့လေသည်။

    Ref: CNA

  • အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန် ခေါ်ယူနေ

    အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန် ခေါ်ယူနေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်ဆိုင်ရာ တင်းကြပ်သော ပေါ်လစီရှိနေသော်လည်း အင်ဒိုနီးရှားရှိ အမေရိကန် သံတမန်များမှာ နိုင်ငံအတွင်းရှိ ရိုဟင်ဂျာဒုက္ခည်များအား အမေရိကန်နိုင်ငံတွင် ပြန်လည်နေရာချထားပေးနေသည်ဟု သိရသည်။

    အဆိုပါ ဒုက္ခသည်များမှာ လွန်ခဲ့သည့် ၂ နှစ်က အာချေးပြည်နယ်တွင် သင်္ဘောဖြင့် သောင်တင်လာကြသူများဖြစ်ပြီး မြောက်ဆူမာတြားကျွန်း မီဒန်ရှိ အမေရိကန် ကောက်စစ်ဝန်ရုံးက UNHCR ၏ အကူအညီဖြင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

    ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ ဂျူဟာ ပီ ဆာလင်က ရိုဟင်ဂျာ ဒုက္ခည်များကို အမေရိကန်သို့ ခေါ်ယူနေသည့် သတင်းကို အတည်ပြုခဲ့ပြီး ထိုလုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဒီလုပ်ငန်းစဉ်ကို ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်ပြီး အတည်ပြုပေးထားတဲ့ ခရီးသွား စာရွက်စာတမ်း ရှိတဲ့လူတွေက အမေရိကန်ကို သွားရမှာပါ” ဟု ဆာလင်က ပြောကြားခဲ့ကာ အမေရိကန်တွင် အခြေချခွင့်ရရှိမည့် အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များအား အမေရိကန်တွင် ပြန်လည်နေရာချထားရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈၀၀ ခန့်ရှိပြီး အားလုံးမှာ UNHCR ၏ အသိအမှတ်ပြုကဒ်ပြား ရရှိထားကြသည်။

    မြောက်ဆူမားတြား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ယူဒီ ကာနီယာဒီကမူ ထရမ့်၏ ဒုက္ခသည်ပိတ်ပင်သည့် စာရင်းတွင် မြန်မာနိုင်ငံ မပါဝင်သောကြောင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုမရှိဟု ပြောကြားခဲ့သည်။

    “ဒုက္ခသည်တော်တော်များများကို ဒီလအတွင်း အမေရိကန်ကို ပို့ပေးခဲ့ပါတယ်။ ဒါဟာ ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံး အသုတ်ပါပဲ” ဟု ယူဒီက ဆိုသည်။

    မြောက်ဆူမားတြားဒေသတွင် ရှိနေသည့် ဒုက္ခသည်များမှ ပြီးခဲ့သည့်လများအတွင်း အမေရိကန်သို့ ပို့ဆောင်သူများမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အချို့ကို သြဇီနှင့် ကနေဒါတို့သို့ ပို့ဆောင်ခဲ့သည်ဟု ယူဒီက ထပ်လောင်း ပြောကြားခဲ့သည်။

    မြောက်ဆူမားတြားမှ မီဒန်ဒေသတွင် ဒုက္ခသည် ၂၀၈၉ ဦး ရှိပြီး အာဖဂန်မှ ၃၉၀၊ သီရိလင်္ကာမှ ၃၆၃ ဦး၊ မြန်မာနိုင်ငံမှ ၄၉၀၊ ဆိုမာလီယာမှ ၂၈၃ ဦး၊ ပါလက်စတိုင်းမှ ၂၇၉ ဦးနှင့် အီရန်မှ ၁၂၉ ဦးတို့ ဖြစ်ကြသည်။

    Ref: The Jakarta Post

  • ကြောက်စရာ ဘက်လိုက်အရိပ်ဆိုး စိုးမိုးနေဆဲ မြန်မာပြည်

    ကြောက်စရာ ဘက်လိုက်အရိပ်ဆိုး စိုးမိုးနေဆဲ မြန်မာပြည်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ရှိ Kutupalang Unregistered Refugee Camp တွင် သောက်ရေ သယ်ဆောင်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်မိန်းကလေးများကိ တွေ့ရစဉ်

    –  မြန်မာနိုင်ငံမှ လူနည်းစုဝင် ရိုဟင်ဂျာတို့သည် လေးနှစ်ကျော်မက စော်ကားနှိပ်စက်မှုနှင့် အကြမ်းဖက်မှုကို ခါးစည်းခံနေကြရသည်။ လူပေါင်းတစ်သိန်းကျော် နေအိမ်ရပ်ရွာ စွန့်ခွာကြရသည်။ လူဥိးရေ ၁.၃ သန်းဝန်းကျင်ရှိ ရိုဟင်ဂျာတို့မှာ မွတ်စ်လင်မ်များဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ကြီးစိုးလွှမ်းမိုးထားသည့်နိုင်ငံတွင် မှီတင်းနေထိုင်နေကြ၏။

    ဗမာအစိုးရက ရိုဟင်ဂျာတို့ကို နိုင်ငံသားများအဖြစ် အသိအမှတ်မပြုကြ။ ၎င်းအပြင် ထိမ်းမြားခြင်း၊ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့တွင်လည်း ကန့်သတ်ချက်များစွာဖြင့် ထိန်းချုပ်ထားကြ၏။

    တစ်ချိန်တစ်ခါတုန်းက ရဲရင့်မှု၊ တက်ကြွမှုတို့ဖြင့် အမည်ကောင်းရခဲ့သော ဒေါ်စုကြည်သည် ယခုမှာကား လူနည်းစုမွတ်စ်လင်မ်များအား အလွန်အကျွံ မတရားဆက်ဆံနေမှုများအပေါ် အသံတစ်စပင်မထွက်သည့်အတွက် အဝေဖန်ခံနေရ၏။ ယင်းလုပ်ရပ်များသည် လူသားဖြစ်တည်မှုကို စော်ကားသည့် ပြစ်မှုများအထိ ရောက်ရှိလာနိုင်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ဆိုကြသည်။ ၂၀၁၅ ခုနှစ် သူမ အရွေးချယ်ခံရစဉ်က သူမသည် ရိုဟင်ဂျာများအပေါ် ဖိနှိပ်ခြင်းကို အဆုံးသတ်လိမ့်မည်ဟူသော မျှော်လင့်ချက်များမှာ ဘာမျှ အရုပ်မထင်ခဲ့ပေ။

    မကြာသေးမီအချိန်ကစပြီး တရိပ်ရိပ်မြင့်တက်လာသော ရိုဟင်ဂျာတို့အား အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ယခု ရက်သတ္တပတ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန် အပတ်စဉ် ဆုတောင်းပွဲ၌ အလေးအနက် စကားဆိုခဲ့ပါသည်။

    “သူတို့ဟာ တော်တော့်ကို နာကျင်ခံစားနေရရှာတယ်။ သူတို့ဟာ မွတ်စ်လင်မ်အယူဝါဒကို ဆုပ်ကိုင်ထားယုံမျှနဲ့ နှိပ်စက်သတ်ဖြတ်ခံနေရတယ်။ ဒီနေရာမှာ ၀တ်ပြုဖို့ ရောက်ရှိနေကြသူများအနေနဲ့ – ဘယ်သူမှအလိုမရှိတာကြောင့် တစ်နေရာကနေ တစ်နေရာ အလွတ်ရုန်းထွက်ပြေးနေရသူ မြန်မာနိုင်ငံက မောင်းထုတ်ခံနေရသူ ကျွန်ုပ်တို့ရဲ့ရိုဟင်ဂျာ ညီအစ်ကိုမောင်နှမများအတွက် ဆုမွန်ကောင်းတောင်းပေးကြပါစို့”။

    ၂၀၁၂ နွေရာသီအတွင် ဒေသတွင်းရှိ ကာလရှည်တင်းမာမှုများမှတဆင့် အလွန်ဆိုးဝါးသော အကြမ်းဖက်ခြင်းထံသို့ ပွင့်လှပ်သွားခဲ့၏။ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ကို မွတ်စ်လင်မ်အမျိုးသားတစ်ဦးက မုဒိန်းကျင့်သည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ပြီးနောက် ဗုဒ္ဓဘာသာလူစုများက ဒေါသူပုန်ထခဲ့ကြသည်။ ၎င်းနောက် ရိုဟင်ဂျာ အများစုပါဝင်သော လူ ၂၀၀ ထက်မနည်း သတ်ဖြတ်ခံလိုက်ရပြီး အချို့မှာ အရှင်လတ်လတ် မီးရှို့ခံရသည်။ ထောင်နှင့်ချီသောလူများ မိမိတို့နေအိမ်မှ မောင်းထုတ်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သဘောထားတင်းမာသော ဗုဒ္ဓဘာသာဝင်ဘုန်းကြီးများက မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် မီးမွှေးတော့သည်။ ၎င်းတို့သည် အစွန်းရောက်အမျိုးသားရေးဝါဒကို ရှေ့ဆုံးမှ ဦးဆောင်နေကြသည်။

    ယခုလအစောပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ကမ်ပိန်းတစ်ခု၌ ရာပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်သူငယ်များကို သတ်ဖြတ်/စော်ကား/နှိပ်စက်သည့်အပေါ် ကုလသမဂ္ဂ၏ မှတ်တမ်းတင် အစီရင်ခံစာ ထွက်လာခဲ့သည်။ ၎င်းမှာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ အသက်လုထွက်ပြေးခဲ့ရသော ရိုဟင်ဂျာ ၂၀၀ ဦး၏ ၀န်ခံထွက်ဆိုချက်အပေါ် အခြေပြုတင်ပြထားခြင်းဖြစ်သည်။

    ဒေသခံရွာသားများအကူအညီဖြင့် စစ်သားများ၊ ရဲဝန်ထမ်းများမှ အရွယ်စုံကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများကို သတ်ဖြတ်ခြင်း၊ လူများ ထွက်ပြေးစေရန် ရွာလုံးကျွတ် မီးတင်ရှို့ခြင်း၊ တအုံတကျင်း ဖမ်းဆီးထိန်းသိမ်းခြင်း၊ အစီအစဉ်ချ စုပြုံမုဒိန်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ စားနပ်ရိက္ခာများကို ဖြတ်တောက်ခြင်း အစရှိသည်တို့ကို မျက်မြင်သက်သေများက ရှင်းလင်းဖော်ပြခဲ့ကြသည်။

    ဖြစ်စဉ်တစ်ခုတွင် သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းသူများအပါအ၀င် မိသားစုတစ်ခုလုံးမှာ အိမ်တစ်လုံးထဲ ပိတ်ခံရပြီး မီးလောင်တိုက်သွင်းခံခဲ့ရ၏။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရှက်တကွဲအကျိုးနည်းဖြစ်စေခြင်း၊ အကြေက်တရားဖြစ်စေခြင်း ရည်ရွယ်ချက်ဖြင့် မိဘသားချင်းများရှေ့မှောက်မှာပင် အခါအားလျော်စွာ ရိုက်နှက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်းကို ပြုလုပ်တတ်ကြ၏။

    အသက် ၁၄ အရွယ်မိန်းကလေးတစ်ဦးက မိမိအား စစ်သားများက မုဒိန်းကျင့်ခြင်း၊ မိခင်အား မသေမချင်း ထုနှက်ရိုက်သတ်ခြင်း၊ ညီမငယ်နှစ်ဦးအား သတ်ဖြတ်ခြင်းတို့ကို အနုလုံပဋိလုံ ရှင်းပြခဲ့၏။

    “သူတို့ဟာ (သေနတ်နဲ့) ပစ်သတ်ခံရတာ မဟုတ်ပါဘူး။ ဓါးနဲ့ လှီးဖြတ်ခုတ်သတ်ခံရတာပါ” ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများကို သူမက ပြောပြခဲ့သည်။

    အသက် ၁၈ နှစ်အရွယ်မိန်းကလေးကလည်း သူမ၏ မိခင်(၆၀ နှစ်)မှာ အလွတ်ရုန်းထွက်ပြေးသော်လည်း စစ်သားများ၏ ၀ိုင်းရံပိတ်ဆို့မှုကို ခံခဲ့ရကြောင်း ပြောပြ၏။
    “သူမ ကောင်းကောင်း မပြေးနိုင်ခဲ့ဘူး။ သူတို့က သူမကို ဖမ်းဆီးပြီး သူမရဲ့လည်မျိုကို ဓားရှည်နဲ့ခုတ်ပိုင်းလိုက်တာကို ကျွန်မတို့ တွေ့မြင်ခဲ့ရပါတယ်”။

    အစီရင်ခံစာထုတ်ပြန်ပြီးသည့်နောက်ပိုင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင် မဟာမင်းကြီး Zeid Raad al-Hussein က ဒေါ်စုကြည်သည် ယင်းပြောဆိုချက်များအပေါ် စုံစမ်းစစ်ဆေးရန် ကတိပြုထားပြီးဖြစ်သော်လည်း လေ့လာသူများစွာမှ ဟုတ်တိပတ်တိ ဆောင်ရွက်ခွင့်ရမည်မဟုတ်ဟု သံသယ၀င်လျက်ရှိသည်။

    ရိုဟင်ဂျာတို့၏ မလူးမလွန့်သာအခြေအနေမှာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအတောင်ပေါက်စအဆင့်သို့ ကူးပြောင်းလာသော မြန်မာနိုင်ငံအတွက် ကမ္ဘာ့အလယ် မျက်နှာပြရခက်သည့် ပုံရိပ်အစွန်းအထင်းတစ်ခု ဖြစ်လာပေပြီ။ သို့သော် ပြည်တွင်း၌ သာမန်မြန်မာပြည်သူများစွာက ဤဖြစ်ပျက်နေမှုအပေါ် အပြစ်မမြင်တတ်ကြသေးချေ။

    ဗမာလူမျိုးအများအပြားက ရိုဟင်ဂျာတို့ကို ဘင်ဂါလီများဟု နှိမ့်ချချိုးနှိမ် ရည်ညွှန်းနေကြ၏။ မျိုးဆက်အလီလီ မှီတင်းစနေထိုင်လာကြသော သူတို့သည် ဗုဒ္ဓဘာသာဝင်လူများစုရှိ မြန်မာနိုင်ငံတွင် အမှန်တကယ်မရှိကြောင်း ပုံဖော်ရေးအလို့ငှာ ယင်းသို့ စော်ကားသုံးနှုန်းလိုက်ခြင်းဖြစ်သည်။

    ကျွန်ုပ်သည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ရောက်ရှိပြီး၊ အဆိုးဝါးဆုံးနှိပ်စက်ညှင်းပန်းမှုခံနေရသည့် ရိုဟင်ဂျာများ ရှိရာ ရခိုင်ပြည်နယ်သို့ ခရီးထွက်ခဲ့၏။ နယ်မြေစွန့် ရိုဟင်ဂျာများ ထောင်ချီရှိနေသည့် ရခိုင်ပြည်နယ်မှ စုတ်ချာသော ဒုက္ခသည်စခန်းများသို့ စာနယ်ဇင်းသမားများ လာရောက်ခြင်းအပေါ် ဗမာအာဏာပိုင်များက ကြည်လင်မှု မရှိကြောင်း ထင်မှတ်ထားသည့်အတိုင်း တွေ့ခဲ့ရသည်။ ၎င်းရိုဟင်ဂျာတို့သည် နေအိမ်မှ မောင်းထုတ်ခံရစဉ် အရာရာအားလုံး ဆုံးရှုံးခဲ့ရသည်သာမက ယုတ်မာရက်စက်မှု၏အောက်ဝယ် နေထိုင်ရှင်သန်နေရပေသည်။

    “ခြင်းထဲက ကြက်အတိုင်း ကျွန်တော်တို့ကို အစိုးရက ထိန်းသိမ်းထားပါတယ်။ အကျဉ်းသားတွေအတိုင်းပါပဲ” ဟု သက်ကြီးရွယ်အိုတစ်ဦးက ဆိုသည်။

    ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအခြားဒေသများမှ ဗုဒ္ဓဘာသာဝင်များနှင့် စကားစမြည်ပြောဆိုကြည့်ရာတွင် ပို၍ တုန်လှုပ်သွားရပါသည်။

    ဒေါ်စုကြည်မှ ဖိဖိစီးစီး ကိုင်တွယ်မှု၊ အဆိုပါ ဘက်လိုက်အစွဲနှင့် အယူသည်းချက်အား ပြန်လည် တန်ပြန်ချေဖျက်မှု မရှိမချင်း ရိုဟင်ဂျာများအပေါ် သွေးပျက်စရာ နှိပ်စက်ညှင်းပန်းမှုမှာကား ဆက်လက်ဖြစ်နေဦးမည်တည်း။

    ××××××××××××
    Ref : The Independent
    Original Article : Bigotry continues to cast an image of horror over Burma By Mary Fitzgerald
    Translation : Myintmo Maung Maung

  • ရခိုင်မှထွက်ပြေးရသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ယာယီခိုလှုံခွင့် ဆက်ပေးမည်

    ရခိုင်မှထွက်ပြေးရသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်က ယာယီခိုလှုံခွင့် ဆက်ပေးမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမိသားစု

    – ရခိုင်ပြည်မြောက်ပိုင်း ကိစ္စနှင့်ပတ်သက်၍ မိမိတို့က မြန်မာလုံခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံအတွင်း ခိုလှုံလာသည့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို ဆက်လက် ၀င်ခွင့်ပြုသွားမည်ဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာအကြံပေး အိခ်ျ တီ အီမာမ်က ပြောကြားလိုက်သည်။

    အောက်တိုဘာလက နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာအစိုးရစစ်တပ်က ပြုလုပ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာပြည်သူ ၆၉၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ထိုကိစ္စကြောင့် ဆက်ဆံရေး မကျေမလည်ဖြစ်ခဲ့သည်။

    သို့သော်လည်း အီမာမ်က ဘင်္ဂလားဒေ့ရှ်မှာ အောက်တိုဘာလက နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ရိုဟင်ဂျာစစ်သွေးကြွ ၂ ဦးကို ဖမ်းဆီးကာ လွှဲပြောင်းပေးခဲ့ပြီး၊ ထိုကဲ့သို့ ၀င်ရောက်လာသူများကို တားဆီးရန်အတွက် မြန်မာအစိုးရနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

    “အကူအညီလုံးဝကင်းမဲ့နေတဲ့ ကလေးရှိအမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့ ယာယီခိုလှုံခွင့် ဆက်ပေးသွားမှာပါ။ ဒီအတွက် တော်တော်လေး အားခဲပြီးလုပ်ရတာပါ။ ဒီပြဿနာက ကျွန်တော်တို့ကို အကြပ်အတည်းတွေ့စေပါတယ်။ သူတို့က မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ခေါ်ကို ခေါ်ရမှာပါ” ဟု အီမာမ်က ဗုဒ္ဓဟူးနေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ သိန်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံထားရပြီး၊ ယခုနောက်ဆုံး ၀င်ရောက်မှုက ရင်းမြစ်အကန့်အသတ်ရှိသော ၎င်းတို့နိုင်ငံအတွက် အကြပ်အတည်းဖြစ်စေသည်ဟု ဆိုသည်။

    အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် အီမာမ်နှင့် နိုင်ငံခြားရေးဝန်ကြီး အေ၊ အိခ်ျ မဟ်မွဒ်အလီတို့ အပါအ၀င် ဘင်္ဂလားဒေ့ရှ်မှ တာဝန်ရှိသူများမှာ အမေရိကန်၊ ဆော်ဒီနှင့် မြန်မာနိုင်ငံတို့မှ သံတမန်များဖြင့် တနင်္ဂနွေနေ့တွင် ဒါကာမြို့၌ တွေ့ဆုံခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိတွင် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား ကော့ဇ်ဘဇားတွင် ခရိုင်တွင် နေရာပေးထားပြီး ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်သီသော တန်ဂါရ်ချာကျွန်းသို့ ပို့ဆောင်ရန် စီစဉ်နေကာ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဝေဖန်မှုကို ခံနေရသည်။

    “နိုင်ငံတကာက အကူအညီပေးဖို့၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို ခေါ်ယူဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီလို ၀င်လာတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်” ဟု အီမာမ်က ပြောကြားခဲ့သည်။

    Ref : CNA