News @ M-Media

Tag: Rule of Law

  • “ရင်ကြားစေ့ရေး လုပ်နေချိန်မှာ  ထိပ်တိုက်မတွေ့ဖို့ အတွက် အများကြီး ဆင်ခြင်ရတာပေါ့”

    “ရင်ကြားစေ့ရေး လုပ်နေချိန်မှာ ထိပ်တိုက်မတွေ့ဖို့ အတွက် အများကြီး ဆင်ခြင်ရတာပေါ့”

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now)  – ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးခင်မောင်ဝင်းသည်  ရန်ကုန်၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

    ဖေဖော်ဝါရီ ပထမပတ်က ဆက်သွယ်မေးမြန်းစဉ် တရားသူကြီးဟောင်း ဦးခင်မောင်ဝင်းက  NLD ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရမှုအကြောင်း လွှတ်တော်တွင် ဆွေးနွေးခြင်း မရှိသေးသည့် အခြေအနေ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီတို့အကြောင်း ပြောပြထားသည်။

    မေး။    ။ ဦးကိုနီလုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ အဆိုတင်တာ၊ မေးခွန်းထုတ်တာတွေ ရှိပါသလား။

    ဖြေ။     ။   ဘယ်သူမှ တင်တာမရှိသေးပါဘူး။ နောက်ပြီးတော့လည်း   ကျွန်တော်တို့က ဘက်လိုက်တဲ့ သဘောမျိုးဖြစ်လို့ မကောင်းဘူးလေ။ ပြီးတော့ ကျွန်တော်တို့မှာ အဝန်းအဝိုင်းမှာ ကန့်သတ်ချက်ဘောင် ရှိတယ်။  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လို့ပဲပြောပြော၊ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌလို့ပဲ ပြောပြောဗျာ၊ ရင်ကြားစေ့ရေးလုပ်နေချိန်မှာ  ထိပ်တိုက် မတွေ့ဖို့အတွက် အများကြီး ဆင်ခြင်ရတာပေါ့။ ဦးကိုနီဆိုရင် သူအားသန်တာ ပြောတာ့၊ တချို့ဟာတွေကိုတော့ တပ်မတော်က ကြိုက်ချင်မှ ကြိုက်မှာပေါ့ဗျာ။ အဲဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့က လူကြီးတွေ သဘောထားမပါဘဲနဲ့ ကျွန်တော်တို့က ဝင်လုပ်ဖို့ကိုတော့ ဆင်ခြင်ရတာပေါ့ဗျာ။

    မေး။    ။ ဦးကိုနီက   ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေရေးရာပိုင်း အများကြီး အကူအညီပေးခဲ့တာ မဟုတ်ဘူးလား။

    ဖြေ။     ။   ဦးကိုနီဆိုရင် ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ရွေးကောက်ပွဲ) နိုင်ဖို့အတွက် အများကြီး အကူအညီပေးခဲ့တာ။  ပြည်သူ့လွှတ်တော်ကျတော့ ပါတီတစ်ခု၊ အဖွဲ့တစ်ဖွဲ့ထဲကို ရပ်လို့ မရဘူး၊ ကျန်တဲ့လူတွေက ရှိသေးတာပေါ့ဗျာ။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောထားတာပေါ့ဗျာ၊ ကျွန်တော်တို့က တာဝန်ပေးခံရတာပဲဖြစ်တယ်၊    အနိုင်ရတယ်လို့တောင်မှ သိပ်ပြီး ပြောစေချင်တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့က ကျန်တဲ့ ပါတီ၊   တိုင်းရင်းသား ပါတီတွေကိုလည်း ကြည့်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ့်လူဖြစ်တာကြောင့် သိပ်ပြီးတော့ ခံစားမှု ပိုသွားရင်လည်း   ရင်ကြားစေ့ရေးကိစ္စတွေ သွေဖည်သွားရာလည်း ကျကောင်းကျနိုင်ပါတယ်၊ ဒါပေမယ့် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး၊ ဒီနေ့မလုပ်ပေမယ့်လည်း နက်ဖြန် လုပ်ချင်လုပ်မှာပေါ့ဗျာ။

    မေး။    ။   နိုင်ငံတော်သမ္မတရုံး၊ အတိုင်ပင်ခံရုံးတို့က ဒီဖြစ်စဉ်ကို  တရားရုံးချုပ်တို့ ရှေ့နေရုံးတို့နဲ့ ကော်မတီဖွဲ့ပြီး ကိုင်တွယ်စစ်ဆေးတာမျိုးဘာကြောင့် မရှိသေးတာလို့ ထင်ပါသလဲ။

    ဖြေ။     ။ လုပ်လို့ပဲ တော်တော်လေး လမ်းစပေါ်နေပြီဗျ။ ဒါတွေက သိုသိုသိပ်သိပ်လုပ်ရတဲ့ ကိစ္စလို့ ကျွန်တော်မြင်တာပေါ့ဗျာ။ ပျောက်သွားမှာလည်း စိုးရတယ်။ ဒီဘက်ကိုရောက်လာပြီဆိုရင် ဒီဘက်ကလူက အစဖျောက်လိုက်မှာလည်း စိုးရိမ်ရတယ်။ ဒါကတော့ စုံထောက်တွေရဲ့၊ စစ်ဆေးတဲ့လူတွေရဲ့ အသိဉာဏ် ကျယ်ပြန့်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စမှာတော့ စိတ်မပူပါနဲ့၊ နိုင်ငံတော် အကြီးအကဲတွေက အားလုံး သတိထားပြီးလုပ်နေမှာပါ။   အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့လုပ်လို့ ဒီလောက်တည်ငြိမ်နေတာပါ။

    မေး။    ။ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေရေးရာ ကော်မတီက ဘာတွေ လုပ်ဆောင်နေပါသလဲ။

    ဖြေ။     ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့အထဲက လုပ်ပေးနိုင်တာတွေရှိတဲ့ တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေး၊   တရားလွှတ်တော်ချုပ်   အဲဒီလို သက်ဆိုင်တဲ့ ဌာနတွေကို တကယ်အရေးယူဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ဘက်က ခိုင်ခိုင်လုံလုံမြင်ရရင်တော့ အဲဒီကိုပို့ပြီးတော့ အရေးယူခိုင်းတာတွေ ရှိပါတယ်။ တချို့ ဝန်ထမ်းတွေ အရေးယူတဲ့အခါမှာ လျှော့ပေးဖို့ပေါ့။ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲနဲ့ ချထားတဲ့အတွက် အလုပ် ပြုတ်သွားတာမျိုးတွေ၊ ကျွန်တော်တို့ ပြန်ပြီးစိစစ်တဲ့ အခါမှာ တချို့လည်း အလုပ် ပြန်ရသွားတာတွေလည်း ရှိပါတယ်။

    တချို့ကျတော့ လာဘ်ယူလို့တိုင်တယ်။ အဲဒါမျိုးကျတော့လည်း အရေးယူဖို့ ပြည်ထဲရေးကို ပို့လိုက်တာပေါ့။ ပြည်ထဲရေးကလည်း အရေးယူနေပါတယ်။ တချို့ကလည်း တရားလွှတ်တော်အဆင့်ဆင့်ကနေ အရူံး ပေးထားတဲ့လူတွေက သူ့အမှုကို ပြန်ပြီး နိုင်အောင်လုပ်ပေးပါ ဆိုတာကတော့ ကျွန်တော်တို့ကလည်း ကြိုးတော့ ကြိုးစားကြည့်ပါတယ်။၊အဆင်မပြေတာတွေများပါတယ်။ ဒါကတော့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မှ မရှိတာ။

    မေး။    ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီး ၁၁ ယောက် အပြည့်အဝ ခန့်မထားပါဘူး။ လစ်လပ်နေရာတွေရှိနေတာကြောင့် နိုင်ငံရဲ့ တရားစီရင်ရေးမှာ  ထိခိုက်မှု မရှိနိုင်ဘူးလား။

    ဖြေ။     ။ တရားသူကြီးတွေ အပြည့်မခန့်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်တယ်လို့တော့ တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး။ တရားသူကြီး ၁၁ ယောက် ရှိနေပေမယ့်  အဂတိလိုက်စားမှုတွေက ရှိနေရင်လည်း ရှိနေမှာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မှ ဒီဥစ္စာတွေက တစ်နွယ်ငင် တစ်စင်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားသူကြီးချုပ်ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေက အရမ်း များနေတယ်လေဗျာ။ သူက ဝန်ထမ်းတွေကို ခန့်တယ်ဗျာ၊   ရွှေ့တယ်ဗျာ၊  ရာထူးတိုးပေးတယ်ဗျာ၊ ဖြစ်လာတဲ့ ပြဿနာက သူနဲ့ ပတ်သက် ဆက်နွယ်တဲ့ လူတွေပဲ ဖြစ်တာ။ အပြင်က ရှေ့နေရှေ့ရပ်တွေ ပါရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ တတ်နိုင်တဲ့ လိုင်းကတော့ အကြံပေးနေတာပါပဲ။

    မေး။    ။ အဲဒီလို လစ်လပ်နေတဲ့ နေရာကို ခန့်အပ်ရေးအတွက် တိုက်တွန်းသွားဖို့ ရှိပါသလား။

    ဖြေ။     ။ အဲဒီလုပ်ပိုင်ခွင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဥက္ကဋ္ဌတို့ပဲ ရှိတာပေါ့။ တစ်ယောက်ကတော့ ကွယ်လွန်သွားတဲ့ ဦးမြင့်ဟန်  နေရာမှာ ခန့်ဖို့ရာအတွက် စီစဉ်နေပါတယ်။ တိုးချဲ့ခန့်ဖို့ဆိုတာကတော့ သမ္မတနဲ့ တရားလွှတ်တော်ချုပ်ရဲ့သဘောပေါ့ဗျာ။ အဲဒီလို မခန့်တာတွေကလည်း တရားလွှတ်တော်ချုပ်နေရာမှာတင် မကဘူး၊ တခြားနေရာတွေမှာလည်း ရှိတာပေါ့ဗျာ။ ဥပမာအားဖြင့် လူ့အခွင့်အရေး ကော်မရှင်မှာ ဆိုရင်လည်း လစ်လပ်နေတာပဲ။ အဂတိလိုက်စားမှုတားမြစ်ရေး ကော်မရှင်မှာ ဆိုရင်လည်း   သမ္မတဦးသိန်းစိန်လက်ထက်က ခန့်ခဲ့တဲ့ ရာထူးတွေပေါ့။ ဒါတွေကိုလည်း ပြင်ဆင်ပြီး ပြောင်းလဲခန့်အပ်မယ် ဆိုရင်လည်း လိုအပ်နေတာပါပဲ။   နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော် အကြံပေးတွေရဲ့ သဘောထားပေါ်မှာ မူတည်တာပေါ့။ သူတို့ကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်၊ သုံးစွဲရမယ့် ဘက်ဂျက် စသဖြင့် တကယ် အကျိုးရှိမလား မရှိဘူးလား၊ ဒါကို ဖွဲ့စည်းပုံအရ ကြည့်ပြီးတော့ လုပ်မယ့် ကိစ္စတွေပါ။   ။

  • မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)

    မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)

    ဒီဇင်ဘာ ၂၃ ၊ ၂၀၁၆
    ဆွေမွန်ရေးသည်။
    20161223
    နိုင်ငံတော်ပုန်ကန်မှုချင်းတူတယ်။ ပုဒ်မတူတယ်။ ဒါပေမယ့် ပြစ်ဒဏ်မတူပါချေ။
    .
    ဖြစ်စဉ်-၁
    ———–
    KIA တပ်မတော်နှင့်ဆက်သွယ်ပြီး  နိုင်ငံတော်ကို ပုန်ကန်ရန်ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရ သူများဖြစ်ကြတဲ့ ကိုဇော်မင်းထွေး ၊ ကိုမြင့်သိန်း ၊ Aရာမန်နှင့် ကိုခင်မောင်ရွှေတို့ ပြစ်ဒဏ်ချ မန္တလေးခရိုင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကိုချမှတ်လိုက်ပါတယ်။
    .
    ဖမ်းတယ်။ အထောက်အထား မရှိဘူး။ သက်သေမခိုင်လုံဘူး။ စစ်ကြောခံနေရချိန် စရဖရုံးမှာ ရိုက်နှက်ပြီး စစ်ချက် ယူတယ်။ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့စာရွက်တွေမှာ ဘာတွေရေးထားလဲဆိုတာ ဖတ်ခွင့်တောင် မရှိပါဘူးလို့ ပြစ်ဒဏ်ချမှတ် ခံရသူတွေက လျောက်လဲခဲ့သော်လည်း တရားရုံးက ဒီလျောက်လဲချက်ကို လက်မခံဘဲ နိုင်ငံတော်ပုန်ကန်မှုပြုရာတွင် အထမြောက်သည် ဖြစ်စေ မမြောက်သည်ဖြစ်စေ ပူးပေါင်းကြိုးစားအားထုတ်တာ တွေ့ရတယ် ဆိုပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းပြစ်ဒဏ်ချတယ်။

    ဖြစ်စဉ်-၂
    ————–
    ရခိုင်တပ်မတော် AA က တပ်သားကို လက်နက်နဲ့တကွ လက်ပူးလက်ကြပ်မိတယ်။ လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်။ သူကိုယ်တိုင် AA တပ်သားဖြစ်တာကို ၀န်ခံပါတယ်။ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်နေသူကို နိုင်ငံတော် ပုန်ကန်မှုအပြင် လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်၅နှစ်ချပါတယ်။
    .
    ဘာကြောင့်ပါလဲခင်ဗျာ။ နိုင်ငံသားချင်းတူတာတောင် ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ဘာကြောင့်တန်းတူ မရကြပါသလဲ။ လက်နက်နဲ့ မိတဲ့လူက ၅ နှစ် ထောင်ကျပြီး လက်နက်မမိတဲ့ သာမန်ပြည်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ နိုင်ငံတော်ပုန်ကန်မှု ဥပဒေကြီးက အင်မတန် အံ့သြစရာပါခင်ဗျား။
    .
    နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတစ်ခုနဲ့ လက်ရှိတရားစီရင်မှုကိုပဲ နှိုင်းယှဉ်ပါရစေ …
    .dassk
    တရားမျှတရုံနဲ့မလုံလောက်ဘူး။
    .

    ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။
    .
    တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာဖြစ်ပါတယ်။
    .
    ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။
    တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
    .
    လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။
    .
    တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်။
    .
    အဲဒါကတော့ အခြေခံတစ်ခုပါပဲ။
    .

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဧပြီလက ပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှ ကောက်နှုတ်ချက် ကလေးဖြစ်ပါတယ်။
    .
    နိုင်ငံခေါင်းဆောင်ဖြစ်စေချင်တဲ့ တရားစီရင်ရေး စနစ်နဲ့ လက်ရှိဖြစ်နေတဲ့ တရားစီရင်ရေးစနစ်ဟာ ရှိသင့်တာနဲ့ ဖြစ်နေတာ ဘယ်လောက် ကွာဟနေပြီလဲ ဆိုတာကို ပြသနေပါပြီ။
    .
    လက်နက်ကိုင်သူကို ထောင် ၅ နှစ်ချပြီး လက်နက်မကိုင်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ ဒီလို သားရေကွင်း ဥပဒေတွေသာ မြန်မာနိုင်ငံထဲမှာ အမှန်တကယ် ထွန်းကား လက်ခံနေကြပြီဆိုရင် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံရနိုင်တဲ့ပြစ်မှု ကျူးလွန်မယ့်သူတိုင်းဟာ လက်နက်ကိုင် လမ်းစဉ်ကိုသာ ရွေးချယ်စရာ ကျန်ကြပါတော့မယ်။
    .
    အင်မတန် လွဲချော်နေတဲ့ တရားစီရင်ရေးစနစ်ကြီးကို အချိန်မီ ပြန်လည်တည့်မတ်ဖို့ဟာ ပြည်သူတွေမှာ လုပ်ပိုင်ခွင့်အာဏာ မရှိပါဘူးလို့သာ ဆိုပါရစေ။
    .

    SM
    ၂၃ ဒီဇင်ဘာလ ၂၀၁၆

    ဆက်စပ်သတင်းများ

  • ကိုးကွယ်ရာ ဘာသာမတူသည့် အတွက် ဥပဒေဖြင့်ထောင်ချောက် ဆင်ခံနေရသည်ဟု ခံစားရကြောင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခံရသည့်သူ များပြော

    ကိုးကွယ်ရာ ဘာသာမတူသည့် အတွက် ဥပဒေဖြင့်ထောင်ချောက် ဆင်ခံနေရသည်ဟု ခံစားရကြောင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခံရသည့်သူ များပြော

    Friday Times Journal မှ ကူးယူဖော်ပြပါသည်။
    မန္တလေး၊ နိုဝင်ဘာ ၃ဝ
    မြေးချစ်ညို

    15181686_984036168368587_48520420287921755_n
    ဓါတ်ပုံ- Copy

    ပယ်ဖျက်ပြီးသား ဥပဒေပုဒ်မ များဖြင့် ထောင်ဒဏ်များချမှတ်ခံရ ခြင်းသည် ကိုးကွယ်ရာဘာသာမတူ သည့်အပေါ် ပုံစံအမျိုးမျိုးဖြင့် ထောင် ချောက်ဆင်ဖမ်းသည့်ပုံစံဖြစ်နေကြောင်း မြန်မာမွတ်စလင်တပ်မတော် တည် ထောင်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် ကိုဇော် မင်းထွေးတို့က ပြောကြားခဲ့သည်။
    .
    ”မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေဖြစ်နေလို့များ ဥပဒေ ကို မခံစားရတာလား၊ ကျွန်တော်တို့ ကိုပဲ ဒီလိုဥပဒေနဲ့ ထောင်ချောက်တွေ ဆင်ပြီး အမျိုးမျိုးအလုပ်ခံနေရတယ်၊ ကျွန်တော်တို့ကို အခုစွဲထားတဲ့အမှု ဆိုရင် အကြမ်းဖက်အက်ဥပဒေဖြစ် တယ်၊ ဒါကျနော်တို့ကိုဖမ်းပြီးနောက်မှ သုံးထားတဲ့ဥပဒေဖြစ်တယ်” ဟု ကိုဇော်မင်းထွေးက ပြောကြားသည်။
    .
    မန္တလေးမြို့နေ ဦးဇော်မင်းထွေး၊ ဗန်းမော်မြို့မှ ဦးမြင့်သိန်း၊ ဦးအေရာ မန်အပါအဝင် ၆ ဦးကို စစ်ဘက်ဆိုင် ရာ လုံခြုံရေးအဖွဲ့က ပုဒ်မငါးခုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ရာဇဝတ် ဥပဒေ ပုဒ်မများဖြစ်သည့် နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)၊ ၅ဝ (ဌ) တို့အရ နိုဝင်ဘာ ၂၉ရက်က မန္တလေး၊ အမရပူရ မြို့နယ်တရားရုံး ကနေ ထောင်ဒဏ် ၅နှစ်စီချမှတ်ခဲ့ ခြင်းဖြစ်သည်။
    .
    ပန်းချီဆရာ ဦးဇော်မင်းထွေးနှင့် အခြားသူ ၅ ဦးအား ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ခြင်းသည် မှားယွင်း သည့် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခံလိုက်ရသူတို့၏ရှေ့နေ ဖြစ်သူ ဦးဇော်ဝင်းကလည်း Friday Times  သို့ ပြောကြားခဲ့သည်။
    .
    ”အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ ဒီပုဒ်မက ဖျက်သိမ်းပြီးသားဖြစ်နေ တယ်လေ ဒါကိုပြန်ချတယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေက နောက် ကြောင်းမပြန်ရလို့ဆိုထားတော့ အ ကာအကွယ်မရဘူးဖြစ်နေတာ” ဟု ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
    .
    ဦးဇော်မင်းထွေးတို့အား KIA တပ်မတော်ဖြင့်ဆက်သွယ်ပြီး မြန်မာ မွတ်စလင်တပ်မတော်တည်ထောင်ရန် ကြိုးစားသည် ဟူသည့်အကြောင်းပြ ချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ မန္တလေးခရိုင်တရားရုံးတွင်လည်း နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုထားခြင်းခံနေရသေးပြီး မကြာမီရက်ပိုင်းတွင် အမိန့်ချမည် ဖြစ်သလို ယင်းပုဒ်မ၏အမြင့်ဆုံးပြစ် ဒဏ်မှာ သေဒဏ်ထိပေးနိုင်ကြောင်း သိရှိရသည်။
    .
    ကျွန်တော်တို့တင်တဲ့ သက် သေတွေကို တင်ပြတာမခံဘဲ ပယ်ချ ပစ်နေပါတယ်၊ အမြန်အမိန့်ချဖို့လို နေပြီလို့ ကျွန်တော်တို့ကိုပြောတယ်” ဟု ဦးဇော်မင်းထွေးက အမရပူရတရား ရုံးတွင် ရုံးထွက်စဉ်  Friday Times သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    Friday Times Journal မှ ကူးယူဖော်ပြပါသည်။

    မူရင်းလင့်ခ် http://www.fridaytimesjournal.com/archives/1082

     

  • သံဃာ့ အဖွဲ့အစည်းတွေ ဥပဒေ ချိုးဖောက်ရင် အရေးယူမှာလား ? NLD အစိုးရ ဖြေပေးပါ။ (၂)

    သံဃာ့ အဖွဲ့အစည်းတွေ ဥပဒေ ချိုးဖောက်ရင် အရေးယူမှာလား ? NLD အစိုးရ ဖြေပေးပါ။ (၂)

    အောက်တိုဘာ ၂၆ ၊ ၂၀၁၆
    M-Media
    ဘသန်းထက်ရေးသည်။

    14522751_936766346519392_6509907349136222347_n

    မကွေးတိုင်း ဒေသကြီး၊  ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာ အုပ်စုက သံဃာ အဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက်မှာ အချက် (၄) ချက်ပါရှိပါတယ်။ အဆို ကြေညာချက်တွင်

    ၁။ ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စုအတွင်း ဘာသာခြား လူမျိုးခြား မူဆလင်များ ဝင်/ထွက်သွား လာခြင်းကို ခွင့်မပြုရန်။

    ၂။ ဘာသာခြား လူမျိုးခြားများလက်သို့ ကျေးရွာအုပ်စုအ တွင်းရှိ မြေ၊ ယာ၊ အဆောက်အဦများ ရောင်းချ လွှဲ ပြောင်းခြင်း မပြုရန်။

    ၃။ ကျေးရွာအုပ်စုအတွင်းသို့  ” ကုလား လုံးဝ(လုံးဝ)မဝင်ရ” ဟူသောစာတန်းပါ ဆိုင်းဘုတ်ကို အများသူငါ မြင်တွေ့နိုင်သောနေရာတွင် စိုက်ထူရန်။

    ၄။ လက်ရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သူ၏သက် တမ်းအတွင်း ဘာသာခြား လူမျိုးခြား မူဆလင်များ ကျေးရွာအုပ်စုအတွင်း သွားလာ နေထိုင်ခြင်းကို ခွင့် မပြု တားမြစ်ပေးပါမည့်အကြောင်းကို ဝန်ခံကတိပြု သည့်အတိုင်း ဆောင်ရွက်ရန်။

    အချက် (၄) ချက်ပါရှိပါတယ်။

    14720504_936766336519393_4544990013136505743_n
    Image Credit-မ.ဘ.သ-ဗဟို Online Media

    လက်ရှိ NLD အစိုးရကိုယ်တိုင် လက်ခံ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အခန်း(၈)တွင် ပြဋ္ဌာန်းထားပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် ၃၆ ချက် ပြဌာန်းထားပါတယ်။

    အဲဒီထဲက အချို့ အချက်အလက်တွေကို ကောက်နှုတ်ဖော်ပြရရင် ..

    ၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။

    ၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။

    ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။

    ၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

    ၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။

    ၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။

    ၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ် ဒေသ၌ မဆို  ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။

    ၃၇၀။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

    သို့ဖြစ်ပါ၍ အုပ်ချူပ်ရေး မဏ္ဍိုင်ကို ကျော်လွန်ဆောင်ရွက်လာတဲ့ ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စုမှ သံဃာ့ အဖွဲ့ရဲ့ ကြေညာချက်ဟာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်တွေကို  ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်နေတာ အထင်အရှားပါဘဲ။

    14813473_10208654439973071_1573436865_n-png
    မြန်မာ့နည်း၊မြန်မာ့ဟန် လူမျိုးရေးခွဲခြားမှု

    မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို “ကုလား” လို့ သတ်မှတ် သုံးနှုန်းပြီး မွတ်စလင်မ် ဆန့်ကျင် မုန်းတီးရေး လုပ်ဆောင်မှုများ ယခင် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ ယခင်အစိုးရလက်ထက်မှာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း အင်မတန်နည်းခဲ့ပါတယ်။  အဲဒီအချိန် အတိုက်အခံအဖြစ်ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားခရီးစဉ်တခုမှာ နိုင်ငံသားအခွင့်အရေး ပတ်သက်ပြီး ယခုကဲ့သို့ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့  သြစတေးလျ နိုင်ငံ မဲလ်ဘုန်းမြို့ တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှ အမေးအဖြေအစီအစဉ်တွင်
    နိုင်ငံသား အခွင့်အရေးနှင့် အမျိုး ဘာသာသနာ စောင့်ရှောက်ရေး အခွင့်အရေးနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံသုံးသပ် ခံယူပါသနည်း မေးခွန်းအား ဒေါ်အောင်ဆန်း စုကြည် ဖြေကြားခဲ့မှု မှ ကောက်နှုတ်ချက်

    -နိုင်ငံသားအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုင်တယ်။ အင်မတန်အရေးကြီးတယ်။

    -နိုင်ငံသားတိုင်း နိုင်ငံသူတိုင်း ဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးကို အပြည့်အဝရရှိရမယ်။

    -အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်အတွင်းကပဲဖြစ်ရမယ်။

    -ဖွဲ့စည်းပုံကို ချိုးဖောက်ပြီးလုပ်တဲ့ လုပ်ရပ်မျိုး မဖြစ်ရဘူး။

    -မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာပေါင်းစုံရှိတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနေနိုင်ရမယ်။

    – နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့ အတွက်ဆိုတာ အစိုးရများရဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါကိုမှ အာမခံနိုင်ရင် အစိုးရ မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။

    ref: https://www.youtube.com/watch?v=lWAmJ7e5jfo

    သို့ဖြစ်ပါ၍

    တချိန်က အတိုက်ခံ ယနေ့အချိန် အုပ်ချူပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်တို့မှာ တာဝန်ရှိသူ ဖြစ်လာတဲ့ NLD အစိုးရ အနေနဲ့ တိုင်းပြည်ရဲ့ အမြင့်ဆုံး အခြေခံဥပဒေကို ကျူးလွန်ဖောက်ဖျက်မှုတွေကို မည်ကဲ့သို့ အရေးယူ ဖြေရှင်းဆောင်ရွက်မယ်ဆိုတာ အလုပ်နဲ့ သက်သေပြ ၍ ဖြေကြားပေးပါလို့ တောင်းဆိုလိုက်ပါတယ်။

  • NLD အစိုးရ ဖြေပေးပါ။ (၁)

    NLD အစိုးရ ဖြေပေးပါ။ (၁)

    အောက်တိုဘာ ၂၄ ၊ ၂၀၁၆
    M-Media
    ဘသန်းထက် ရေးသည်။
    nyein-chan-tar-yar
    ဒီကနေ ဆိုရှယ်မီဒီယာ မှာ သတင်းတပုဒ် ပြန့်နှံ့လာတယ်။ အကြောင်းက သာကေတ မြို့နယ်မှာ ရှိတဲ့ မိဘမဲ့ဂေဟာ အစ္စလာမ်ဘာသာရေး ကျောင်းကို မျိုးချစ်ဆိုသူတွေ သတင်းအရ ဝင်ရောက်စစ်ဆေးတယ်ဆိုတဲ့ ဓါတ်ပုံနဲ့ ဗီဒီယို ဖိုင်တဖိုင် ပါ အကြောင်းအရာတွေပါ။

    ဒီဓါတ်ပုံနဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ တင်တဲ့လူက တော့ “တန်ဘိုး” အမည်နဲ့ Facebook အသုံးပြုသူပါ။ ဓါတ်ပုံတွေနဲ့ တကွ ရေးထားတဲ့စာကတော့ အောက်အတိုင်းပါ။

    “သာကေတမြို့နယ် လယ်ရွာသုဿန်ဟောင်းအတွင်းက
    အစ္စလာမ်ဘာသာဝင်မိဘမဲ့ကျောင်းအား သတင်းအရ
    မျိုးချစ်အဖွဲ့များမှဘသွားရောက်စစ်ဆေးနေတာပါ..”

    အလားတူ ၈ မိနစ်ခန့် ရှိတဲ့  ရုပ်သံဖိုင် တဖိုင်ကို လည်း သူက တင်ခဲ့ပါသေးတယ်။ အဆိုပါရုပ်သံမှာတော့ မိဘမဲ့ဂေဟာနဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းရဲ့ ဥက္ကဌ ဖြစ်တဲ့ ဟာဂျီ ဦးမောင်မောင်က လာရောက်တဲ့လူတွေကို အသေးစိတ် ရှင်းပြနေတဲ့ ရုပ်သံပါ။

    သာကေတ က မျိုးချစ်ဆိုသူတွေက အဆိုပါ မိဘမဲ့ဂေဟာကို အလှူငွေ ဘယ်က ရတယ်၊ ကျောင်းသား ဘယ်လောက်ရှိတယ်၊ ဘယ်က လာတယ် တရားခံကို ရဲ က စစ်သလို စစ်မေးနေတာကို တွေ့ရပါတယ်။

    မိဘမဲ့ ဂေဟာ ဥက္ကဌ ဟာဂျီဥိးမောင်မောင်က ယခု အဆောက်အအုံဟာ စစ်အစိုးရ လက်ထက် ကမာရွတ်မြို့နယ်က ကြံတော မွတ်စလင်မ် သုသာန်ဖျက်ခံရတဲ့အချိန် အဆိုပါ သုဿန်ဝင်းထဲမှာ ရှိတဲ့ ဘာသာရေး စာသင်ကျောင်း အစား ပေးခဲ့တဲ့ နေရာဖြစ်ပြိး အဆောက်အအုံက အစ အစိုးရ ဆောက်ပေးခဲ့တာ ဖြစ်ကြောင်း၊ အဆိုပါအချိန်က အာဏာပိုင်တွေဖြစ်တဲ့ ဗိုလ်ချူပ်ခင်ညွှန့်၊ ဗိုလ်ချူပ်တင်ဦးတို့ကိုယ်တိုင် တရားဝင် အစားပေးဖို့ ညွှန့်ကြားခဲ့တာ ဖြစ်ပြီး မြို့တော်ဝန်ဦးကိုလေးက လယ်ရွာသုသာန်ဟောင်း ဝင်းအတွင်းမြေနေရာ စီစဉ်ပေးခဲ့တာဖြစ်ကြောင်း၊ စာရွက်စာတမ်း အထောက်အထားများလိုချင်ပါက ချက်ခြင်းမိတ္တူဆွဲခိုင်း ယူသွားဖို့ စီစဉ်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

    မေးချင်တာက မျိုးချစ် ဆိုတဲ့ လူတစုဟာ သတင်းရတယ် ဆိုတာနဲ့ မိမိနဲ့ ဘာသာမတူသူတွေရဲ့ ပိုင်နက် အဆောက်အအုံကို အာဏာပိုင် တရပ်လို့ ဝင်ရောက် စစ်ဆေးမေးမြန်းခွင့် ရှိပါသလား? သက်ဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်တွေ မပါဘဲ ထင်သလို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ပြီး ဝင်ရောက်စစ်ဆေးတာဟာ ဥပဒေနဲ့ ညီသလား?။

    ဒီလို စစ်ဆေးမှုတွေကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေမဟုတ်ဘဲ ထင်သလို ဝင်ပြိး ဆိုရှယ်မီဒီယာမှာ စည်းမဲ့ကမ်းမဲ့ ဖြန့်ချီနေတာ လူမျိုးရေး ၊ ဘာသာရေး ပြသနာတွေ ကြီးထွားအောင် မီးမွှေးတာ မဟုတ်ဘူးလား ? အခုလို ဥပဒေမဲ့ လုပ်ဆောင်နေတာကို အစိုးရ အာဏာပိုင်တွေအနေနဲ့ တစုံတရာ အရေးယူ ဟန့်တားဆောင်ရွက်ဖို့ တာဝန်မရှိဘူးလား?

    ၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နိုင်ပြီး အစိုးရ တရပ်ဖြစ်လာတဲ့ NLD အစိုးရဟာ  ဘာသာစုံ က နိုင်ငံသားတွေရဲ့ အသဲတကြားက မဲတပြားနဲ့ အနိုင်ရလာဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးရမှာ တာဝန်တရပ်ဖြစ်ပါတယ်။

    မျိုးချစ် အမည်ခံ အဖွဲ့တွေ ဒီလို ဥပဒေမဲ့ ထင်သလို လုပ်ရပ်တွေကို NLD အစိုးရ အနေနဲ့ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ မသိကျိုးနွံပြုလုပ်နေတာကြောင့် လူနည်းစု ဘာသာဝင်တွေကို ထင်သလို အနိုင်ကျင့်မှုတွေ တနေတခြားပိုမိုများပြားလာတာ အထင်အရှားပဲဖြစ်တယ်။

    အခြေခံဥပဒေမှာ အတိအလင်း အာမခံပြဌာန်ထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး စိတ်ထင်တိုင်း ဥပဒေမဲ့ လုပ်ဆောင်နေတဲ့ မျိုးချစ် အမည်ခံ အုပ်စုတွေကို NLD အစိုးရအနေနဲ့ တရားဥပဒေ အတိုင်းမည်ကဲ့သို့ ဆောင်ရွက်ပေးမည် ကို မေးခွန်းထုတ်လိုပါတယ်။ ဒီလို  ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင် အနိုင်ကျင့်မှုတွေကို NLD အစိုးရအနေနဲ့ ဘယ်လို အကာအကွယ်ပေးဆောင်ရွက်ပေးမလဲဆိုတာ သိလိုပါတယ်။