News @ M-Media

Tag: russia

  • ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းများအား ထိုးပေးရန် ပူတင်ကမ်းလှမ်း

    ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းများအား ထိုးပေးရန် ပူတင်ကမ်းလှမ်း

    စက်တင်ဘာ ၂၃၊ ၂၀၂၀
    M-Media

    -မိမိတို့ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကုလဝန်ထမ်းတွေအတွက် ပေးဖို့ အဆင်သင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမီပူတင်က ဒီကနေ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ ကမ်းလှမ်းခဲ့ပြီး ကိုဗစ်ရရှိရေး တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၇၅ ကြိမ်​မြောက် ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးကို အွန်လိုင်းကနေတစ်ဆင့် မနေ့မှာ စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    သမ္မတပူတင်ကတော့ မိန့်ခွန်းမှာ Covid-19 ကပ်ရောဂါအကြောင်း အဓိကထားပြောဆိုသွားပြီး ကမ္ဘာကြီးဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေး ဖန်တီး ထုတ်လုပ်ဖို့ စိတ်ဝင်စားတဲ့ ကမ္ဘာ့ခေါင်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေးကာ လူတိုင်းကို အခမဲ့​ထိုးပေးနိုင်ရေး စီစဉ်ဖို့လည်း ပူတင်က တိုက်တွန်းခဲ့ပါတယ်။

    Sputnik V လို့အမည်ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ရုရှားအစိုးရက ပြီးခဲ့တဲ့လမှာ မှတ်ပုံတင်အသုံးပြုခွင့်ပေးခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံးလည်း ဖြစ်ပါတယ်။

    ပူတင်က ဒီဆေးဟာ စိတ်ချရပြီး၊ အန္တရာယ်ကင်းကာ ထိရောက်မှုရှိတယ်လို့ မနေ့က ကုလမိန့်ခွန်းမှာ ထည့်ပြောခဲ့ပြီး ကုလဝန်ထမ်းတွေ ထိုးချင်တယ်ဆိုရင် ပေးဖို့ အဆင်သင့်ပဲလို့လည်း ဆိုပါတယ်။

    ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖနီ ဒူဂျာရစ်က ပူတင်ရဲ့ဒီလိုကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပြီး ဒီကိစ္စကို နောက်ပိုင်းမှာ စဉ်းစားသွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT

  • ရုရှားအတိုက်အခံနိုင်ငံရေးသမား အဆိပ်ခတ်ခံရ

    ရုရှားအတိုက်အခံနိုင်ငံရေးသမား အဆိပ်ခတ်ခံရ

    ဩဂုတ် ၂၀၊ ၂၀၂၀
    M-Media

    အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗာလ်နီ

    -ရုရှားနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမား အလက်ဇီ နာဗာလ်နီဟာ ဒီကနေ့မနက်ပိုင်းက ရုတ်တရက် နေမကောင်းရာကနေ ကိုးမားဖြစ်ခဲ့ပြီး အဆိပ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ထားပါတယ်။

    အသက် ၄၄ နှစ်အရွယ် နာဗာလ်နီဟာ ဆိုက်ဘေးရီးယားကို အလုပ်ကိစ္စနဲ့အသွားမှာ ရုတ်တရက် နေထိုင်မကောင်းဖြစ်ကာ မေ့မြောသွားခဲ့တာပါ။ လေယာဉ်ကို ဆိုက်ဘေးရီးယားမှာပဲ အရေးပေါ်ဆင်းသက်ခဲ့ရပြီး နာဗာလ်နီကတော့ လက်ရှိ ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ ကုသမှု ခံယူနေရပါတယ်။

    သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရာ ယာရ်မက်ရှ်က နာဗာလ်နီဟာ မနက်ပိုင်းက လက်ဖက်ရည်တစ်ခွက်သာ သောက်ထားပြီး ဒီလက်ဖက်ရည်ထဲမှာ အဆိပ်ခတ်ခံလိုက်ရတာ ဖြစ်နိုင်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    နာဗာလ်နီကို ကုသနေတဲ့ ဆရာဝန်တွေရဲ့ ထုတ်ပြန်ပြောကြားမှုမှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်။ အခြေအနေ တည်ငြိမ်နေပြီလို့ ပြောကြားမှုရှိသလို၊ အသက်အန္တရာယ်စိုးရိမ်နေရတယ်ဆိုတဲ့ ပြောကြားမှုတွေလည်း ရှိနေပါတယ်။

    သမ္မတ ဗလာဒီမီရ်ပူတင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး၊ ရုရှားထိပ်ပိုင်းခေါင်းဆောင်တွေမှာ ခြစားမှုတွေ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ နာဗာလ်နီဟာ အရင်က တိုက်ခိုက်မှုတွေ ခံခဲ့ရဖူးပါတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ကျနေစဉ် ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ကနေ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပြီး သူ့ရဲ့အဖွဲ့က နာဗာလ်နီဟာ အဆိပ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းကလည်း သူ့ရဲ့ရုံးအပြင်ဘက်မှာ ဓာတုအရည်တစ်မျိုးနဲ့ ပက်ခံရလို့ လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ပါတယ်။ နာဗာလ်နီ တည်ထောင်ထားတဲ့ ခြစားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်းကို ရုရှားရဲတပ်ဖွဲ့နဲ့ စုံထောက်အဖွဲ့က အကြိမ်ကြိမ် စီးနင်းရှာဖွေမှု​တွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ရုရှားထံမှ ကိုဗစ်ကာကွယ်ဆေးရရန် ဖိလစ်ပိုင် ကြိုးပမ်းမည်

    ဩဂုတ် ၁၂၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာ မနေ့က စတင်အသုံးပြုခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေး ရရှိရေး ကြိုးပမ်းသွားမယ်လို့ ဖိလစ်ပိုင်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ရုရှားကျန်းမာရေးဌာနဟာ Covid-19 ကာကွယ်ဆေးကို အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း မနေ့ကစတင်ကာ ထိုးနှံနေကြပြီဖြစ်ပါတယ်။

    သမ္မတပူတင်ကလည်း မိမိတို့ဟာ ကမ္ဘာ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး အသုံးပြုနိုင်တဲ့ နိုင်ငံဖြစ်ပြီး သမီးဖြစ်သူကိုယ်တိုင် ထိုးနှံခဲ့တယ်လို့ ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရုရှားကာကွယ်ဆေးကို ချီးကျူးပြောဆိုခဲ့ပါတယ်။

    ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ရိုစာရီယို ဗာဂီရီက ကာကွယ်ဆေးထုတ်လုပ်တဲ့​ ရုရှားနိုင်ငံပိုင် သုတေသနဌာနက ပညာရှင်တွေနဲ့ ဖိလစ်ပိုင် သိပ္ပံပညာရှင်တွေ တွေ့ဆုံကာ နိုင်ငံအတွင်း ကာကွယ်ဆေးစမ်းသပ်ရေး၊ ဆေးနဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ ရရှိရေး ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရုရှားနိုင်ငံမှာ စတင်ထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေး အမှန်တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာကို သုံးသပ်နိုင်ဖို့ အချက်အလက် အပြည့်အစုံ မရဘူးလို့ ပြောကြားထားပါတယ်။

    ရုရှားမှာ မနေ့က ကိုဗစ်ကူးစက်သူ ၅၁၀၂ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၉ သိန်းကျော်နဲ့ ကမ္ဘာ့ စတုတ္ထကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

    Ref: Aljazeera

  • အသံထက်မြန်သည့် နျူဒုံးကျည်ကို ရုရှားရေတပ်တွင် တပ်ဆင်မည်

    အသံထက်မြန်သည့် နျူဒုံးကျည်ကို ရုရှားရေတပ်တွင် တပ်ဆင်မည်

    ဇူလိုင် ၂၇၊ ၂၀၂၀
    M-Media

    ရေတပ်နှစ်ပတ်လည်အခမ်းအနား တက်ရောက်လာသည့် ပူတင်

    -ရေတပ်မှာ အသံထက်မြန်တဲ့ နျူဒုံးကျည်တွေ၊ ရေအောက်ဒရုန်းတွေ ဖြည့်တင်းပေးသွားမယ်လို့ ရုရှားသမ္မတ ဗလီဒီမီရ် ပူတင်က ပြောကြားလိုက်ပါတယ်။

    ရုရှားရေတပ်တည်ထောင်မှု နှစ်ပတ်လည်အခမ်းအနားကို မနေ့က စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်ခဲ့ပြီး အကောင်းဆုံး စစ်သင်္ဘောတွေ၊ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ၊ ရေတပ်သုံး လေယာဉ်တွေကို ထုတ်ပြခဲ့ပါတယ်။

    အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သမ္မတပူတင်က အခုနှစ်အတွင်း ရေတပ်မှာ သင်္ဘော ၄၀ ဖြည့်တင်းပေးဖို့ ရှိနေပြီး၊ Poseidon ရေအောက် ဒရုန်းတွေ၊ Tsirkon အသံထက်မြန်တဲ့ ဒုံးကျည်တွေ တပ်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

    Tsirkon ဟာ အသံထက် ၅ ဆ မြန်ပြီး ခြေရာခံဖို့၊ ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲတဲ့ ဒုံးကျည်မျိုး ဖြစ်ပါတယ်။

    ကမ္ဘာပေါ်မှာ မရှိသေးတဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် လက်နက်တွေ တပ်ဆင်ပေးမှာကြောင့် ရေတပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းလည်း တိုးတက်လာလိမ့်မယ်လို့ ပူတင်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာဘယ်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ နျူလက်နက်မျိုး စမ်းသပ်ထုတ်လုပ်နေတယ်လို့ ပူတင်က မကြာခဏ ပြောကြားခဲ့ဖူးပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ သီးခြားထုတ်ပြန်ချက်မှာ ရေအောက်ဒရုန်းတွေ သယ်နိုင်တဲ့ Belgorod ရေငုပ်သင်္ဘောကို စမ်းသပ်မောင်းနှင်နေပြီး မကြာခင် စမ်းသပ်မှုအဆင့် ပြီးဆုံးတော့မယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဂြိုဟ်တုဖျက် လက်နက်သစ် စမ်းသပ်သည်ဆိုသည့်သတင်းကို ရုရှားငြင်း

    ဇူလိုင် ၂၅၊ ၂၀၂၀
    M-Media

    -ဂြိုဟ်တုဖျက် လက်နက်တစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ရုရှားအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် အာကာသစစ်ဌာနချုပ်ရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်မှာ ရုရှားဟာ အာကာသမှာ ဂြိုဟ်တုဖျက်ဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး အမေရိကန်ရဲ့ အာကာသစနစ်အပေါ် ခြိမ်းခြောက်မှု မြင့်တက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ယူကေ အာကာသဌာနရဲ့ ဒုတိယစစ်သေနာပတိ ဟာဗေးစမစ်က ဒီလုပ်ရပ်မျိုးဟာ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေးကို ခြိမ်းခြောက်မှုဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာကာသ ငြိမ်းချမ်းစွာအသုံးပြုရေး ကတိကဝတ်ကို မိမိတို့က အတိအကျ လိုက်နာနေတယ်လို့ မနေ့မှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    “ဝါဒဖြန့်တိုက်ခိုက်တာမျိုးထက်၊ ပရော်ဖက်ရှင်နယ်ဝါဒမျိုး ပိုမိုပြသဖို့၊ အတူတကွ ဆွေးနွေးတိုင်ပင်ဖို့ အမေရိကန်နဲ့ ယူကေက လုပ်ဖော်ကိုင်ဖက်တွေကို တိုက်တွန်းပါတယ်”

    ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်နက်တစ်ခု စမ်းသပ်ခဲ့တာကို ရုရှားက ဝန်ခံပါတယ်။ ဒီစမ်းသပ်မှုဟာ အာကာသစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ နိုင်ငံတာဥပဒေတွကိုလည်း ချိုးဖောက်မှုမရှိဘူးလို့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera