News @ M-Media

Tag: russia

  • ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ရုရှားက ဩဂုတ်လတွင် ဖြန့်ချီမည်

    ဇူလိုင် ၁၄၊ ၂၀၂၀
    M-Media

    -Covid-19 ကာကွယ်ဆေးကို အစောဆုံး လာမယ့်လလောက် ထုတ်ဝေဖြန့်ချီသွားမယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    အစိုးရရဲ့ ဆေးဘက်ဆိုင်ရာအသင်း Gamalei Institute of Epidemiology and Microbiology က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို ထုတ်လုပ်ကာ Sechenov တက္ကသိုလ်ရဲ့ စမ်းသပ်မှုဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

    တက္ကသိုလ်ရဲ့ သုတေသနအကြီးအကဲ Smolyarchuk က ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်ခဲ့ပြီး၊ အန္တရာယ်ကင်းတယ်ဆိုတာကိုလည်း တွေ့ခဲ့ရတယ်လို့ ရုရှားပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

    Gamalei အသင်းရဲ့ ဒါရိုက်တာ Alexander Gintsburg က ဩဂုတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ပြည်တွင်းမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေက လာမယ့်စက်တင်ဘာမှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ်လို့ ပြော​ကြားခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှုကို အဆင့် ၁၊ ၂၊ ၃ အဖြစ် သတ်မှတ်ထားပြီး ဒီ ၃ ဆင့်စလုံးမှာ အန္တရာယ်ကင်းမှု၊ ထိရောက်မှုရှိမှသာ အမြောက်အများ ထုတ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

    Gamalei အဖွဲ့က ထုတ်လုပ်တဲ့ အခုကာကွယ်ဆေးဟာ အဆင့် ၁၊ ၂ စမ်းသပ်မှု အောင်မြင်စွာပြီးဆုံးခဲ့ပြီး ဩဂုတ်လ ​တတိယအဆင့် စမ်းသပ်မှု အောင်မြင်ရင် ကိုဗစ်ကာကွယ်ဆေးအဖြစ် ကမ္ဘာကို ဖြန့်ချီနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ကာကွယ်​ဆေး စမ်းသပ်မှုတွေ ရှိနေပမယ့် ကမ္ဘာတစ်ဝှမ်း ဖြန့်ချီမှု မရှိသေးပါဘူး။

    Ref: Times Now

  • ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ရုရှားထံမှ တိုက်လေယာဉ် အစင်း ၃၀ ကျော် အိန္ဒိယ ဝယ်ယူမည်

    ဇူလိုင် ၃၊ ၂၀၂၀
    M-Media

    -တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာတဲ့ အိန္ဒိယ ရုရှားဆီကနေ တိုက်လေယာဉ် ၃၀ လောက် ဝယ်ယူဖို့အတွက် လက်မှတ်ရေးထိုးလိုက်ပါတယ်။

    MiG-29 တိုက်လေယာဉ် ၂၂ စီး၊ Su-30 MKI တိုက်လေယာဉ် ၁၂ စီး ဝယ်ယူမှာဖြစ်ပြီး ရှိပြီးသား MiG-29 လေယာဉ် ၅၉ စီးကို အဆင့်မြှင့်တင်ဖို့လည်း ဒီသဘောတူညီချက်မှာ ပါဝင်တယ်။

    အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက လေတပ်အင်အားတောင့်တင်းဖို့ ဒီလိုဝယ်ယူတာဖြစ်ပြီး စစ်တပ်အတွက် ဒုံးကျည်တွေ၊ လက်နက်ခဲယမ်းတွေ ပြည်တွင်းမှာ ထုတ်လုပ်ဖို့၊ စစ်ဖက်ယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ခွင့်ပြုမိန့်လည်း ပေးခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့နယ်နမိတ်ကို ကာကွယ်ရေး စစ်တပ်ကိုအားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်လာတာ၊ ကိုယ့်အားကိုယ်ကိုးတဲ့ အိန္ဒိယဖြစ်လာရေး ဝန်ကြီးချုပ်မိုဒီတဲ့ ဆော်ဩမှု စတာတွေကြောင့် ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်”

    ဖွဲ့စည်းပုံအခြေခံဥပဒေကို အောင်မြင်စွာပြင်ဆင်နိုင်မှုအတွက် ရုရှားသမ္မတ ပူတင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဖုန်းနဲ့ ကျေးဇူးတင်စကား ပြောဆိုပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ရုရှားဟာ စစ်အေးခေတ်မှာ အိန္ဒိယရဲ့ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သလို၊ အိန္ဒိယကို လက်နက်အများဆုံး ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ရုရှားရဲ့ နောက်ဆုံးပေါ် S-400 ဒုံးခွင်းစနစ် ဝယ်ယူရေးအတွက် အိန္ဒိယဟာ ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဒီစာချုပ်အတွက် အမေရိကန်နဲ့ တင်းမာမှုလည်း ဖြစ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ ပြင်သစ်နိုင်ငံက 36 Rafale တိုက်လေယာဉ် ကန်ဒေါ်လာ ၈.၇၈ ဘီလီယံဖိုး အိန္ဒိယက ဝယ်ယူထားပြီး အခုလအကုန်ပိုင်းမှာ ပထမအသုတ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ထိရောက်မှုရှိသည့် ရုရှားထုတ် ကိုဗစ်ဆေးကို ဆော်ဒီတွင် စမ်းသပ်မည်

    ဇွန် ၁၊ ၂၀၂၀
    M-Media

    -ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကိုဗစ်ကုသရမှာ ထိရောက်မှုရှိနေတဲ့ ဆေးတစ်မျိုးကို ဆော်ဒီအာရေဗျမှာ စသင်စမ်းသပ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။

    Avifavir လို့ အမည်ပေးထားတဲ့ အဲဒီဆေးဝါးကို ရုရှားရဲ့ နိုင်ငံပိုင်လုပ်ငန်း RDIF ကနေ ဦးဆောင်ပြီးဖန်တီးထုတ်လုပ်ထားတာပါ။ ဒီဆေးကို ဇွန်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြဖို့ ရှိနေပါတယ်။

    RDIF အကြီးအကဲ ကီရ်ရီလ် ဒီမီထရီဗ်က ဒီဆေးဟာ ရုရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး၊ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအတွင်း ရလဒ်ကောင်းရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဆော်ဒီနဲ့ ရုရှားအာဏာပိုင်တွေ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။

    Avifavir ဆေးဝါးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့ ဆေးဝါးမျိုးဖြစ်ပြီး ရုရှားကထုတ်လုပ်ကာ ကုသရာမှာ ထိရောက်မှုရှိကြောင်း တွေ့ရတဲ့ ပထမဆုံး ဆေးဝါးလည်း ဖြစ်ပါတယ်။

    ဒီမီထရီဗ်ကတော့ ကိုဗစ်ကုသရေး ရုရှားက ထုတ်လုပ်တဲ့ဆေးဝါးတွေထဲမှာ ဒီဆေးက ပထမဆုံးမဟုတ်ပေမယ့် ထိရောက်မှုမှာတော့ အခြားဆေးဝါးတွေထက် သာလွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    မတ် ၃၊ ၂၀၂၀
    M-Media

    -ဆီးရီးယားစစ်ပွဲမှာ ပါဝင်နေတဲ့ ရုရှားနဲ့ တူရကီတို့ဟာ အရပ်သားတွေကိုအပေါ် ပစ်မှတ်ထားတိုက်ခိုက်​မှုတွေ ရှိတဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိနိုင်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မနေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ရုရှားဟာ အာဆတ်အစိုးရရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး တူရကီက သူပုန်တွေဖက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ သူပုန်တွေထိန်းချုပ်ထားရာ ဒေသက လူစည်ကားရာ စျေးတစ်ခုနဲ့ စစ်ရှောင်စခန်းတစ်ခုတို့ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားအများအပြား သေဆုံးခဲ့တာကို ကုလရဲ့ အခုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒီအဖြစ်အပျက် ၂ ခုစလုံးမှာ ရုရှားဟာ စစ်ဖက်ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်တာမျိုး မရှိပါဘူး။ အရပ်သားဧရိယာမှာ စစ်သား၊ အရပ်သား မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    တူရကီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယားသူပုန်တွေ ကာ့ဒ်ဒေသအတွင်း တိုက်ခိုက်တဲ့အချိန်မှာ ကျူးလွန်မှုတွေရှိခဲ့ပြီး အဲဒီတပ်ဖွဲ့တွေသာ တူရကီတပ်မှူးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့တယ်ဆိုရင် တူရကီကလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာ ပါဝင်မယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ပေါ်လို ပင်ဟီရိုက ၉ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ကျူးလွန်မှုတွေကို အရေးယူဖို့ ကမ္ဘာတစ်ဝှမ်း တရားရေးတာဝန်ရှိသူ ၂၀၀ လောက်ရဲ့ တောင်းဆိုမှုကို ရရှိထားပြီး ကျူးလွန်တယ်လို့ သံသယရှိတဲ့ သူတွေစာရင်းကို ပြုစုထားကြောင်း၊ ဒီစာရင်းဟာ လျှို့ဝှက်စာရင်းဖြစ်ပြီး မကြာသေးခင်က ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကိုပါ ပေါင်းထည့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ အခုအစီရင်ခံစာမှာ ​ဆေးရုံတွေ၊ ကျောင်းတွေလို့ အရပ်သားနေရာတွေကို ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တွေက တမင်ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း ရှုတ်ချထားပါတယ်။

    Ref : Aljazeera

  • အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်၊ ရုရှားတို့နဲ့ ပြုလုပ်ခဲ့တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အီရန်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အိုမန်ပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ရေတပ်စစ်ရေးလေ့ကျင်မှုဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ပစ်မှတ်ကို နှိမ်နှင်းမှု၊ အရေးပေါ်အခြေအနေတွေမှာ သင်္ဘောတွေကို ကယ်ဆယ်မှုအပါအဝင် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တော်တော်များများ ပါဝင်ခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က နိုင်ငံတကာရေကြောင်းသွားလာမှုမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မိမိတို့ဟာ ဘယ်တိုင်းပြည်နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ ဒီစစ်ရေးလေ့ကျင့်မှုက ပြသနေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်း ရန်လိုတဲ့ ပေါ်လစီတွေကို မကြိုက်တဲ့ အခြား အင်အားကြီးနိုင်ငံတွေ ရှိနေတယ်ဆိုတာ ဖော်ကျူးနေကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပါရှန်ပင်လယ်ကွေ့မှာ ရေနံသင်္ဘောတွေ သံသယဖြစ်ဖွယ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာ ရေကြောင်းသွားလာမှု မဟာမိတ်အဖွဲ့ ဖွဲ့စည်းရေး အမေရိကန်က တိုက်တွန်းဆော်ဩနေစဉ်မှာ အမေရိကန်ရဲ့ ပြိုင်ဘက်တွေ ပူးပေါင်းပြီး အခုလို စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာတာပါ။

    အီရန်ရေတပ်အကြီးအကဲက အမေရိကန်ရဲ့ ကျူးကျော်တဲ့ကာလ ကုန်ဆုံးသွားပြီး အရှေ့အလယ်ပိုင်းကနေ ထွက်ခွာချိန်တန်ပြီလို့ စစ်ရေးလေ့ကျင့်မှုအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV