News @ M-Media

Tag: russia

  • ရုရှား၏ အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ် တပ်တော်ဝင်

    ရုရှား၏ အသံထက်မြန်သည့် ဒုံးကျည်စနစ်သစ် တပ်တော်ဝင်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    ရုရှား၏ Avangard ဒုံးကျည်စနစ်သစ်

    – တစ်နှစ်ကျော်ကြာ စမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့နောက် အသံထက်မြန်တဲ့ တိုက်ချင်းပစ် ဒုံးကျည်စနစ်သစ် Avangard ကို ရုရှားက မနေ့မှာ တပ်ဖြန့်ချထားလိုက်ပါတယ်။

    အသံထက် ၂၇ ဆမြန်တဲ့ အဲဒီဒုံးကျည်စနစ်ကို နိုင်ငံတောင်ပိုင်း အူရယ်တောင်တန်းတွေရှိရာ အိုရန်ဘာ့ဂ်ဒေသမှာ ချထားခဲ့တာပါ။ ဒီလို တပ်ဖြန့်ချထားမှုကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှီဂူက သမ္မတပူတင်ထံ မနေ့မှာ အကြောင်းကြားခဲ့ပါတယ်။

    ဒုံးကျည်စနစ်သစ်ဟာ စစ်တပ်နဲ့ အိုရန်ဘာ့ဂ်ဒေသ တစ်ခုလုံးအတွက် သမိုင်းမှတ်တိုင်သစ် တစ်ခုဖြစ်တယ်လို့ က ဆာဂျီရှီဂူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Avangard ဒုံးကျည်စနစ် အပါအဝင် အနာဂတ်အတွက်ရည်ရွယ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို ရုရှားသမ္မတ ပူတင်က ၂၀၁၈ ခုနှစ် မတ်လမှာ ပြုလုပ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မိတ်ဆက်ခဲ့တာပါ။

    ပူတင်က Avangard စနစ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ ဒုံးခွင်းစနစ်တွေကို အသက်မဲ့စေမှာဖြစ်ကြောင်း၊ ၁၉၅၇ ခုနှစ်က ရုရှားရဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု လွှတ်တင်မှုလို နည်းပညာပိုင်းဆိုင်ရာအရ ဖောက်ထွက်မှုတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အသံထက်မြန်တဲ့ ဒုံးကျည်စနစ်ကို တရုတ်ကလည်း ဖန်တီးထုတ်လုပ်နေပါတယ်။

    Ref: Aljazeera

  • OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အစ္စလာမ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ချုပ် (OIC) နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    တွေ့ဆုံမှုအတွင်း OIC အတွင်းရေးမှူး ဒေါက်တာ ယူစွဖ် အလ်-အိုသိုင်မင်က ‌အစ္စလာမ်ဘာသာဝင်ဦးရေ ၂၅ သန်းကျော်ရှိပြီး ဘာသာရေး၊ ယဉ်ကျေးမှု ပေါင်းစုံကာ ဗဟုဝါဒ ထွန်းကားတဲ့ ရုရှားနိုင်ငံရဲ့ မွတ်စလင်ကမ္ဘာအကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပါတယ်။

    ရုရှား မွတ်သီဓမ္မသတ်မှူးများကောင်စီ ဥက္ကဌ ရှိခ် ရာဝီ အီနက်ဒင်းနဲ့ အလ်-အိုသိုင်မင်တို့ရဲ့ အဲဒီတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံနဲ့ OIC အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှားနဲ့ မွတ်စလင်ကမ္ဘာတို့အကြား ပိုမိုနီးကပ်လာစေကာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အလယ်အလတ်တရားကို ရှုမြင်စေမယ့် အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Arab News

  • S-400 ဒုံးခွင်းစနစ်ကို လာမည့်နှစ် ဧပြီလတွင် တူရကီက အပြည့်အ၀ လည်ပတ်မည်

    S-400 ဒုံးခွင်းစနစ်ကို လာမည့်နှစ် ဧပြီလတွင် တူရကီက အပြည့်အ၀ လည်ပတ်မည်

    စက်တင်ဘာ ၁၆၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ ၀ယ်ယူထားတဲ့ S-400 ဒုံးခွင်းစနစ် ဒုတိယအသုတ် ရောက်ရှိလာပြီး ၂၀၂၀ ခုနှစ ဧပြီလမှာ အပြည့်အ၀ လည်ပတ်တော့မယ်လို့ တူရကီက ပြောကြားလိုက်ပါတယ်။

    ဇူလိုင်လက ပထမအသုတ်ကို ရုရှားထံကနေ လက်ခံရရှိခဲ့တာပါ။ ဒုံးစနစ် တပ်ဆင် ချထားရေးနဲ့ ကိုင်တွယ်အသုံးပြုမယ့်သူတွေ လေ့ကျင့်ပေးရေးကို တူရကီက လက်ရှိမှာ ဆက်လက်လုပ်ဆောင်နေပါတယ်။

    S-400 ၀ယ်ယူမှုအတွက် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်က ဒါဟာ နေတိုးအဖွဲ့ ကာကွယ်ရေးစနစ်တွေနဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ သူတို့ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဉ်တွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မှာကိုလည်း အမေရိကန်က စိုးရိမ်နေပါတယ်။

    တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က အမေရိကန်ရဲ့ သတိပေးမှုတွေ ရှိနေပေမယ့်လည်း S-400 ဒုံးခွင်းစနစ်ကို အသုံးပြုသွားမယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အမေရိကန်အာဏာပိုင်တွေက ဒီစနစ်တွေကို အသုံးမပြုဖို့ ကျွန်တော်တို့ကိုပြောတယ်။ ဒါတွေက အလှထားဖို့ ၀ယ်ထားတာမဟုတ်ဘူးလို့ ကျွန်တော်တို့က ပြန်ပြောလိုက်တယ်”

    တူရကီဟာ အမေရိကန်ရဲ့ ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့ လမ်းဖွင့်ထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တူရကီသမ္မတ အာဒိုဂန်ကလည်း ဒီကိစ္စကို ပြီးခဲ့တဲ့တစ်ပတ် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော

    အမေရိကန်မရောင်းလျှင် ရုရှားထံမှ တိုက်လေယာဉ်ဝယ်မည်ဟု တူရကီပြော

    သြဂုတ် ၂၉၊ ၂၀၁၉
    M-Media

    ရုရှား၏ Su-35 တိုက်လေယာဉ်များ

    -အမေရိကန်တိုက်လေယာဉ် F-35 အစား ရုရှားလုပ် Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကို ၀ယ်ယူနိုင်တယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပြီး အမေရိကန်နဲ့ တူရကီတို့အကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်မယ့် အခြေအနေ ဖြစ်လာပါတယ်။

    ရုရှားကနေ S-400 ဒုံးခွင်းစနစ်တွေကို တူရကီက ၀ယ်ယူလိုက်တဲ့အတွက် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှုတွေ မြင့်တက်နေပြီး တူရကီကို F-35 တိုက်လေယာဉ်တွေ ရောင်းချမှုနဲ့ လေယာဉ်မှူးတွေ လေ့ကျင့်ပေးမယ့် အစီအစဉ်တွေ ရပ်ဆိုင်းမယ်လို့ အမေရိကန်က ပြောကြားထားပါတယ်။

    ရုရှားဟာ S-400 ဒုံးခွင်းစနစ် ဒုတိယအသုတ်ကို အခုတစ်ပတ်အစောပိုင်းမှာ တူရကီထံ ပေးပို့ခဲ့ပါတယ်။

    အာဒိုဂန်ကတော့ အမေရိကန်တိုက်လေယာဉ်အစား၊ ရုရှားလုပ် တိုက်လေယာဉ်တွေ ၀ယ်ယူဖို့ သုံးသပ်နေတယ်လို့ ဆိုပါတယ်။

    “Su-35 နဲ့ Su-57 တို့ဟာ နောက်ထပ် ရွေးချယ်စရာ ဘာ့ကြောင့် မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် ဒီကို အကြောင်းမဲ့လာတာ မဟုတ်ပါဘူး” လို့ အခုတစ်ပတ်အစောပိုင်း မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    F-35 တိုက်လေယာဉ်အစီအစဉ်မှာ တူရကီရဲ့ပါဝင်မှုနဲ့ပတ်သက်ပြီး အမေရိကန်ဖက်က နောက်ဆုံးအဖြေတစ်ခု ထွက်လာရင် ရုရှားတိုက်လေယာဉ် ၀ယ်၊ မ၀ယ်ကို ဆုံးဖြတ်သွားမယ်လို့လည်း အာဒိုဂန်က ဆိုပါတယ်။

    အမေရိကန် ကာကွယ်ရေးဝနကြီး မာ့ခ် အက်စပါက တူရကီအနေနဲ့ F-35 အစီအစဉ်မှာ ပြန်လည်ပါဝင်ချင်ရင် S-400 ၀ယ်ယူမှုကို စွန့်လွှတ်ရလိမ့်မယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံတကာအာကာသစခန်းသို့ ရုရှားက လူသားစက်ရုပ်လွှတ်

    နိုင်ငံတကာအာကာသစခန်းသို့ ရုရှားက လူသားစက်ရုပ်လွှတ်

    သြဂုတ် ၂၂၊ ၂၀၁၉
    M-Media

    Fedor စက်ရုပ်

    -နိုင်ငံတကာ အာကာသစခန်းမှာ အန္တရာယ်များတဲ့ လုပ်ငန်းတွေကို လူသားတွေအစား လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး လူသားအရွယ် စက်ရုပ်တစ်ခုကို ရုရှားက ဒီကနေ့မှာ လွှတ်တင်လိုက်ပါတယ်။

    အဲဒီစက်ရုပ်ကို Fedor လို့ အမည်ပေးထားပြီး အရပ်အမြင့် ၅ ပေ ၁၁ လက်မရှိကာ ၁၆၀ ကီလိုဂရမ် လေးပါတယ်။ ဒါဟာ လူသားနဲ့တူတဲ့ စက်ရုပ်ကို ရုရှားက နိုင်ငံတကာ အာကာသစခန်းစီ ပထမဆုံး ပို့ဆောင်တာလည်းဖြစ်ပါတယ်။

    အဲဒီစက်ရုပ်ကို ဆိုယုဇ်ဒုံးပျံနဲ့ ကာဇက်စတန်နိုင်ငံက Baikonur အာကာသစခန်းကနေ လွှတ်တင်ခဲ့တာပါ။

    Fedor ဟာ နိုင်ငံတကာ အာကာသစခန်းမှာ ၁၀ ရက်ကြာ နေထိုင်မှာဖြစ်ပြီး လျှပ်စစ်ကြိုးတွေ
    ဖြုတ်တာ၊ တပ်တာလို လုပ်ငန်းတွေ၊ ၀က်အူလှည်နဲ့ အခြား ပစ္စည်းကိရိယာတွေ၊ မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုနည်း စတာတွေကို သင်ယူမှာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ အာကာသမှာ လမ်းလျှောက်တာလို ပိုပြီး အန္တရာယ်များတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

    Fedor ဟာ နိုင်ငံတကာ အာကာသစခန်းကို စေလွှတ်တဲ့ ပထမဆုံး စက်ရုပ်တော့ မဟုတ်ပါဘူး။ စခန်းမှာ အန္တရာယ်များတဲ့ အလုပ်တွေကို လူသား အာကာသယာဉ်မှူးတွေကိုယ်စား လုပ်ဆောင်ဖို့ အမေရိကန်က ၂၀၁၁ ခုနှစ်မှာ စက်ရုပ်တစ်ရုပ်ကို လွှတ်တင်ခဲ့ဖူးပေမယ့် တစ်နှစ်သာခံပြီး စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ပြန်ခေါ်ခဲ့ရပါတယ်။

    ၂၀၁၃ ခုနှစ်မှာလည်း ဂျပန်နိုင်ငံက အာကာသကို စက်ရုပ်တစ်ရုပ် လွှတ်တင်ခဲ့ဖူးပါတယ်။

    Ref: BBC