News @ M-Media

Tag: russia

  • ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ရုရှား၏ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယတွင်ထုတ်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၂၀
    M-Media

    -ရုရှားက ဖန်တီးထားတဲ့ Sputnik V ကိုဗစ်ကာကွယ်ဆေးကို လာမယ့်နှစ်အတွင်း အိန္ဒိယမှာ အလုံးရေ သန်း ၃၀၀ လောက် ထုတ်လုပ်ဖို့ ရှိနေပါတယ်။

    Sputnik V ဟာ ကမ္ဘာမှာ အစိုးရက တရားဝင်ခွင့်ပြုတဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပြီး ယူအေအီး၊ ဗင်နီဇွဲလား၊ အိန္ဒိယနဲ့ ဘီလာရုဇ်နိုင်ငံတွေမှာ စမ်းသပ်အသုံးပြုနေကာ ၉၁ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ထားပါတယ်။

    အိန္ဒိယဆေးကုမ္ပဏီ Hetero Biopharma က သူတို့ဟာ Sputnik V အလုံးရေ သန်း ၁၀၀ လောက်ထုတ်လုပ်မယ်လို့ တရားဝင်ပြောကြားထားတာပါ။ နောက်ထပ် သန်း ၂၀၀ လောက်ကို တစ်ခြား ဘယ်ကုမ္ပဏီတွေက ထုတ်ပေးမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

    နယူးဒေလီမှာရှိတဲ့ ရုရှားသံရုံးကတော့ အိန္ဒိယမှာထုတ်ထားတဲ့ ကာကွယ်ဆေးကို စမ်းသပ်အသုံးပြုနေတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ RDIF အကြီးအကဲ ကီရီရ် ဒီမီထရီဗ်က အိန္ဒိယကဆေးကုမ္ပဏီကြီး ၄ ခုလောက်နဲ့ စာချုပ်ချုပ်ထားပြီး နောက်နှစ်အတွင်း အလုံးရေ သန်း ၃၀၀ ကျော်လောက် ထုတ်လုပ်ဖို့ရှိတယ်လို့ ရုရှားသတင်းဌာနတစ်ခုကို ပြောပါတယ်။

    အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး အကြီးအကျယ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်​အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတစ်ချို့ကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့ ပြောကြားထားပါတယ်။

    လက်ရှိမှာ အောက်စဖို့ဒ်ထုတ် Oxford-AstraZeneca၊ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ အိန္ဒိယကုမ္ပဏီ Bharat Biotech ထုတ် ကာကွယ်ဆေးတွေက အရေးပေါ်အသုံးပြုခွင့်ပေးဖို့ လျှောက်ထားပါတယ်။

    Ref: CNA

  • အသံထက် ၈ ဆမြန်သည့် ဒုံးကျည်ကို ရုရှားက အောင်မြင်စွာ စမ်းသပ်

    အသံထက် ၈ ဆမြန်သည့် ဒုံးကျည်ကို ရုရှားက အောင်မြင်စွာ စမ်းသပ်

    ဒီဇင်ဘာ ၁၄၊ ၂၀၂၀
    M-Media

    -ရုရှားဟာ အသံထက် ၈ ဆ မြန်တဲ့ ဒုံးကျည်ကို မနေ့က ပင်လယ်ဖြူအတွင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဒါဟာ ရေတပ်အင်အားရဲ့ ချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်စေလိမ့်မယ်လို့ ရုရှားရေတပ်က ပြောကြားခဲ့ပါတယ်။

    Zircon လို့ အမည်​ပေးထားတဲ့ အဲဒီဒုံးကျည်ကို Admiral Gorshkov စစ်သင်္ဘောကနေ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၃၅၀ အကွာမှာရှိတဲ့ ကမ်းခြေက ပစ်မှတ်ကို ​ထိအောင်ပစ်နိုင်ခဲ့ပါတယ်။ အရင်နှစ်ကြိမ်က ရေပြင်ပစ်မှတ်တွေနဲ့သာ စမ်းသပ်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဟာ ပထမဆုံး ​ကုန်းပေါ်က ပစ်မှတ်ကို ပစ်ခဲ့တာပါ။

    ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ရဲ့ ၂၀၁၉ ခုနှစ်က ပြောကြားမှုမှာ Zircon ဒုံးကျည်ဟာ အသံထက် ၉ ဆမြန်တဲ့ Mach 9 အမြန်နှုန်းနဲ့ ပစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကီလိုမီတာ ၁၀၀၀ အကွာအဝေးထိ ပစ်နိုင်တဲ့ မြန်နှုန်းပါ။

    Zircon ဟာ ရေပြင်ကနေပစ်တဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားမှာ ကမ္ဘာ့ပထမဆုံး အသံထက်မြန်တဲ့ဒုံးကျည် ဖြစ်ပြီး လာမယ့်နှစ်ကျရင် ရုရှားရေတပ်မှာ တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်။

    စနေနေ့တုန်းကလည်း ရုရှားဟာ Bulava ဒုံးကျည်ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကနေ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။ Bulava ကို နောက်ဆုံးပေါ် Borel-class ရေငုပ်သင်္ဘောမှာ တပ်ဆင်အသုံးပြုဖို့ ထုတ်လုပ်ထားတာဖြစ်ပြီး ဒီရေငုပ်သင်္ဘောဟာ Bulava ဒုံးကျည် ၁၆ လုံး တပ်ဆင်ထားနိုင်ပါတယ်။

    Ref: RT

  • သမ္မတအား နောက်ကြောင်းပြန်အရေးမယူရေး ဥပဒေကို ရုရှားက ပြဌာန်းမည်

    သမ္မတအား နောက်ကြောင်းပြန်အရေးမယူရေး ဥပဒေကို ရုရှားက ပြဌာန်းမည်

    နိုဝင်ဘာ ၇၊ ၂၀၂၀
    M-Media

    ရုရှားသမ္မတ ဗလာဒီမီပူတင်

    -သမ္မတတွေ ရာထူးမရှိတော့တဲ့ချိန်မှာ နောက်ကြောင်းပြန်အရေးယူမှုကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို ရုရှားလွှတ်တော်အမတ်တွေက တင်သွင်းလိုက်ပါတယ်။

    လက်ရှိဥပဒေအရ သမ္မတတွေဟာ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းအတွင်းမှာသာ အရေးယူခံရမှုကနေ ကင်းလွတ်ခွင့်ရတာပါ။ အခုဥပဒေသစ်ကြောင့် ရာထူးကနေ အနားယူပြီး အသက်သေဆုံးချိန်အထိ ရာဇဝတ်ကြောင်းအရ နောက်ကြောင်းပြန်အရေးယူခံရမှုကနေ ကင်းလွတ်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

    နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အခြား ကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက် ​လွှတ်တော်နှစ်ရပ်ရဲ့ ထောက်ခံမှု ၃ ပုံ ၂ ပုံရမယ်ဆိုရင် ကင်းလွတ်ခွင့်ကို ပယ်ဖျက်နိုင်တယ်ဆိုတဲ့ အချက်လည်း ဥပဒေသစ်မှာ ပါဝင်ပါတယ်။

    သမ္မတပူတင်ရဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ပြီးခဲ့တဲ့နွေရာသီမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ရုရှားက အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးကြောင့် ပူတင်ဟာ ၂၀၃၆ အခုနှစ်အထိ သမ္မတာဝန် ထမ်းဆောင်ခွင့်ရသွားခဲ့ပါတယ်။

    သမ္မတဟောင်းတွေကို နောက်ကြောင်းပြန်အရေးမယူရေး၊ အထက်လွှတ်တော်မှာ သမ္မတဟောင်းတွေအတွက် နေရာတစ်နေရာ ထားရှိရေး စတဲ့အချက်တွေလည်း ဒီပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ပါတယ်။

    အခုတင်သွင်းတဲ့ ဥပဒေမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က အတည်ပြုပြီးတဲ့နောက် သမ္မတက လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

    လက်ရှိသမ္မတပူတင်ဟာ ၂၀၀၀ ခုနှစ်ကတည်းက ရုရှားနိုင်ငံကို အုပ်စိုးလာခဲ့တာဖြစ်ပါတယ်။

    Ref: The Moscow Times

  • အသံထက် ၉ ဆမြန်သည့် ခရုဇ်ဒုံးကျည်ကို ရုရှားက စမ်းသပ်အောင်မြင်

    အသံထက် ၉ ဆမြန်သည့် ခရုဇ်ဒုံးကျည်ကို ရုရှားက စမ်းသပ်အောင်မြင်

    အောက်တိုဘာ ၈၊ ၂၀၂၀
    M-Media

    -​ အသံထက်မြန်တဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ကြေငြာလိုက်ပြီး သမ္မပူတင်ကလည်း တိုင်းပြည်အတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု လို့ ပြောကြားလိုက်ပါတယ်။

    Tsirkon လို့အမည်ပေးထားတဲ့ အဲဒီဒုံးကျည်ကို အင်္ဂါနေ့မှာ ပင်လယ်ဖြူမှာရှိတဲ့ Gorshkov ဖရီးဂိတ်ရေယာဉ်ကနေ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပြီး အသံထက် ၈ ဆမြန်တဲ့ အရှိန်နဲ့သွားကာ မိုင် ၂၈၀ အကွာမှာရှိတဲ့ ပစ်မှတ်ကို ​အတိအကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

    သမ္မတပူတင်က ဒီလက်နက်ဟာ ကမ္ဘာမှာ ပထမဆုံးဖြစ်ပြီး စစ်တပ်အတွက်သာမက ရုရှားတစ်နိုင်ငံလုံးအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားကို ရေရှည်မှာ ပိုမိုတောင့်တင်းစေမယ်ဆိုတာ သေချာကြောင်း ပြေကြားခဲ့ပါတယ်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက​တော့ Tsirkon ဒုံးကျည်တွေကို တိုက်ရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသံထက် ၉ ဆမြန်ပြီး မိုင် ၆၂၀ လောက်​အထိရောက်မယ့် လက်နက်တစ်မျိုးကို မကြာခင် ထုတ်ပြမယ်လို့ ပူတင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ ရုရှားဟာ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ဖောက်ထွက်နိုင်မယ့် လက်နက်သစ်တစ်ချို့ကို တီထွင်ထုတ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။

    Ref: Aljazeera

  • ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    ကိုဗစ်ကိစ္စအတွက် ကုလညီလာခံတွင် ကမ္ဘာ့နိုင်ငံကြီးများ တင်းမာမှုဖြစ်

    စက်တင်ဘာ ၂၅၊ ၂၀၂၀
    M-Media

    -အွန်လိုင်းကနေတစ်ဆင့် ကျင်းပနေတဲ့ ၇၅ နှစ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကိုဗစ်ကပ်ရောဂါနဲပပတ်သက်ပြီး မနေ့က အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့အကြား ​ဒေါသနဲ့ အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

    အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စမှာ တရုတ်အစိုးရကို ပြစ်တင်ထားပါတယ်။ အင်္ဂါနေ့က ကုလမိန့်ခွန်းမှာလည်း ထရမ့်က ကိုဗစ်ရောဂါ ကမ္ဘာကို ပြန့်နှံ့စေမှုအတွက် တရုတ်ကိုအရေးယူဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် ကီလီခရက်ဖ်ရဲ့ မနေ့က ကုလမိန့်ခွန်းမှာ ဒီစွပ်စွဲချက်ကို ထပ်မံပြောကြားခဲ့ပြီး တရုတ်သံအမတ်က ဒေါသထွက်ကာ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ်။

    “တော်လောက်ပြီထင်တယ်။ ခင်ဗျားတို့တိုင်းပြည်က ကမ္ဘာကြီးကို ဒုက္ခပေးခဲ့တာ တော်လောက်ပါပြီ။ သူများကို အပြစ်တင်တာလောက်နဲ့ ကိုယ့်ရဲ့ပြဿနာကို ဖြေရှင်းလို့မရဘူးဆိုတာ အမေရိကန်က နားလည်သင့်ပါတယ်။ နောက်ဆုံးပေါ် ကျန်းမာရေးစနစ်နဲ့ နည်းပညာတွေရှိနေတဲ့ အမေရိကန်မှာ ဘာ့ကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုက အများဆုံးဖြစ်နေတာလဲ” လို့ တရုတ်သံအမတ် ကျန်ဂျွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာအတွက် တစ်ယောက်ယောက်က တာဝန်ရှိမယ်ဆိုရင် အမေရိကန်နိုင်ငံရေးသမားတွေပဲ ဖြစ်ကြောင်း၊ အမေရိကန်ဟာ ဒီကိစ္စမှာ လုံး၀ ဖယ်ကျဉ်ခံထားရကြောင်း ကျန်ဂျွင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီပြောကြားမှုကို ကုလဆိုင်ရာ ရုရားသံအမတ်ကလည်း ထောက်ခံခဲ့ပါတယ်။

    အမေရိကန်သံအမတ် ကီလီခရက်ဖ်က ဒီအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ပြဿနာကို ဖြေရှင်းရေးထက်​ နိုင်ငံရေး ရန်ညှိုးထားတိုက်ခိုက်ရေးကို အာရုံစိုက်နေကြပြီး ဒါဟာ ရှက်စရာကောင်းတယ်လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ပြန့်နှံမှုဟာ ကမ္ဘာနိုင်ငံတွေရဲ့ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera