News @ M-Media

Tag: russia

  • S-300 ဒုံးခွင်းစနစ်ကို ရုရှားက ၂ ပတ်အတွင်း ဆီးရီးယားသို့ ပို့မည်

    S-300 ဒုံးခွင်းစနစ်ကို ရုရှားက ၂ ပတ်အတွင်း ဆီးရီးယားသို့ ပို့မည်

    စက်တင်ဘာ ၂၄၊ ၂၀၁၈
    M-Media

    – ဆီးရီးယားကိုပို့ဆောင်ဖို့ ဆိုင်းငံ့ထားတဲ့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ၂ ပတ်အတွင်း ပေးပို့သွားမယ်လို့ ရုရှားက ကြေငြာလိုက်ပြီး၊ ဆီးရီးယားမှာ ရုရှားစစ်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် ဒီလိုကြေငြာချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ယခုတစ်ပတ် အစောပိုင်းက ဆီးရီးယားမှာ အစ္စရေးတိုက်လေယာဉ်လေးစင်း ကျူးကျော်တိုက်ခိုက်မှုအတွင်း ပျံသန်းနေတဲ့ ရုရှားစစ်လေယာဉ် Il 20 ကို အကာအကွယ်ယူခဲ့တာကြောင့် ဆီးရီးယားအစိုးရတပ်က အစ္စရေးလေယာဉ်တွေကို ဒုံးကျည်နဲ့ပစ်ရာမှာ Il-20 ကို ထိမှန်ခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ကို နည်းလမ်းပေါင်းစုံနဲ့ တုန့်ပြန်သွားဖို့ သမ္မတပူတင်က အမိန့်ပေးထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရုရှားရဲ့ အဆင့်မြင့် ဒုံးခွင်းစနစ်ဖြစ်တဲ့ S-300 ကို ဆီးရီးယားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ၀ယ်ယူထားခဲ့ပေမယ့် အစ္စရေးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ၂၀၁၃ ခုနှစ်မှာ ဒီစနစ်ပေးပို့ရေး ရုရှားက ရပ်ဆိုင်းခဲ့ပါတယ်။

    “အသုံးပြုနည်း လေ့ကျင့်ပေးထားတဲ့ ဆီးရီးယားတပ်ဖွဲ့ဝင်တွေနဲ့အတူ S-300 စနစ် ပေးပိုဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ၂၀၁၃ ခုနှစ်မှာ အစ္စရေးရဲ့ မေတ္တာရပ်ခံမှုကြောင့် ကျွန်တော်တို့ဟာ ဆိုင်းငံ့ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေက ပြောင်းလဲသွားပါပြီ။ ဒါဟာ ကျွန်တော်တို့အမှား မဟုတ်ပါဘူး” လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆီးရီးယားမှာ လက်ရှိသုံးစွဲနေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ဟောင်းနွမ်းနေပြီဖြစ်ပြီး အစ္စရေးရဲ့ မကြာခဏ ကျူးကျော်တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်စွမ်း မရှိပါဘူး။ S-300 စနစ်ဟာ ခေတ်အမီဆုံး ဒုံးခွင်းစနစ်တွေထဲက တစ်ခုဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။

    ရုရှားစစ်တပ်ဟာ ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်စနစ်တွေ ထောက်ပံ့ဖို့လည်း ရှိနေပါတယ်။

    Ref: RT

  • ကိုယ်ပျောက် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားထုတ်ပြ

    ကိုယ်ပျောက် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားထုတ်ပြ

    စက်တင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ရေအောက်ထဲမှာ ရန်သူတွေမသိအောင် ကိုယ်ဖျောက်နိုင်ပြီး ခရုဇ်ဒုံးကျည်တွေကို အတွဲလိုက်ပစ်လွှတ်နိုင်မယ့် ရေငုပ်သင်္ဘောတစ်စီးကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    Kronstadt လို့ အမည်ပေးထားတဲ့ အဲဒီသင်္ဘောမှာ တိကျမှုမြင့်မားတဲ့ ခရုဇ်ဒုံးကျည်တွေ၊ တော်ပီဒိုတွေ၊ ရေငုပ်မိုင်းတွေ တပ်ဆင်ထားပြီး ရေအောက်ထဲမှာ ဆူညံမှုမရှိတဲ့ ပစ်မှတ်တွေကို တော်တော်ဝေးဝေးကနေ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောရဲ့စွမ်းအင်စနစ်ကတော့ ဒီဇယ်-လျှပ်စစ်စနစ် ဖြစ်ပါတယ်။

    ရေငုပ်သင်္ဘောမှာ အသုံးပြုထားတဲ့ စနစ်တွေဟာ အလွန်အဆင့်မြင့်တာကြောင့် ရန်သူသင်္ဘောတွေဟာ Kronstadt ကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီရေငုပ်သင်္ဘောက ခရုဇ်ဒုံးကျည်တွေကို အတွဲလိုက် ပစ်လွှတ်နိုင်တဲ့အတွက် ရန်သူတွေဟာ ကာကွယ်ဖို့အတွက် အခွင့်အလမ်း နည်းပါတယ်။

    Kronstadt ဟာ ရေတပ်အခြေစိုက်စခန်းတွေကို ကာကွယ်ဖို့၊ ထောက်လှမ်းဖို့နဲ့ ရန်သူ့သေင်္ဘာတွေ၊ ရေငုပ်သင်္ဘောတွေကို တုန့်ပြန်တိုက်ခိုက်ဖို့ အသုံးပြုနိုင်မယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    Ref: RT

  • ဆီးရီးယားတွင် စစ်လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို ရုရှား အပြစ်တင်

    ဆီးရီးယားတွင် စစ်လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို ရုရှား အပြစ်တင်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    အစ္စရေးလေတပ်မှ တိုက်လေယာဉ်တစ်စင်း

    – ဆီးရီးယားနိုင်ငံ လာတာကီးယားပြည်နယ်မှာ မနေ့က အဆက်အသွယ်ပြတ်တောက်သွားတဲ့ မိမိတို့စစ်လေယာဉ်ဟာ ဆီးရီးယားအစိုးရတပ်ရဲ့ S200 ဒုံးခွင်းစနစ်နဲ့ ပစ်ချခံလိုက်ရတာဖြစ်ပြီး အစ္စရေးတိုက်လေယာဉ်တွေက လေယာဉ်ကို ကာဗာယူခဲ့တဲ့အတွက် ဒီလိုဖြစ်သွားတာလို့ ရုရှားက သတင်းထုတ်ပြန်ပါတယ်။

    တနင်္လာနေ့ညပိုင်းက အစ္စရေးရဲ့ F-16 တိုက်လေယာဉ် ၄ ဦးဟာ လာတာကီးယားပြည်နယ်ကို မြေထဲပင်လယ်ဖက်ကနေ ၀င်ရောက်ပြီး ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကာ၊ ဒီလေယာဉ်တွေဟာ အနိမ့်ပျံသန်းခဲ့တာကြောင့် ဒေသတွင်းက အခြားလေယာဉ်တွေ၊ သင်္ဘောတွေအတွက် “အလွန်အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တယ်” ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီနေရာမှာ ပျံသန်းနေတဲ့ ရုရှားစစ်တပ်ရဲ့ Il-20 လေယာဉ်ကို အစ္စရေးတိုက်လေယာဉ်တွေက အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆီးရီးယားအစိုးရရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေနဲ့ ပြန်ပစ်တဲ့အချိန်မှာ ကိုယ်ထည်ပိုကြီးတဲ့ Il-20 ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်ကြောင့် Il-20 ပေါ် လိုက်ပါသွားတဲ့ ရုရှားစစ်သား ၁၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    အစ္စရေးဟာ ရုရှားလေယာဉ် ရှိနေတာကို သိသိကြီးနဲ့ ဒီလို လုပ်ဆောင်တဲ့အတွက် ဒါဟာ ‘ရန်စမှုဖြစ်ကြောင်း’၊ တိုက်ခိုက်မှုမစတင်ခင် ၁ မိနစ်အလိုမှသာ ရုရှားကို ဒီကိစ္စအသိပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အစ္စရေးက သူတို့ဟာ ဟစ်ဇ်ဘိုလာအတွက် အီရန်ကပို့ပေးတဲ့ လက်နက်ထုတ်လုပ်ရေးကိရိယာကို တိုကခိုက်တာဖြစ်ပြီး ရုရှားစစ်သားတွေ သေဆုံးတဲ့အတွက် ၀မ်းနည်းမိကြောင်း၊ ဒီကိစ္စအတွက် ဆီးရီးယား၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့မှာ တာဝန်ရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာ သတင်းများ

    စက်တင်ဘာ ၁၂၊ ၂၀၁၈
    M-Media

    ဗီယက်နမ်မှ ခွေးသားအရောင်းဆိုင်တစ်ခု

    တောင်ကိုရီးယားတွင် မားစ်ရောဂါ သတိပေးချက် ထုတ်ပြန်
    ================
    ကူဝိတ်နိုင်ငံက ပြန်လာတဲ့ အသက် ၆၁ နှစ်အရွယ် အဘွားအိုမှာ မားစ်ရောဂါ ဖြစ်နေတယ်ဆိုတာကို တွေ့ရပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံက မားစ်ရောဂါသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမျိုးသမီးဟာ ကူဝိတ်ကနေ ဒူဘိုင်း၊ ဒူဘိုင်းကနေတစ်ဆင့် ဆိုးလ်ကို ပြန်လာတာဖြစ်ပြီး သူမ လိုက်ပါလာတဲ့ လေယာဉ်က ခရီးသည် ၄၄၀ ကိုလည်း အာဏာပိုင်တွေက နောက်ကြောင်းလိုက်နေကာ လူ ၅၀ လောက်ကိုတော့ လိုက်လို့မရဘူးလို့ ပြောပါတယ်။ ဒါဟာ တောင်ကိုရီးယားနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် မားစ်ရောဂါကို တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

    ခွေးသားစားမှု ရပ်တန်ဖို့ ဟနွိုင်းအစိုးရက ပြည်သူများကို တိုက်တွန်း
    ===============
    တိုင်းပြည်ရဲ့ပုံရိပ်ကို ကျဆင်းစေပြီး ခွေးရူးရောဂါ ပြန့်ပွားမယ့် အန္တရာယ်လည်း ရှိနေတာကြောင့် ခွေးသားစားသုံးမှုကို ရပ်တန့်ကြဖို့အတွက် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းက ပြည်သူ့ကော်မတီကနေ ပြည်သူတွေကို တိုက်တွန်းစာတစ်စောင် ထုတ်ပြန်ထားပါတယ်။ ခွေးသားဟာ ဗီယက်နမ်နိုင်ငံမှာ လူကြိုက်များတဲ့ အသားတစ်မျိုးဖြစ်ပြီး ဆန်အရက်တွေ၊ ဘီယာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိပါတယ်။ ပြည်သူ့ကော်မတီက ထုတ်ပြန်တဲ့စာမှာ ကြောင်သားစားသုံးမှုလည်း ရပ်တန့်ကြဖို့ ပါဝင်ပါတယ်။ အဲဒီလို စားသုံးဖို့အတွက် ခွေးတွေ၊ ကြောင်တွေကို သတ်ဖြတ်မှုဟာ ရက်စက်လေ့ရှိပြီး ဟနွိုင်းအစိုးရက ဒီအလေ့အကျင့်ကို တစ်ဖြည်းဖြည်းချင်း ဖျောက်သွားဖို့ မျှော်လင့်နေပါတယ်။

    အမေရိကန်ဒေါ်လာအပေါ်မှီခိုရမှုကို ရုရှားနှင့် တရုတ်တို့ လျှော့ချမည်
    ==================
    ရုရှားနဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လျှော့ချပြီး သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးတွေကိုသာ အသုံးပြုသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မနေ့က တွေ့ဆုံမှုအပြီးမှာ ပြောကြားခဲ့ပါတယ်။ ရုရှားဟာ ခရိုင်းမီးယားပြဿနာကြောင့် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကို ခံနေရပြီး တရုတ်ကလည်း အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ ပူတင်ကတော့ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ ကုန်သွယ်ရေး လုပ်တာဟာ ဘဏ်တွေရဲ့ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေကို ပိုမိုတည်ငြိမ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: CNA

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၇၊ ၂၀၁၈
    M-Media
    အမေရိကန်နှင့် အိန္ဒိယတို့မှ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ
    ဂျပန်တွင် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိလာ
    ===============
    ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းမှာ မနေ့မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီး လူ ၂ သန်းကျော်လောက်ဟာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ ငလျင်ကြောင့် နေအိမ်တွေ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာ၊ မြေပြိုတာတွေရှိခဲ့ပြီး ၂၆ ဦး ပျောက်ဆုံးနေပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့လတွေအတွင်း တိုင်းဖုန်းမုန်တိုင်း၊ ရေကြီးမှုနဲ့ အပူလှိုင်းဖြတ်မှုဒဏ်တွေကို ခံစားခဲ့ရပြီး လူအသေအပျောက်များခဲ့သလို၊ အခုတစ်ပတ်အစောပိုင်းမှာလည်း တိုင်ဖုန်းမုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးတွင် ပစ်ခတ်မှုဖြစ်
    ==============
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် စင်စင်နတီမြို့လယ်ကောင်က ဘဏ်မှာ မနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေနတ်သမား အပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာအသက် ၂၉ နှစ်အရွယ် အိုမာရ် အန်းရစ် ဆန်တာ ပီရက်ဇ်ဆိုသူဖြစ်ပြီး ပစ်ခတ်မှုနောက်ကွယ်က အကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ အမေရိကန်နိုင်ငံမှာ အခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်း ၅၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးကတော့ ဖေဖော်ဝါရီလက ဖလော်ရီဒါပြည်နယ် ပါ့က်လန်းမြို့က Stoneman Douglas အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ကလေးငယ်အများစုအပါအ၀င် လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။
    အမေရိကန်-အိန္ဒိယ စစ်ရေးစာချုပ်တစ်ခု ချုပ်ဆို
    =============
    စက်ဖက်ဆိုင်ရာ အဆင့်မြင့် ဆက်သွယ်ရေးကိရိယာတွေကို ၀ယ်ယူဖို့အတွက် အိန္ဒိယနိုင်ငံမဟာ မနေ့မှာ အမေရိကန်နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အိန္ဒိယကို ရောက်ရှိနေပြီး လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ရေတပ်ဟာ အထူး အကျိုးခံစားရဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    ရုရှားစီးပွားရေးဖိုရမ်သို့ တရုတ်သမ္မတ တက်ရောက်မည်
    ==============
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ ရှိနေတဲ့ ‘အရှေ့တိုင်း စီးပွားရေးဖိုရမ်’ ကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ရုရှားက နှစ်စဉ်ကျင်းပတဲ့ ဒီ စီးပွားရေးဖိုရမ်ကို တရုတ်ခေါင်းဆောင်တစ်ယောက် ပထမဆုံးအကြိမ် တက်ရောက်မှုလည်း ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ရုရှားသမ္မတ ပူတင်က ဖိုရမ်တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။
    Ref: Aljazeera, CNA