News @ M-Media

Tag: russia

  • ယေဟောဝါသက်သေ အသင်းဝင် ၅ ဦးကို လက်နက်မှု၊ အစွန်းရောက်မှုဖြင့် ရုရှား ဖမ်းဆီး

    ယေဟောဝါသက်သေ အသင်းဝင် ၅ ဦးကို လက်နက်မှု၊ အစွန်းရောက်မှုဖြင့် ရုရှား ဖမ်းဆီး

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    – ခရစ်ယာန် ‘ယေဟောဝါသက်သေ’ အသင်းတော်က အဖွဲ့ဝင် ၅ ဦးကို လက်နက်နဲ့ အစွန်းရောက်ဝါဒဆိုင်ရာ စွဲချက်တွေနဲ့ ရုရှားက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

    ရုရှားဟာ အဲဒီအသင်းတော်ကို ၂၀၁၇ ခုနှစ်မှာ တရားမ၀င်အသင်းအဖြစ် ကြေငြာခဲ့ပြီး၊ အစွန်းရောက်အဖွဲ့အစည်းစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အသင်းဝင်တွေကို စောင့်ကြည့်ကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကိုလည်း ခံလာရပါတယ်။

    ရုရှား တရားရေးဝန်ကြီးဌာနက ‘ယေဟောဝါသက်သေ’ အသင်းတော်ဟာ အခြားသော ဘာသာရေးအုပ်စုတွေကို အမုန်းပွားစေမယ့် လက်ကမ်းကြော်ငြာတွေ ဖြန့်ဝေတာတွေ လုပ်ဆောင်တာကြောင့် ပိတ်ပင်ရတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    အခုဖမ်းဆီးလိုက်တဲ့ ၅ ဦးဟာ မော်စကိုမြို့ ဆင်ခြေဖုံးမှာ နေထိုင်သူတွေဖြစ်ပြီး ကန်ဒေါ်လာ ၇၅၀၀ အလှူငွေကောက်ခံတာ၊ ဘာသာရေးအခမ်းအနား ပြုလုပ်တာတွေ ရှိခဲ့ကြောင်း၊ စီးနင်းမှုအတွင်း အစွန်းရောက်စာတမ်းတွေ တော်တော်များများနဲ့ လက်ပစ်ဗုံနှစ်လုံး၊ မြေမြှုပ်မိုင်းတစ်လုံးတို့ကိုလည်း တွေ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

    ‘ယောဟောဝါသက်သေ’ ဥရောပဆိုင်ရာအဖွဲ့က အဖွဲ့ဝင် ယာရိုဆလပ် စီဗူလ်စကီက သူတို့အဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်တယ်လို့ စွပ်စွဲခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၁၉ ရာစုက အမေရိကန်ပြည်ထောင်စုမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ‘ယေဟောဝါသက်သေ’ အသင်းတော်ဟာ ကမ္ဘာတစ်ဝှမ်း အသင်းဝင် ၈ သန်းလောက်ရှိနေပြီး တစ်အိမ်တက်ဆင်း ဇွဲနပဲကြီးစွာနဲ့ သာသနာပြုတဲ့အတွက် ကျော်ကြားပါတယ်။ အသင်းတော်ရဲ့ ၂၀၁၇ ခုနှစ် ထုတ်ပြန်ချက်အရ ရုရှားမှာ အသင်းဝင် ၁၇၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ရုရှားရဲ့ ဘာသာရေးဖိနှိပ်မှုနောက်ပိုင်း ယေဟောဝါအသင်းဝင် ရာနဲ့ချီ သူတို့နိုင်ငံထဲ လာရောက်ခိုလှုံခဲ့ကြတယ်လို့ ဖင်လန်နိုင်ငံက ပြောကြားထားပါတယ်။

    ရုရှားနိုင်ငံမှာ ရုရှားအော်သိုဒေါ့စ် ခရစ်ယာန်ဘာသာက လူများစုဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် နိုင်ငံတကာ ဘာသာရေးလွပ်လပ်ခွင့်ကော်မရှင်ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံအရ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အပိတ်ပင်ဆုံးနိုင်ငံတွေထဲမှာ ရုရှားလည်း ပါဝင်တာကို တွေ့ရပါတယ်။

    Ref: BBC

  • UFC လိုဝိတ်တန်းချန်ပီယံ ခါဘစ် နူမာဂိုမီဒေါ့ဗ် သမ္မတပူတင်နှင့်တွေ့မည်

    UFC လိုဝိတ်တန်းချန်ပီယံ ခါဘစ် နူမာဂိုမီဒေါ့ဗ် သမ္မတပူတင်နှင့်တွေ့မည်

    အောက်တိုဘာ ၁၀၊ ၂၀၁၈
    M-Media

    – UFC လိုက်ဝိတ်တန်းချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့ MMA ကစားသမား ခါဘစ် နူမာဂိုမီဒေါ့ဗ်ဟာ ရုရှားသမ္မတ ပူတင်နဲ့ မနက်ဖြန်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

    ရုရှားနိုင်ငံသား ခါဘစ်ဟာ စနေနေ့က လိုက်ဝိတ်တန်းချန်ပီယံဘွဲ့ ကာကွယ်ပွဲအဖြစ် အိုင်ယာလန်နိုင်ငံသား ကိုနာ မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့ရာ ၄ ချီမြောက်မှာ ချုပ်ကွက်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ မက်ဂရီဂေါ်ရဲ့အဖွဲ့တွေကို ကြိုးဝိုင်းကျော်ပြီး သွားထိုးတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။

    ခါဘစ်က မက်ဂရီဂေါ်ဟာ ပွဲမတိုင်ခင်ရက်တွေမှာ သူ့ရဲ့ဖခင်၊ သူ့ရဲ့နိုင်ငံ၊ သူ့ရဲ့ ဘာသာတို့ကို စော်ကားပြောဆိုခဲ့တဲ့အတွက် မခံနိုင်လို့ ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ အဲဒီအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့ပါတယ်။

    ဇာတိ ဒါဂျစ်စတန်ကို ပြန်လာရာမှာ ခါဘစ်ကို ပြည်သူတွေက သူရဲကောင်းတစ်ယောက်လို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။

    ရုရှားသမ္မတ ပူတင်က သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်း ဖုန်းဆက်ပြောကြားခဲ့တယ်လို့ စနေနေ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ခါဘစ်က ပြောကြားခဲ့ပါတယ်။

    ပူတင်ဟာ မနက်ဖြန် နိုင်ငံအနောက်ပိုင်း Ulyanovsk မြို့မှာ အောက်တိုဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်မယ့် Russia – Country of Sports အခမ်းအနားကို တက်ရောက်ဖို့ရှိနေပြီး အဲဒီအခမ်းအနားမှာ ခါဘစ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ခါဘစ်ကလည်း သမ္မတပူတင်နဲ့ တွေ့ဆုံမယ်လို့ အတည်ပြုခဲ့ပါတယ်။

    ခါဘစ်ဟာ ပွဲပေါင်း ၂၇ ပွဲ ထိုးသတ်ထားရာမှာ ရှုံးပွဲ၊ သရေပွဲ မရှိသေးဘဲ အားလုံး အနိုင်ရထားပါတယ်။

    Ref: RT

  • ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    ဆိုက်ဘာတိုက်ခိုက်မှုအတွက် ရုရှားစစ်ထောက်လှမ်းရေး ၇ ဦးကို အမေရိကန် တရားစွဲ

    အောက်တိုဘာ ၅၊ ၂၀၁၈
    M-Media

    – တားမြစ်ဆေးဆိုင်ရာ အေဂျင်စီတွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကွန်ပျူတာစနစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အမေရိကန်က ရုရှား စစ်ထောက်လှမ်းရေး ၇ ဦးကို မနေ့က တရားစွဲဆိုလိုက်ပါတယ်။

    အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်ရှေ့နေချုပ် ဂျွန် ဒီမာက ရုရှားဟက်ကာတွေ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့အခြေစိုက် ဓာတုလက်နက် တိုက်ဖျက်ရေးအဖွဲ့ Prohibition of Chemical Weapons (OPCW)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၊ အမေရိကန်အခြေစိုက် နိုင်ငံတကာ တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီတွေ၊ အမေရိကန် နျူကလီးယားကုမ္ပဏီ Westinghouse တို့ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုဟာ ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲမှုအစီအစဉ်ကို ဖော်ထုတ်တဲ့ တာဝန်ရှိသူတွေကို သိရှိနိုင်ဖို့၊ တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့တွေကို နာမည်ဖျက်ဖို့ ရည်ရွယ်တယ်လို့ဆိုကာ အမေရိကန် တရားရေးဌာနက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုမှုတွေထဲမှာ ငွေကြေးခ၀ါချမှု၊ Bitcoin လို ဒစ်ဂျစ်တယ်ငွေကြေးတွေ အသုံးပြုမှု၊ လိမ်လည်မှု၊ တစ်ခြားသူတွေရဲ့ စာရွက်စာတမ်းတွေ ခိုးယူမှုလည်း ပါဝင်ပါတယ်။

    ဂျွန်ဒီမာက ရန်ညှိုးထားပြီး၊ နာမည်ဖျက်ဖို့ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု၊ လွှမ်းမိုးဖို့ ကြိုးစားမှုတွေကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ထိထိရောက်ရောက် တားဆီးအရေးယူသွားမယ်ဆိုတာကို ရုရှားနဲ့ အခြားနိုင်ငံတွေက နားလည်ထားကြဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    တစ်ခြားနိုင်ငံတွေလည်း ဖော်ထုတ်

    နယ်သာလန်နိုင်ငံက သူတို့ဟာ ဧပြီလအတွင်းမှာ OPCW ကို ရုရှားထောက်လှမ်းရေးအေးဂျင့်တွေက ဟက်ဖို့ ကြိုးစားမှုကို တားဆီးနိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အားကစား၊ သယ်ယူပို့ဆောင်ရေးနဲ့ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပွားအောင်လုပ်ကာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်ဆီးအောင်ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ဖို့ ရုရှားရဲ့ GRU စစ်ဖက်အေဂျင်စီတစ်ခုက ညွှန်ကြားခဲ့တယ်လို့ ယူကေက အခုရက်ပိုင်းအတွင်း စွပ်စွဲထားပါတယ်။

    သည်ဟေ့ဂ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒက်ခ်ျ ကာကွယ်ရေးဝန်ကြီး အန့် ဘစ်ဂ်ျလေဗယ်က အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပျက်စီးအောင် ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုရှားကို ဆော်သြခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    ဗုဒ္ဓဟူးနေ့မနက်ပိုင်း နိုင်ငံတကာ သတင်းများ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    အီရတ်သမ္မတသစ် ဘာရ်ဟမ် ဆာလီဟ်

    အင်ဒိုဆူနာမီ သေဆုံးသူ ၁၃၀၀ ကျော်လာ
    ==================
    ပြီးခဲ့တဲ့တစ်ပတ်က ငလျင်နဲ့ ဆူနာမီကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ သေဆုံးသူအရေအတွက်ဟာ ၁၃၄၇ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အပျက်အဆီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို အသက်ရှင်လျက်တွေ့ရှိဖို့ အခွင့်အလမ်း နည်းပါးလာခဲ့ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အိုးအိမ်ပေါင်း ၆၅၀၀၀ လောက် ပြိုကျပျက်ဆီးခဲ့သလို လူ ၆ သောင်းလောက် အိုးမဲ့အိမ်ဖြစ်ရကာ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
    ===============
    ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး ထရမ့်နဲ့ ထပ်မံဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံမယ်လို့ အမေရိကန်အစိုးရက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပွမ်ပီယိုရဲ့ အခုနှစ်အတွင်း မြောက်ကိုရီး ယားကို ၄ ကြိမ်မြောက်သွားရောက်မှုဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကိုလည်း တစ်ဆက်တည်း သွားရောက်ဖို့ ရှိနေပါတယ်။

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေး ရုရှားနှင့် အိန္ဒိယ စာချုပ်ချုပ်မည်
    ==================
    အောက်တိုဘာ ၄ ရက်နေ့မှာ စတင်မယ့် ရုရှားသမ္မတပူတင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း S-400 ဒုံးခွင်းစနစ် အိန္ဒိယကို ပို့ဆောင်ရေး ကန်ဒေါ်လာ ၅ ဘီလီယံတန် သဘောတူညီချက်တစ်ခု လက်မှတ်ထိုးဖို့ ရှိတယ်လို့ ရုရှားက မနေ့မှာ ပြောပါတယ်။ လက်ရှိမှာ S-400 ဒုံးခွင်းစနစ် ၀ယ်ယူရေးကိစ္စအတွက် အိန္ဒိယနဲ့ ရုရှားတို့က ဆွေးနွေးဆဲအဆင့်မှာ ရှိနေတာပါ။ အိန္ဒိယရဲ့ ကာကွယ်ရေးမိတ်ဖက်ဖြစ်တဲ့ အမေရိကန်က ဒီကိစ္စအတွက် အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

    အီရတ်က သမ္မတသစ်တင်မြှောက်
    ================
    နိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကာ့ဒ်နိုင်ငံရေးသမားဟောင်း ဘာရ်ဟမ် ဆာလီဟ်ကို အီရတ်လွှတ်တော်က မနေ့မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ ဆာဟီလ်ဟာ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး၊ အီရတ်နိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ သမ္မတကို ကာ့ဒ်လူမျိုး၊ ၀န်ကြီးချုပ်ကို ရှီအာမွတ်စလင်၊ လွှတ်တော်ဥက္ကဌကို စွန်နီမွတ်စလင်တွေကို ခန့်အပ်ရတာ ဖြစ်ပါတယ်။

    Ref: Aljazeera,CNA

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    ဆူလာသေစီကျွန်း ဆူနာမီပြီးနောက် မြင်ကွင်း

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆ ဦး သေဆုံး
    =================
    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ရေး ရည်ရွယ်ကာ ဂါဇာမှာ မနေ့က ပြုလုပ်တဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ Great March of Return လို့ခေါ်တဲ့ အဲဒီဆန္ဒပြမှုကို ဂါဇာမှာ မေလ ၃၀ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၁၈၀ သေဆုံးကာ၊ ၁၈၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အင်ဒိုနီးရှားဆူနာမီ လူအများအပြား သေဆုံး
    ===========
    အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း မြို့တော် ပါလူမှာ မနေ့က ဆူနာမီလှိုင်းလုံးတွေ ၀င်ရောက်လာမှုကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဆူနာမီ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိတာကြောင့် အသေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

    ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရန် မဟာသီတိုက်တွန်း
    ==============
    ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အခြေအနေ ပိုဆိုးလာတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ကုလအထွေထွေညီလာခံမှာ မနေ့က ပြောကြားခဲ့ပြီး ကုလအဖွဲ့ ပြုပြင်ပြောင်းလဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မဟာသီဟာ ၂၀၀၃ ခုနှစ်က ကုလမှာ နောက်ဆုံး စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဗီတိုကိုင်ထားတဲ့ နိုင်ငံ ၅ နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က ကမ္ဘာစစ်အောင်ပွဲကို အကြောင်းပြပြီး ကမ္ဘာကြီးကို အမြဲတမ်း ပြန်ပေးဆွဲထားလို့ မရတော့သလို၊ ကုလအတွင်းမှာ ဒီမိုကရေစီဝါဒကို လက်မခံဘဲနဲ့ ဒီနိုင်ငံတွေက ဒီမိုကရေစီတရားဟောတာ၊ ကမ္ဘာ့နိုင်ငံတွေမှာ အစိုးရအပြောင်းအလဲလုပ်ဖို့ ဆော်သြတာတွေ လုပ်လို့မရဘူးလို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားသို့ ရုရှားက S-300 ဒုံးခွင်းစနစ် စတင်ပို့ဆောင်
    =============
    S-300 ဒုံးခွင်းစနစ်ကို ဆီးရီးယားနိုင်ငံကို စတင်ပို့ဆောင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယားက ၀ယ်ယူထားတဲ့ S-300 ဒုံးခွင်းစနစ်ကို အစ္စရေးရဲ့ မေတ္တာရပ်ခံမှုကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ပေးပို့ဖို့ ဆိုင်ငံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ် ဆီးရီးယားမှာ အစ္စရေးတိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ရုရှား စစ်လေယာဉ်တစ်စင်း ပစ်ချခံရကာ လိုက်ပါလာသူ ၁၅ ဦးစလုံး သေဆုံးခဲ့ပြီးတဲ့နောက် ရုရှားက ဒီဒုံးခွင်းစနစ်ကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လာဗရော့ဗ်ကတော့ ဆီးရီးယားမှာရှိတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းဖို့အတွက် ဒီလိုဆောင်ရွက်တာလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, Press TV, CNA