News @ M-Media

Tag: russia

  • ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    – အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုအတွက် ရုရှားက သတိပေးလိုက်ပြီး မိမိတို့ကလည်း လက်နက်အသစ်တွေနဲ့ ဥရောပမြို့ကြီးတွေကို လက်တုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပူတင်က အမေရိကန်ဟာ ဒုံးကျည်တွေ လွတ်လွတ်လပ်လပ် ထုတ်လုပ်နိုင်ဖို့အတွက် ရုရှားနဲ့ချုပ်ထားတဲ့ ဒုံးကျည်ထိန်းချုပ်ရေးစာချုပ် 1987 Intermediate-Range Nuclear Forces ကနေ နှုတ်ထွက်တာဖြစ်ပြီး ရုရှားကို အပြစ်တင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် ဒီစာချုပ်က နှုတ်ထွက်မှုဟာ အင်အားကြီးနိုင်ငံတွေအကြား လက်နက်ပြိုင်ဆိုင်မှုတစ်ခု စတင်လိုက်တာမျိုး ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုဟာ ‘ဆိုးရွားတဲ့ခြိမ်းခြောက်မှု’ ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။

    “ဘွင်းဘွင်းရှင်းရှင်းပြောရရင် ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည်စနစ်တွေတည်ရှိရာ အချက်အချာနေရာတွေကို ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ရုရှားက ချထားရတော့မယ့်အနေအထား ဖြစ်လာပါလိမ့်မယ်။ ဒီဒုံးကျည်တွေရဲ့ ရောက်ရှိချိန်နဲ့ ပြင်းအားဟာ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေနဲ့အညီ ဖြစ်မှာပါ”

    ရုရှားဟာ ဘယ်လိုလက်နက်သစ်မျိုး ချထားမလဲဆိုတာကို ပူတင်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရုရှားက လက်နက်သစ် တော်တော်များများကို ထုတ်ပြခဲ့ပြီး အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေကို အခုနှစ်အတွင်း တပ်ဖြန့်ထားမယ်လို့ ဆိုပါတယ်။

    Sarmat လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အသစ်း၊ နျူစွမ်းအင်သုံး Burevestnik ခရုဇ်ဒုံးကျည်တွေကိုလည်း ရုရှားက စမ်းသပ်နေပြီး နျူစွမ်းအင်သုံး ရေငုပ်ဒရုန်း
    Poseidon က အခုနှစ်နှောင်းပိုင်းမှာ တပ်တော်ဝင်ဖို့ ရှိနေပါတယ်။

    အသံထက် ၉ ဆမြန်ပြီး ကီလိုမီတာ ၁၀၀၀ အထိ ရောက်ရှိနိုင်မယ့် Zircon ဒုံးကျည်ကို ရုရှားရေတပ်မှာ မကြာခင် အသုံးပြုဖို့ ရှိနေတယ်လို့လည်း ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    အသံထက်မြန်သည့် ဒုံးကျည်သစ်တစ်မျိုးကို ရုရှားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၈
    M-Media

    စမ်းသပ်ပစ်လွှတ်မှုအပြီးတွင် တွေ့ရသည့် ရုရှားသမ္မတ ပူတင်

    – အသံထက်မြန်တဲ့ ဒုံးကျည်အသစ်တစ်ခုကို ရုရှားက မနေ့မှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး လက်ရှိ ဘယ်ဒုံးခွင်းစနစ်နဲ့မှ ပစ်မချနိုင်တဲ့ ဒီဒုံးကျည်ဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ရုရှားရဲ့ လုံခြုံရေးကို အာမခံပေးလိမ့်မယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

    Avangard လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ကို ရုရှားနိုင်ငံ တောင်ပိုင်း ယူရဲလ်တောင်တန်းမှာရှိတဲ့ အခြေစိုက်စခန်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆၀၀၀ အကွာအဝေးမှာရှိတဲ့ ကမ်ချက်ကာဒေသက ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်။

    ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပူတင်က ဒီဒုံးကျည်ဟာ တိုင်းပြည်အတွက် နှစ်သစ်ကူးလက်ဆောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “Avangard ဒုံးကျည်ကို လက်ရှိ သုံးနေတဲ့ ဒုံးခွင်းစနစ်တွေ၊ ရန်သူတွေ အနာဂတ်မှာ ထုတ်လုပ်လာနိုင်တဲ့ ဒုံးခွင်းစနစ်တွေက ကြားဖြတ် ဟန့်တားနိုင်မှာ မဟုတ်ပါဘူး” လို့ ပူတင်ကဆိုပြီး ရုရှားစစ်တပ်ရဲ့ မဟာဗျူဟာဒုံးတပ်ဖွဲ့မှာ လာမယ့်နှစ် စတင်အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အခုနှစ်မတ်လက ရုရှားသမ္မတပူတင် ထုတ်ဖော်ပြသခဲ့တဲ့ နျူဒုံးကျည်တွေထဲမှာ အသံထက်မြန်တဲ့ Avangard ဒုံးကျည်လည်း ပါဝင်ပါတယ်။ ရုရှားရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းအားကို ချိနဲ့စေနိုင်မယ့် အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တွေကို တုန့်ပြန်ဖို့အတွက် ဒီလက်နက်တွေ ထုတ်လုပ်သွားရမယ်လို့ အဲဒီအချိန်တုန်းက ပူတင်က ပြောကြားခဲ့ပါတယ်။

    အခုစမ်းသပ်လိုက်တဲ့ ဒုံးကျည်အသစ်ဟာ တိုက်ကြီးတွေကို ဖြတ်ကျော်ပစ်လွှတ်နိုင်ပြီး အသံထက် အဆ ၂၀ ပိုမြန်ကြောင်း၊ လက်ရှိ ဘယ်နိုင်ငံမှာမှ အသံထက်မြန်တဲ့ လက်နက်မျိုး မရှိသေးကြောင်း မနေ့က အခမ်းအနားမှာ ပူတင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • နာမည်ကျော် ရုရှားဘောက်ဆာသမား နိုက်ဂျီးရီးယားတွင် အကူအညီရေးပေးလုပ်ငန်းများ လုပ်ဆောင်နေ

    နာမည်ကျော် ရုရှားဘောက်ဆာသမား နိုက်ဂျီးရီးယားတွင် အကူအညီရေးပေးလုပ်ငန်းများ လုပ်ဆောင်နေ

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ရုရှားက UFC လိုက်ဝိတ်တန်းချန်ပီယံ ဘောက်ဆာသမား ခါဘစ် နူမာဂိုမီဒေါ့ဘ်ဟာ နိုက်ဂျီးရီးယားနိုင်ငံကို ပရဟိတခရီးစဉ်အဖြစ် ပြီးခဲ့တဲ့တစ်ပတ်မှာ သွားရောက်ခဲ့ပြီး ဆင်းရဲသားရပ်ကွက်မှာ ရေချိုတွင်းတူးပေးတာ၊ ဆေးခန်းဆောက်ပေးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

    “ကလေးဘ၀တုန်းကအိပ်မက် အကောင်အထည်ပေါ်လာတာပါ။ ‘အာဖရိကပြည်သူတွေကို ကူညီပေးနိုင်သောဘ၀မျိုး ရလိုပါ၏’လို့ ငယ်ငယ်တုန်းက အလ္လာဟ်အရှင်မြတ်ထံမှာ အမြဲဆုတောင်းခဲ့တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ ကျွန်တော့်ဆုတောင်း ပြည့်ဝသွားပါပြီ” လို့ ခါဘစ်က နိုက်ဂျီးရီးယားကလေးငယ်တွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံကို Instagram စာမျက်နှာမှာ လွှင့်တင်ပြီး ရေးသားခဲ့ပါတယ်။

    ခါဘစ်ဟာ အောက်တိုဘာလက ကော်နာ မက်ဂရီဂေါ်ကို ၄ ချီမြောက်မှာ အလဲထိုးနိုင်ခဲ့ပြီး UFC လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ခါဘစ်ဟာ ဂရီဂေါ်ရဲ့ နည်းပြအဖွဲ့ကို သွားရောက်ထိုးကြိတ်ခဲ့တဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။

    သူကတော့ ဂရီဂေါ်ဟာ သူ့ရဲ့နိုင်ငံ၊ မိဘနဲ့ ဘာသာတရားကို စော်ကားလို့ တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ခါဘစ်ကို ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က တွေ့ဆုံအာ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

    သူဟာ နောက်လအနည်းငယ်အတွင်း နိုက်ဂျီးရီးယားကို တစ်ခေါက်ပြန်သွားကာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း ရှိနေတယ်လို့ Instagram စာမျက်နှာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: Iknowbro

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၂၊ ၂၀၁၈
    M-Media

    အမေရိကန် F35 တိုက်လေယာဉ်

    ဟာရီကိန်းကြောင့် အမေရိကန်တွင် အနည်းဆုံး ၆ ဦးသေ
    =============
    ဟာရီကိန်းမိုက်ကယ်ကြောင့် အမေရိကန် ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ၃ ခုမှာ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၆ ဦးအထိ ရှိလာခဲ့ပြီး အဆောက်အဦးတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံသားတွေ ထိခိုက်ဆုံးရှုံးမှုအတွက် ၀မ်းနည်းရပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့အထိ မရပ်မနား လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ၀င်ရောက်ခဲ့တဲ့ ဟာရီကိန်းမိုက်ကယ်ဟာ နှစ် ၁၀၀ သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ပြီး အခုအချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်ပါတယ်။

    အာကာသယာဉ်မှူးများ လိုက်ပါသွားသည့် ရုရှားဆိုယုဇ်ဒုံးပျံ စက်ချို့ယွင်းမှုဖြစ်
    =====================
    မနေ့က ရုရှားကနေ နိုင်ငံတကာအာကာသစခန်းကို လူနဲ့ ကုန်စည်တွေပို့ဆောင်တဲ့ ဆိုယုဇ်ဒုံးပျံဟာ စက်ချို့ယွင်းမှုပြဿနာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် ကမ္ဘာမြေကို ပြန်ဆင်းခဲ့ရပြီး ဒီအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှားက အာကာသယာဉ်မှူးနှစ်ဦးကတော့ ကာဇက်စတန်နိုင်ငံမှာ ဘေးရန်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဆိုယုဇ်ဒုံးပျံဟာ အာကာသနယ်ပယ်မှာ သက်တမ်းအရင့်ဆုံး ဒုံးပျံဖြစ်ပြီး စိတ်အချရဆုံး ဒုံးပျံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    အမေရိကန်က F-35 တိုက်လေယာဉ်အားလုံး ပြန်စစ်မည်
    ==================
    အမေရိကန်က သူတို့ရဲ့ F-35 တိုက်လေယာဉ်အားလုံးကို စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီး ပြီးခဲ့တဲ့လ တောင်တရုတ်ပင်လယ်မှာ F-35 လေယာဉ်တစ်စီး ပျက်ကျပြီးတဲ့နောက် ဒီလို စစ်ဆေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးလေယာဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ဆီလိုင်းပြဿနာတွေကို ကြုံတွေ့နေတာဖြစ်ပြီး အခုစစ်ဆေးမှုမှာ ဒါကို ပြုပြင်ဖို့ ရှိနေပါတယ်။ စစ်ဆေးမှုဟာ ၁ ရက်ကနေ ၂ ရက်အတွင်း ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref : BBC, Aljazeera

  • တစ်ဖက်ကစော်ကားလျှင် တုန့်ပြန်တတ်သည်မှာ ဓမ္မတာဟု ခါဘစ်ကို ပူတင် နှစ်သိမ့်

    တစ်ဖက်ကစော်ကားလျှင် တုန့်ပြန်တတ်သည်မှာ ဓမ္မတာဟု ခါဘစ်ကို ပူတင် နှစ်သိမ့်

    အောက်တိုဘာ ၁၁၊ ၂၀၁၈
    M-Media

    ပူတင်နှင့် ခါဘစ်တို့သားအဖ တွေ့ဆုံစဉ်

    – မိမိကိုစော်ကားလာရင် လက်တုန့်ပြန်တတ်သည်မှာ ဓမ္မတာပင်ဖြစ်ပြီး တစ်ခြားလူများလည်း ၎င်းကဲ့သို့ပင် လက်တုန့်ပြန်ကြလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က MMA တိုက်ခိုက်ရေးသမား ခါဘစ် နူမာဂိုမီဒေါ့ဗ်ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။

    ရုရှားနိုင်ငံသား ခါဘစ်ဟာ စနေနေ့က လက်စ်ဗီးဂက်စ်မှာ ကျင်းပခဲ့တဲ့ လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ အိုင်ယာလန်နိုင်ငံသား ကိုနာ မက်ဂရီဂေါ်ကို
    ၄ ချီမြောက်မှာ ချုပ်ကွက်နဲ့ အနိုင်ရခဲ့ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ခါဘစ်ဟာ ကြိုးဝိုင်းကိုကျော်ကာ ဂရီဂေါ်ရဲ့ အသင်းသားတွေကို သွားရောက် ထိုးကြိတ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

    မက်ဂရီဂေါ်အနေနဲ့ သူ့ရဲ့နိုင်ငံ၊ ဘာသာနဲ့ မိဘတို့ကို စော်ကားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ ဒီအတွက် ပရိသတ်တွေနဲ့ ပြိုင်ပွဲစီစဉ်သူတွေကို တောင်းပန်ကြောင်း ပွဲအပြီးမှာ ခါဘစ်က ပြောကြားခဲ့ပါတယ်။

    ရုရှားသမ္မတ ပူတင်က ဘယ်သူမဆို အစော်ကားခံလာရရင် ဒီလို တုန့်ပြန်ကြမှာဖြစ်တယ်လို့ မနေ့က ခါဘစ်တို့သားအဖနဲ့ တွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။

    “အပြင်လူက ငါတို့ကို တိုက်ခိုက်လာရင် – မင်းမှမဟုတ်ဘူး ငါတို့လည်း အဲဒီလို ကြိုးဝိုင်းကိုကျော်ပြီး အဲဒီလူကို ပညာပေးပစ်မှာ။ ဒါပေမယ့် အဲဒီလိုအဆင့်မျိုး မရောက်တာက ပိုကောင်းတာပေါ့ကွာ”

    ပူတင်က ခါဘစ်ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့ပါတယ်။

    တနင်္လာနေ့က မွေးရပ်မြေ ဒါဂျက်စတန်ကို ပြန်လာရာမှာ ပြည်သူတွေက ခါဘစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

    Ref: RT