News @ M-Media

Tag: russia

  • ပူတင်ကို အာခံခဲ့သူ သေဆုံးကြောင်း ရုရှားအတည်ပြု

    ပူတင်ကို အာခံခဲ့သူ သေဆုံးကြောင်း ရုရှားအတည်ပြု

    သြဂုတ် ၂၇၊ ၂၀၂၃

    M-Media 


    -ပူတင်ကို ပုန်ကန်ခဲ့တဲ့ ၀ဂ်နာတပ်ဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင် သေဆုံးသွားကြောင်း အတည်ပြုနိုင်ပြီလို့ ရုရှားက ထုတ်ပြန်ပါတယ်။ 

    ပရီဂိုဇင်နဲ့ အခြား လူ ၁၀ ဦး လိုက်ပါသွားတဲ့ ပုဂ္ဂလိက လေယာဥ်ငယ်တစ်စီးဟာ နိုင်ငံအရှေ့ပိုင်း တဗာရ်ဒေသမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျသွားခဲ့တာပါ။ 

    လိုက်ပါသွားသူ လူစာရင်းတွေကို ရုရှား လေကြောင်းအာဏာပိုင်တွေက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး မျိုးရိုးဗီဇ စစ်ဆေးမှုရလဒ်ကိုတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ ပရီဂိုဇင်နဲ့ ၀ဂ်နာကြေစားတပ်ဖွဲ့ကို ထူထောင်ရာမှာ အဓိကကျခဲ့သူ ဒီမီထရီ အူတကင်ကို ပါ၀င်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။  

    လေယာဥ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၀ဂ်နာကြေးစားတပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေနဲ့ ပစ်ချခဲ့တာလို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားနေကြပါတယ်။

    ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ တိုက်ပေးနေတဲ့ ၀ဂ်နာတပ်ဖွဲ့ရဲ့ ဇွန်လအတွင်းက ၂၄ နာရီကြာ ပုန်ကန်မှုဟာ သမ္မတပူတင်ကို အရှက်ရစေခဲ့ပါတယ်။ 

    ၀ဂ်နာတပ်ဖွဲ့ဟာ မော်စကိုအနီးအထိ ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဘယ်လာရုဇ်နိုင်ငံရဲ့ ကြား၀င်မှုကြောင့် ပုန်ကန်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။  

    Ref: Reuters 

  • အာခံတဲ့တပည့်ကို ပူတင်က ဒုံးကျည်နဲ့ ပညာပေးလိုက်ပြီလား

    အာခံတဲ့တပည့်ကို ပူတင်က ဒုံးကျည်နဲ့ ပညာပေးလိုက်ပြီလား

    သြဂုတ် ၂၄၊ ၂၀၂၃

    M-Media 


    -ယူကရိန်းစစ်ပွဲမှာ ရုရှားဖက်က ၀င်တိုက်ပေးခဲ့တဲ့ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင်ဟာ မနေ့က လေယာဥ်ပျက်ကျ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ 

    ပရီဂိုဇင်နဲ့ အခြား လူ ၁၀ ဦး လိုက်ပါသွားတဲ့ ပုဂ္ဂလိက လေယာဥ်ငယ်တစ်စင်းဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း တဗာရ်ဆိုတဲ့ဒေသမှာ ပျက်ကျသွားခဲ့တာပါ။ မော်စကိုကနေ စိန့်ပီတာစဘတ်ကို သွားတဲ့ခရီးမှာ ဒီလိုဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ 

    ပရီဂိုဇင်ဦးဆောင်တဲ့ ‘၀ဂ်နာ’ ကြေးစားတပ်ဖွဲ့၀င်တွေက လေယာဥ်ကို ရုရှားဒုံးခွင်းစနစ်က ပစ်ချလိုက်တာလို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားနေကြပါတယ်။ ရုရှားသစ္စာဖောက်တွေကြောင့် သူတို့ခေါင်းဆောင် လုပ်ကြံခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။ 

    သူပုန်ထမှု 

    ————

    ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ၀ဂ်နာ ကြေစားတပ်ဖွဲ့ဟာ ယူရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားဖက်နေ အဓိက ၀င်တိုက်ပေးနေတဲ့အဖွဲ့ ဖြစ်ပြီး ပရီဂိုဇင်ကလည်း ပူတင်ရဲ့ အားကိုးရတဲ့ တပည့်တစ်ဦးပါ။  

    ဒါပေမယ့် ပရီဂိုဇင်နဲ့ ရုရှားစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေအကြား မကျေလည်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ဇွန်လမှာ ၀ဂ်နာတပ်တွေဟာ ယူကရိန်းကနေ ရုရှားထဲ ပြန်၀င်လာပြီး နယ်စပ်က ရုရှားစစ်စခန်းတစ်ချို့ကို သိမ်းပိုက်ကာ မော်စကိုအထိ အဆီးအတားမရှိ ချီတက်သွားခဲ့ပါတယ်။ ဒီဖြစ်စဥ်မှာ ရုရှားတပ်ဖွဲ့၀င်တစ်ချို့ သေဆုံးခဲ့ပါတယ်။  

    နောက်ပိုင်းမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ကြား၀င်စေ့စပ်ပေးမှုကြောင့် ဒီကိစ္စ ပြေလည်သွားပေမယ့် ၂၄ နာရီကြာမြင့်တဲ့ သူပုန်ထမှုဟာ ပူတင်နဲ့ ရုရှားစစ်တပ်ကို အကြီးအကျယ် အရှက်ရစေခဲ့ပါတယ်။ 

    ပူတင်က ဒီလုပ်ရပ်ဟာ နောက်ကျောကို ဓားနဲ့ထိုးတဲ့လုပ်ရပ်၊ နိုင်ငံတော် ပုန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ပြောကြားထားပါတယ်။ 

    မနေ့က လေယာဥ်ကိစ္စကို ပျက်ကျမှုလို့သာ ရုရှားလေကြောင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်စဥ်အသေးစိတ်ကို အတိအကျ မသိရသေးပါဘူး။ 

    သူပုန်ထမှုကြောင့် ပရီဂိုဇင်နဲ့ သူ့နောက်လိုက်တစ်ချို့အပေါ် စွဲထားတဲ့အမှုတွေကို ရုရှားဖက်က နောက်ပိုင်းမှာ ရုပ်သိမ်းပေးခဲ့ပြီး၊ ၀ဂ်နာတပ်ဖွဲ့ကိုလည်း ဘယ်လာရုစ်မှာ အခြေစိုက်ဖို့ ဒါမှမဟုတ် ရုရှားစစ်တပ်ထဲ၀င်ဖို့ ရွေးချယ်မှု ပေးခဲ့ပါတယ်။ 

    ပရီဂိုဇင်သေဆုံးမှုကြောင့် ပူတင်ရဲ့ အာဏာဟာ ပြည်တွင်းမှာ ပိုအားကောင်းလာနိုင်သလို၊ တစ်ဖက်မှာလည်း ၀ဂ်နာတပ်ဖွဲ့တွေရဲ့ ပုန်ကန်မှုအသစ်နဲ့ ကြုံတွေ့လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ 

    Ref: BBC

  • ဂျော်ဂျီယာပိုင်နက်များကို သိမ်းပိုက်ရန် ရှရှား စဥ်းစားနေပြီ

    ဂျော်ဂျီယာပိုင်နက်များကို သိမ်းပိုက်ရန် ရှရှား စဥ်းစားနေပြီ

    သြဂုတ် ၂၃၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ရုရှား လုံခြုံရေးအဖွဲ့ ဒုတိယအကြီးအကဲ မက်ဗီဒက်)

    -ဂျော်ဂျီယာနိုင်ငံက ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့ ဒေသနှစ်ခုကို မိမိတို့ပိုင်နက်အတွင်း သွတ်သွင်းဖို့ ရှိတယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီ မက်ဗီဒက်က ပြောပါတယ်။ 

    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ဂျော်ဂျီယာနိုင်ငံက ဒေသနှစ်ခုဖြစ်တဲ့ ဆောက်အိုဆက်တီယာနဲ့ အဘ်ခါဇီယာတို့မှာ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်ခဲ့တာပါ။ 

    ဆောက်အိုဆက်တီယာကို ဂျော်ဂျီယာက အင်အားနဲ့ ပြန်သိမ်းဖို့ ကြိုးစားတဲ့အခါ ရုရှားက သူ့ရဲ့တပ်တွေလွှတ်ပြီး ဂျော်ဂျီယာကို ပြန်တိုက်ခဲ့ပါတယ်။ 

    ၂၀၀၈ ခုနှစ်မှာ ဒီဒေသနှစ်ခုစလုံးကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ရုရှားက ကြေငြာခဲ့ပါတယ်။ 

    မနေ့က ပြည်တွင်းသတင်းစာတစ်ခုက မက်ဗီဒက်ရဲ့ ဆောင်းပါးမှာ ဆောက်အိုဆက်တီယာနဲ့ အဘ်ခါဇီယာတို့က ပြည်သူတွေဟာ ရုရှားနဲ့ ပြန်ပေါင်းချင်နေကြီး၊ အကြောင်းအရင်း ခိုင်ခိုင်လုံလုံရှိလာရင် ဒီဒေသတွေကို ရုရှားပိုင်နက်ထဲ ထည့်သွင်းမယ်လို့ ရေးသားခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း ရုရှားနဲ့ ဂျော်ဂျီယာတို့အကြား ဆက်ဆံရေး ကောင်းလာပေမယ့် ခွဲထွက်ဒေသနှစ်ခုနဲ့ပတ်သက်ရင် အနောက်နိုင်ငံတွေက မီးမွှေးနေတယ်လို့ မက်ဗီဒက်က စွပ်စွဲခဲ့ပါတယ်။ 

    ဂျော်ဂျီယာအာဏာပိုင်တွေဟာ နယ်မြေလုံခြုံရေးအတွက် အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ကို ၀င်ရောက်ချင်တယ်လို့ မကြာခဏ ပြောကြားဖူးပြီး ရုရှားက ဒီကိစ္စကို စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။ 

    ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ယူကရိန်းဒေသ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ဖူးပါတယ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ ဒီလုပ်ရပ်ကို အသိအမှတ်မပြုပါဘူး။ 

    Ref: Reuters 

  • ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု မြင်ရတော့မှာလား

    ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု မြင်ရတော့မှာလား

    မေ ၂၉၊ ၂၀၂၃

    M-Media 


    – “ကျွန်တော်တို့ရဲ့ အနာဂတ်အစီအစဥ်ဟာ ရုရှားက ပစ်မှတ်သစ်တွေကို တိုက်ခိုက်သွားဖို့ဖြစ်ပါတယ်။ ရုရှားထဲကို ကျွန်တော်တို့ အသေအချာ၀င်မယ်။ စိတ်ရှည်ရှည်ထားပြီး ရက်နည်းနည်းလောက်သာ စောင့်ကြည့်လိုက်ပါ”

    ရုရှားအပျော်တမ်းတပ်ဖွဲ့ (RVC) ရဲ့ တပ်မှူး ဒန်းနစ် ကာပူစတင်ရဲ့ မီဒီယာတွေကို ပြောကြားချက်ဖြစ်ပါတယ်။ 

    RVC နဲ့ Freedom of Russia Legion တပ်ဖွဲ့တို့ပေါင်းကာ ယူကရိန်းနယ်စပ်ကနေ ရုရှားဖက် ဘဲလ်ဂိုရော့ဒ် ဒေသထဲ၀င်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    ၂၄ နာရီကြာမြင့်တဲ့ ဒီတိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ပြီး တိုက်ခိုက်မှုအတွက် ယူကရိန်းကို စွပ်စွဲခဲ့ပါတယ်။ 

    ယူကရိန်းကတော့ ပူတင်ကိုဆန့်ကျင်တဲ့ ရုရှားလူမျိုးတွေ စုစည်းကာ တိုက်ခိုက်တာဖြစ်ပြီး သူတို့မပါဘူးလို့ ဆိုပါတယ်။ 

    ကာပူစတင်ဟာ မော်စကိုမှာမွေးဖွားတဲ့ ရုရှားလူမျိုးပါ။ ပူတင်လက်ထက် မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့ RVC ကို ဖွဲ့စည်းထားတာလို့ သူက ပြောပါတယ်။ 

    “အာဏာရှင်ကို တိုက်ထုတ်လို့ရတယ်။ ပူတင်ရဲ့အာဏာ အမြဲမတည်နိုင်ဘူးဆိုတာ ရုရှားပြည်သူတွေကို ကျွန်တော် သက်သေပြချင်ပါတယ်”

    ယူကရိန်းအာဏာပိုင်တွေက သူတို့ကို တိုက်တွန်းအားပေးပေမယ့် လက်နက်ထောက်ပံ့တာ၊ စီမံကွပ်ကဲတာမျိုး မရှိဘူးလို့လည်း ကာပူစတင်က ပြောပါတယ်။ 

    RVC အဖွဲ့ဟာ ရှေ့ဆက်ပြီး ရုရှားနယ်မြေထဲ ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့လည်း စီစဥ်ထားပါတယ်။ 

    ကာပူစတင်ဟာ တစ်ကယ်တော့ နာဇီ၀ါဒထောက်ခံသူ ရုရှားအစွန်းရောက်တစ်ဦးပါ။ သူကလည်း သူ့အဖွဲ့ဟာ လက်ယာစွန်းအဖွဲ့ဆိုတာ ၀န်ခံပါတယ်။ 

    နာဇီအလံလွှင့်တာမျိုး၊ နာဇီလို အလေးပြုတာမျိုး မရှိတဲ့အတွက် သူ့ကို နာဇီလို့ခေါ်တာ မကြိုက်ဘူးလို့ ကာပူစတင်က ပြောပါတယ်။ 

    ဘဲလ်ဂိုရော့ဒ်က တိုက်ခိုက်မှုမှာ အမေရိကန်စစ်လက်နက်ပစ္စည်းတွေ အသုံးပြုခဲ့တယ်လို့ ရုရှားဖက်က ထုတ်ပြန်ပြီး၊ အမေရိကန်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ 

    ကာပူစတင်က ဒီကိစ္စကို တိတိကျကျ အဖြေမပေးခဲ့ပါဘူး။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန် စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းယူရရှိခဲ့ပြီး ဒါတွေကို မှောင်ခိုစျေးကွက်ကနေ ပြန်၀ယ်သုံးနိုင်တယ်လို့သာ ထောက်ပြပြောဆိုခဲ့ပါတယ်။ 

    RVC မှာ အင်အားဘယ်လောက်ရှိလဲ ဆိုတာကို ကာပူစတင်က မပြောပါဘူး။ 

    ယူကရိန်းက ရုရှားဖက်ကို တန်ပြန်ထိုးစစ်စဖို့ ပြင်ဆင်နေတဲ့အချိန်၊ RVC နဲ့ ပူတင်ကိုဆန့်ကျင်တဲ့ အဖွဲ့တွေက ရုရှားနယ်မြေထဲအထိ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။ 

    ကျွမ်းကျင်သူတွေကတော့ ယူကရိန်းစစ်ပွဲရဲ့နောက်ဆက်တွဲ ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု ပေါ်လာမယ့် အခြေအနေတွေ ရှိနေပြီလို့ သုံးသပ်နေကြပါတယ်။ 

    Ref: Reuters 

  • နျူလက်နက်ပေးပြီး ဘယ်လာရုဇ်ကို ဓားစားခံလုပ်တော့မည့် ပူတင်

    နျူလက်နက်ပေးပြီး ဘယ်လာရုဇ်ကို ဓားစားခံလုပ်တော့မည့် ပူတင်

    မတ် ၂၆၊ ၂၀၂၃

    M-Media

    -အိမ်နီးချင်း ဘယ်လာရုဇ်နိုင်ငံမှာ နျူလက်နက်တွေ ချထားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောပါတယ်။ 

    Tactical Nuclear Weapon လို့ခေါ်တဲ့ အသေးစား နျူလက်နက်တွေ ရုရှားက ပေးပို့မှာပါ။ ယူကရိန်းစစ်ပွဲမှာ ပူတင်ဟာ နျူလက်နက်သုံးဖို့ စီစဥ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေတဲ့အချိန် ဒီသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

    အမေရိကန်ဟာ ဥရောပမဟာမိတ်နိုင်ငံတွေမှာ အရင်ကတည်းက နျူလက်နက်ချထားတဲ့အတွက် သူ့ရဲ့ အခုလုပ်ဆောင်မှုဟာ နျူလက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို မချိုးဖောက်ဘူးလို့ ပူတင်က ဆိုပါတယ်။ 

    ဘယ်လာရုဇ်ဟာ နေတိုးအဖွဲ့၀င် ပိုလန်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အရင်ကတည်းက ရုရှားထံကနေ နျူလက်နက်တွေ ချထားဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

    နျူလက်နက်တွေထားဖို့ ခိုင်မာတဲ့အဆောက်အဦးတွေကို ဇူလိုင် ၁ ရက်နေ့ မတိုင်ခင် အပြီးဆောက်လုပ်ဖို့ရှိတယ်လို့ ပူတင်ကဆိုပါတယ်။ 

    ရုရှားဟာ နျူလက်နက် တပ်ဆင်နိုင်တဲ့ တိုက်လေယာဥ် ၁၀ စီး၊ နျူးဒုံး ထည့်ပစ်နိုင်တဲ့ Iskander ဒုံးကျည်စနစ်တွေကိုလည်း ဘယ်လာရုဇ်မှာ ချထားပါတယ်။

    ယူကရိန်းကတော့ ရုရှားဟာ ဘယ်လာရုဇ်ကို နျူဓားစားခံ လုပ်လိုက်ပြီလို့ တုန့်ပြန်ပြောဆိုထားပါတယ်။ 

    Ref: Reuters