News @ M-Media

Tag: russia

  • နျူလက်နက်သုံးလျှင် နောက်ဆက်တွဲမကောင်းနိုင်ဟု ရုရှားကို ကန်သတိပေး

    နျူလက်နက်သုံးလျှင် နောက်ဆက်တွဲမကောင်းနိုင်ဟု ရုရှားကို ကန်သတိပေး

    နို၀င်ဘာ ၁၅၊ ၂၀၂၂

    M-Media 


    -လက်ရှိ ယူကရိန်းကျူးကျော်စစ်မှာ နျူလက်နက်သုံးမယ်ဆိုရင် နောက်ဆက်တွဲအခြေအနေ ကောင်းလာမှာမဟုတ်ဘူးလို့ ရုရှားကို အမေရိကန်က သတိပေးလိုက်ပါတယ်။

    ရုရှားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီ နာရက်ရှ်ကင်နဲ့ အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ ၀ီလီယံဘန်းစ်တို့ မနေ့က တူရကီနိုင်ငံ အန်ကာရာမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ 

    အိမ်ဖြူတော်ရဲ့ ထုတ်ပြတ်ချက်မှာ အကြီးအကဲနှစ်ယောက်ဟာ နျူလက်နက်သုံးရင် ဖြစ်လာမယ့်နောက်ဆက်တွဲကိစ္စအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

    အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူတစ်ဦးက ဆွေးနွေးမှုဟာ ယူကရိန်းစစ်ပွဲ ပြေလည်ဖို့ ညှိနှိုင်းတာမျိုး လုံး၀မဟုတ်ဘူးလို့ ပြောပါတယ်။ 

    ရုရှားက နျူလက်နက်သုံးနိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်က အခုသီတင်းပတ်တွေအတွင်း တောက်လျှောက် သတိပေးလာတာဖြစ်ပါတယ်။ 

    မနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ ၃ နာရီကျော် တွေ့ဆုံမှုမှာလည်း ယူကရိန်းစစ်ပွဲကနေ နျူလက်နက်ပြဿနာ ဖြစ်မလာရေး လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

    Ref: Aljazeera 

  • ဥရောပမှ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများကို ရုရှားက လက်နက်ထုတ်လုပ်မှုတွင် အသုံးပြုနေ

    ဥရောပမှ အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများကို ရုရှားက လက်နက်ထုတ်လုပ်မှုတွင် အသုံးပြုနေ

    အောက်တိုဘာ ၃၀၊ ၂၀၂၂

    M-Media 

    – ရုရှားရဲ့မဟာမိတ် အိမ်နီးချင်းနိုင်ငံတွေ ဥရောပက အီလက်ထရောနစ် ပစ္စည်း မှာယူတင်သွင်းမှု မြင့်တက်လာတဲ့ နောက်ကွယ်မှာ ရုရှားက အကြီးအကျယ် ပါ၀င်ပတ်သက်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။  

    အာမေနီးယားနဲ့ ကာဇက်တန်နိုင်ငံတို့ဟာ အ၀တ်လျှော်စက်တွေ၊ ရေခဲသေတ္တာတွေ၊ ကလေးအတွက် မိခင်တွေ နို့ညှစ်ရာမှာ အသုံးပြုတဲ့ စက်တွေကို ဥရောပကနေ တင်သွင်းမှုဟာ  ပြီးခဲ့တဲ့ ၈ လအတွင်းမှာ အလွန်အမင်း မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    ဒီပစ္စည်းတွေကို ရုရှားနိုင်ငံကို ပြန်လည်တင်ပို့တာကိုလည်း တွေ့ရပါတယ်။

    ယူကရိန်းမှာ ရုရှားက အသုံးပြုတဲ့ တင့်ကားတွေမှာ ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်က အစိတ်အပိုင်းတွေ တပ်ဆင်အသုံးပြုတာကို တွေ့ရှိရကြောင်း ဥရောပ တာ၀န်ရှိသူတွေက အရင်က ပြောကြားဖူးပါတယ်။ 

    ရုရှားဟာ စက်လက်နက်ပစ္စည်းမှာ အသုံးပြုရတဲ့ အခြေခံအီလက်ထရောနစ်ပစ္စည်းတွေကို နိုင်ငံရပ်ခြားက တင်သွင်းရတာပါ။ 

    ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း ကမ္ဘာက ရုရှားအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် အခြေခံ အီလက်ထရောနစ်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။ 

    အိမ်သုံးပစ္စည်းတွေမှာ ပါ၀င်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေဟာ စစ်လက်နက်တွေမှာ တပ်ဆင်အသုံးပြုဖို့ အဆင့်မမီပါဘူး။ 

    ရုရှားကတော့ အဆင်ပြေသလို ဖြေရှင်းနေပါတယ်။

    “ရုရှားရဲ့ အဆင့်မြင့် လက်နက်တွေမှာတောင်မှ အိမ်သုံးပစ္စည်း  လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေကို တွေ့လာရပါတယ်။ ရုရှားရဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အိမ်သုံးပစ္စည်းတွေ တင်သွင်းပြီး ဖြုတ်ထုတ်အသုံးပြုနေတာဆိုတာ တော်တော်လေး ဖြစ်နိုင်ပါတယ်” လို့ ယူကေ စစ်လက်နက်လေ့လာရေးအဖွဲ့ Royal United Services Institute က ပညာရှင် ဂျိမ်းစ် ဘီရ်နီက ပြောပါတယ်။ 

    ရုရှားဖက်က ဒီကိစ္စအတွက် တုန့်ပြန်ပြောကြားခြင်း မရှိသလို သွင်းကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း လူသိရှင်ကြား ထုတ်ပြန်မှု မပြုတော့ပါဘူး။

    Ref:Times

  • ရုရှားစစ်စခန်းတွင် ပစ်ခတ်မှုဖြစ်၍ ၁၁ ဦး သေဆုံး

    ရုရှားစစ်စခန်းတွင် ပစ်ခတ်မှုဖြစ်၍ ၁၁ ဦး သေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၂၂
    M-Media

    -ယူကရိန်းနဲ့ကပ်နေတဲ့ ရုရှားစစ်စခန်းမှာ မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြိး အနည်းဆုံး ၁၁ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

    အနောက်တောင်ပိုင်း ဘဲလ်ဂိုရော့ဒ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အကြမ်းဖက်မှုလို့ သမုတ်ခဲ့ပါတယ်။

    သေနတ်သမားဟာ ၂ ဦးဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုဟောင်းက နိုင်ငံသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ခစန်းမှာ စေတနာ့၀န်ထမ်းစစ်သားတွေ ပစ်မှတ်လေ့ကျင့်နေတဲ့အချိန် ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

    ယူကရိန်းစစ်ပွဲမှာ ပါ၀င်တိုက်ခိုက်ဖို့ အရန်အင်အားကို ပူတင်က ဆင့်ခေါ်ထားတဲ့အတွက် ရုရှားနိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ မြင့်တက်နေတဲ့အချိန် အခုတိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ယူကရိန်းသမ္မတရဲ့ အကြံပေး Oleksiy Arestovych က ပစ်ခတ်သူတွေဟာ တာဂျစ်ကစ္စတန်နိုင်ငံကဖြစ်ပြီး စစ်စခန်းမှာ ဘာသာရေးနဲ့ပတ်သက်လို့ စကားများရာကနေတွေ သေနတ်နဲ့ပစ်ခဲ့တာလို့ ဆိုပါတယ်။

    Ref: Aljazeera

  • အရေးနိမ့်လာသည့် ရုရှားတပ်များကို ပူတင်၏ မဟာမိတ်က လူသိရှင်ကြား ၀ေဖန်

    အရေးနိမ့်လာသည့် ရုရှားတပ်များကို ပူတင်၏ မဟာမိတ်က လူသိရှင်ကြား ၀ေဖန်

    စက်တင်ဘာ ၁၂၊ ၂၀၂၂
    M-Media

    -ယူကရိန်းက ရုရှားတပ်တွေရဲ့ လတ်တလော ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်သူ ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်က ၀ေဖန်လိုက်ပါတယ်။

    အခုလအစောပိုင်းက စတင်ခဲ့တဲ့ တန်ပြန်ထိုးစစ်အတွင်း ယူကရိန်းတပ်တွေဟာ နိုင်ငံအရှေ့ပိုင်းက ရုရှားတပ်တွေသိမ်းထားတဲ့ နယ်မြေတစ်ချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး၊ အခုတစ်ပတ်အတွင်း အဓိကမြို့ အနည်းဆုံး ၃ ခုလောက်ကို ပြန်ရခဲ့ပါတယ်။

    ရုရှားနိုင်ငံက လူမျိုးစုဒေသတစ်ခုဖြစ်တဲ့ ချေချင်းညာရဲ့ ခေါင်းဆောင်ဖြစ်ပြီး ယူကရိန်းကျူးကျော်စစ်မှာ သူ့ရဲ့တပ်တွေကို စေလွှတ်ထားတဲ့ ကာဒီရော့ဗ်က ရုရှားတပ်တွေရဲ့ စွမ်းဆောင်ရည်ကို စနေနေ့က ၀ေဖန်ခဲ့ပါတယ်။

    “မနေ့တနေ့က ဖြစ်ပျက်ခဲ့တာတွေဟာ အထူးစစ်ဆင်ရေးတစ်ရပ်မှာ ဖြစ်လာရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။ မြေပြင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်ပိုင်းကို မဖြစ်မနေ ကျွန်တော် သွားပြောမှာပါ” လို့ Telegram မှာ လွှင့်တင်တဲ့ ၁၁ မိနစ်ကြာ ဗီဒီယိုမှာ ပြောဆိုခဲ့ပါတယ်။

    ကာဒီရော့ဗ်က သူဟာ စစ်ရေးဗျူဟာရှင်တစ်ယောက်မဟုတ်ပေမယ့် အခုလို နယ်မြေ ပြန်လည်ဆုံးရှုံးရမှုဟာ ရုရှားတပ်တွေရဲ့ အမှားအယွင်းကြောင့်ဆိုတာ သိသာကြောင်း၊ တိုက်ခိုက်ရေးသမားပေါင်း တစ်သောင်းလောက် အဆင်သင့်ရှိနေပြီး အိုဒက်ဆာမြို့ကို သိပ်မကြာခင်မှာ သိမ်းပိုက်သွားမှာ ဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပူတင်တပ်တွေ အခုလို ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံအတွင်းမှာလည်း အကြီးအကျယ် ၀ေဖန်နေကြပါတယ်။ ရုရှားအမျိုးသားရေးသမားတွေဆိုရင် စစ်တပ်ကို ချက်ခြင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပူတင်ကို တိုက်တွန်းလာကြပါတယ်။

    Ref: Reuters

  • ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ရုရှားက ဘီလာရုဇ်ကို နျူလက်နက်ပစ်နိုင်သည့် ဒုံးကျည် ထောက်ပံ့မည်

    ဇွန် ၂၆၊ ၂၀၂၂
    M-Media

    -နျူထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ဘယ်လာရုဇ်နိုင်ငံကို ထောက်ပံ့ပေးပို့သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပါတယ်။

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ ဘယ်လာရုဇ်က မဟာမိတ်အဖြစ် ရုရှားဖက်က ပူးပေါင်းပါ၀င်နေတာဖြစ်ပါတယ်။

    ပတ်၀န်းကျင်နိုင်ငံတွေဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ ပိုလန်တို့က ရန်စတဲ့လုပ်ရပ်တွေ ရှိနေသလို၊ နေတိုးအဖွဲ့က တိုက်လေယာဥ်တွေ နယ်စပ်နားကပ်ပြီး ပျံသန်းမှုရှိတယ်လို့ ဘယ်လာရုဇ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှားကို ပြောကြားခဲ့ပြီးတဲ့နောက် ပူတင်ရဲ့ အခုထုတ်ပြန်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    လာမယ့်လအနည်းငယ်အတွင်း Iskander-M ဒုံးကျည်စနစ်တွေကို ဘယ်လာရုဇ်ထံ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဒီစနစ်ဟာ ခရုဇ်ဒုံးကျည်တွေ၊ တိုက်ချင်းပစ်ဒုံးတွေ ပစ်ခတ်နိုင်မှာဖြစ်သလို၊ နျူထိပ်ဖူးလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ပူတင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘယ်လာရုဇ်ရဲ့ တိုက်လေယာဥ်တွေ နျူလက်နက် သယ်ဆောင်လို့ရတဲ့ အနေအထားအထိ အဆင့်မြှင့်တင်ပေးသွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။

    ဘယ်လာရုဇ်ဟာ အရင်က Iskander ဒုံးကျည်တွေနဲ့ S-400 ဒုံးခွင်းစနစ်တွေ၊ Su-25 တိုက်လေယာဥ်တွေကိုလည်း ရုရှားထံကနေ ၀ယ်ယူထားပါတယ်။

    Ref: Reuters