News @ M-Media

Tag: russia

  • ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် တစ်ဦးနှင့်တစ်ဦး ပြစ်တင်ပြောဆိုခဲ့ကြပြီး ဆီးရီးယားစစ်ပွဲ ကိစ္စနှင့်ပတ်သက်၍မူ နှစ်ဦးစလုံးက ညှိနှိုင်းဆွေးနွေးလိုသည့် သဘောမျိုး ရှိနေသည်။

    ယမန်နေ့က ကုလသမဂ္ဂ ညီလာခံ ပထမဆုံးနေ့တွင် အိုဘားမားနှင့် ပူတင်တို့အပါအ၀င် ဘရာဇီးလ်၊ တရုတ်၊ အီရန်၊ ပြင်သစ်တို့မှ ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ အိုဘားမားကမူ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခြင်းက ရုရှားကို ပို၍ အထီးကျန်စေပြီး၊ ပို၍ ဆင်းရဲသွားစေကာ ရုရှားနိုင်ငံသားများကလည်း နိုင်ငံအား စွန့်ခွာသွားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ရုရှားဟာ စစ်မှန်တဲ့ သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်မယ်ဆိုရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ကြပါ”

    ပူတင်ကလည်း အမေရိကန်ဦးဆောင်ကာ အီရတ်သို့ ကျူကျော်သိမ်းပိုက်မှု၊ လစ်ဗျားတွင် အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် သူပုန်ထမှုတို့က ဒေသအတွင်း အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုရေး ဖြစ်ရပ်ဆိုးများ ဖြစ်စေကာ ဒုကက္ခသည်အမြောက်အများမှာလည်း ဥရောပသို့ စီးဆင်းလာကြသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားကိစ္စတွင်လည်း ပူတင်က အာဆတ်တပ်ဖွဲ့များမှာ IS နှင့် အခြားသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်နေပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိဟု ပြောဆိုခဲ့သည်။

    1. အိုဘားမားကမူ အာဆတ်နှုတ်ထွက်ရန် ပြတ်ပြတ်သားသား ပြောကြားခဲ့ခြင်းမရှိဘဲ၊ ၎င်း၏ အုပ်ချုပ်အောက်မှ ကင်းလွတ်ရေး အသွင်ကူးပြောင်းမည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု အကြံပြုခဲ့သည်။

    Ref: Aljazeera

  • ရုရှားသမ္မတပူတင် လိင်တူအခွင့်အရေးအကြောင်း နာမည်ကျော်အဆိုတော်နှင့် ဆွေးနွေးမည်

    ရုရှားသမ္မတပူတင် လိင်တူအခွင့်အရေးအကြောင်း နာမည်ကျော်အဆိုတော်နှင့် ဆွေးနွေးမည်

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    – နိုင်ငံအတွင်းရှိ လိင်တူချစ်သူများနှင့် ပတ်သက်သည့် အခွင့်အရေးအား ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ပလာဒီမီရ်ပူတင်မှာ နာမည်ကျော် လိင်တူချစ်သူ အဆိုတော် အဲလ်တန်ဂျွန်နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ရုရှားမှ လိင်တူချစ်သူ လူရွှင်တော် ၂ နှစ်ဦးမှာ အသက် ၆၈ နှစ်အရွယ်ရှိ အင်္ဂလိပ်တေးရေးဆရာနှင့် အဆိုတော် ဂျွန်ကို သမ္မတပူတင် ဖုန်းခေါ်ဟန်ဖြင့် နောက်ပြောင်ခဲ့သည်။ အဲလ်တန်ဂျွန်ကလည်း ထို အရွှန်းဖောက်မှုအတွက် ရယ်မောခဲ့ပြီး ထိုဖြစ်ရပ်က လိင်တူချစ်သူများအပေါ် ပြုလုပ်သည့် ခွဲခြားဆက်ဆံမှုများကို မီးမောင်းထိုးပြခြင်း ဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းက
    ပြောကြားခဲ့သည်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အဲလ်တန်ဂျွန်မှာ ရုရှားနိုင်ငံတွင် လိင်တူချစ်သူများအား ဆက်ဆံမှုနှင့်ပတ်သက်၍ ယခင်က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရုရှားမှာ လူငယ်များအကြား လိင်တူချစ်သူစိတ်ဓာတ် ၀ါဒဖြန့်မှုအား ပိတ်ပင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ဂျွန်က ထိုအတွက် ရုရှားအစိုးရကို အားမနာပ ပြောဆိုခဲ့သည်။

    ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကမူ ထိုအရွှန်းဖောက်မှု ပြုလုပ်ခဲ့ပြီးနောက် ပူတင်မှာ အလ်တန်ဂျွန်သို့ အမှန်တကယ်ပင် ဖုန်းခေါ်ဆိုခဲ့ပြီး ၎င်းအနေဖြင့် လိင်တူချစ်သူများ အခွင့်အရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ပူတင်က သူ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ ‘တစ်ချို့ လိင်တူချစ်သူတွေက ဖုန်းကနေတစ်ဆင့် ခင်ဗျားကို လှည့်စားခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် စိတ်မဆိုးပါနဲ့။ သူတို့ ဒီလိုလုပ်ပေမယ့် ထိခိုက်စေလိုတဲ့ဆန္ဒ မရှိပါဘူး’ လို့ ပူတင်က ပြောခဲ့ပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဂျွန်မှာ လူကြိုက်များသည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး အကယ်၍ ၎င်းတို့နှစ်ဦး တွေ့ဆုံရန်အချိန် အဆင်ပြေပါက ဂျွန်စိတ်ဝင်စားသည့်ကိစ္စအား မိမိက ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု ပူတင်က ဖုန်းခေါ်ဆိုမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အဲလ်တန်ဂျွန်မှာလည်း လိင်တူချစ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ကျော်ကြားမှုကို အသုံးပြု၍ ကမ္ဘာတစ်ဝှမ်း လိင်တူချစ်သူများအတွက် တူညီသော အခွင့်အရေး ရရှိအောင် ဆောင်ရွက်နေသူဖြစ်သည်။

    ပူတင်ကမူ ၎င်းမှာ လိင်တူချစ်သူများအပေါ် မနှစ်မြို့သည့် သဘောထားများမရှိဟု ပြောကြားထားသော်လည်း တက်ကြွလှုပ်ရှားသူများက လိင်တူချစ်သူများနှင့်ပတ်သက်၍ ပူတင်ပြောကြားလေ့ရှိသည့် မှတ်ချက်များမှာ အငြင်းပွားဖွယ်များ ဖြစ်နေပြီး၊ စော်ကားသည့်သဘောများ ပါဝင်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    ပူတင်၏ ဖုန်းခေါ်ဆိုမှုကိစ္စအတွက် အဲလ်တန်ဂျွန်ဘက်က မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Aljazeera

  • ဆီးရီးယားတွင် ရုရှား၏ စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုသတင်းအတွက် အမေရိကန်စိုးရိမ်

    ဆီးရီးယားတွင် ရုရှား၏ စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုသတင်းအတွက် အမေရိကန်စိုးရိမ်

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    russia

    – ဆီးရီးယားတွင် ရုရှားက စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုများ တိုးမြှင့်နေသည်ဟူသော သတင်းများအတွက် မိမိတို့က စိုးရိမ်မိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းပြောဆိုမှုတွင် ပြောကြားခဲ့သည်ဟု အမေရိကန် အစိုးရက ပြောကြားလိုက်သည်။

    “အဲဒီလိုသတင်းတွေသာ မှန်ကန်မယ်ဆိုရင် ဒါမျိုးလုပ်ရပ်တွေက ပဋိပက္ခကို ပိုမိုမြင့်တက်လာနိုင်ပြီး အပြစ်မဲ့အသက်တွေ ကြီးကြီးမားမားဆုံးရှုံးတာတွေ၊ ဒုက္ခသည်တိုးလာတာတွေ၊ ဆီးရီးယားမှာ IS တိုက်ဖျက်ရေးလုပ်နေတဲ့ မဟာမိတ်တွေနဲ့ ထိပ်တိုက်တိုးမယ့် အန္တရာယ်တွေဆီ ဦးတည်သွားမယ်လို့ ၀န်ကြီးက ပြောခဲ့ပါတယ်” ဟု အမေရိကန် အစိုးရက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်မှာ ဆီးရီးယား၌ ရုရှား၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို မြှင့်တင်ရန် သတင်းများအကြောင်းကို မိမိနှင့် ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ရုရှားမှာ ဆီးရီးယားသို့ အဆင့်မြင့် စစ်ဘက်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး၊ အခြားသော ဆောင်ရွက်မှုများကိုလည်း ပြုလုပ်နေသည်ဟု နယူးယောက်တိုင်းမ်သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ ဆောင်ရွက်မှုများတွင် ရာနှင့်ချီသော ပြည်သူများအတွက် ယာယီအိမ်များ၊ အလွယ်တစ်ကူ အသုံးပြုနိုင်သော လေကြောင်း ထိန်းသိမ်းရေး စခန်းတစ်ခုတို့ ပါဝင်သည်ဟု သတင်းစာက ဆိုသည်။

    ရုရှားအနေဖြင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ပေါ် ပြုလုပ်သည့် စစ်ဆင်ရေးများတွင် ပါဝင်မည်လားဟု မေးမြန်ခဲ့ရာ ပူတင်က မိမိတို့မှာ ရွေးချယ်မှုများစွာကို စဉ်းစားနေသော်လည်း စစ်ရေးအရ ပါဝင်မည်မဟုတ်ဟု ဖြေကြားခဲ့သည်။

    ဆီးရီးယားတွင် ရုရှား၏ စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုသတင်းအတွက် အမေရိကန်၏ စိုးရိမ်ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ပူတင်က မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးမှာ ဆီးရီးယားအခြေအနေနှင့် IS အပါအ၀င် အခြားသော အကြမ်းဖက်အုပ်စုများအား တွန်းလှန်ရေး ရည်ရွယ်ချက်တို့အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ရုရှားက ဆီးရီးယားတွင် စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းမှာ IS နှင့် ဆီးရီးယားအစိုးရတပ်များကို တိုက်ခိုက်နေသော အုပ်စုများအား တန်ပြန်ထိုးနှက်မှုများ ဖြစ်လာမည်ကို အမေရိကန်က စိုးရိမ်နေသည်။

    Ref: Aljazeera

  • ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    ukarine

    – ခရိုင်းမီးယားကျွန်းဆွယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ယူကရိန်း ရုပ်ရှင်ဒါရိုက်တာဖြစ်သူ အိုလက်ဂ် ဆန့်ဆော့ဗ်ကို ရုရှားတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု RIA သတင်းဌာနက ဖော်ပြခဲ့သည်။

    နိုင်ငံအနောက်တောင်ပိုင်း ရို့စ်တော့ဗ်မြို့ရှိ စစ်ခုံရုံးတွင် တရားစွဲဆိုကြားနာကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးဖြစ်သူ အလက်ဇန်ဒါ ကိုလ်ရှန်ကို ကိုလည်း ၁၀ နှစ် ချမှတ်ခဲ့သည်။ အစိုးရရှေ့နေများကမူ ဆန့်ဆော့ဗ်အား ထောင်ဒဏ် ၂၃ နှစ်နှင့် ကိုလ်ရှန်ကိုအား ၁၂ နှစ်ချမှတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ခရိုင်းမီးယားဇာတိဖြစ်သူ ဆန့်ဆော့ဗ်ကမူ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး ယူကရိန်းပြဿနာအတွက် ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် နိုင်ငံရေးအရ ထိုတရားစွဲဆိုမှုကို ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့သည်။

    ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ပြီးနောက်ပိုင်း ထိုသိမ်းပိုက်မှုမှ လွတ်မြောက်ရေးအတွက် ခရိုင်းမီးယားတွင် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုဖြင့် ရုရှား၏ အစိုးရရှေ့နေများက ဆန့်ဆော့ဗ်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    ရုရှားစုံစမ်းစစ်ဆေးသူများကမူ ၎င်းတို့နှစ်ဦးမှာ ၂၀၁၄ ခုနှစ် ဧပြီနှင့် မေကြားတွင် ခရိုးမီးယားရှိ ရုံးနှစ်ရုံးကို မီးရှို့ခဲ့ပြီး တစ်ခုမှာ ရုရှားအာဏာရပါတီ၏ ယူနိုက်တက်ရုရှား၏ ရုံးခန်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုကမူ ဆန့်ဆော့ဗ်တို့နှစ်ဦးအား ရုရှားက တရားစွဲဆိုခြင်းမှာ မည်သည့်အဓိပ္ပါယ်မှမရှိဟု ပြောကြားခဲ့သည်။

    “တောင့်ထားပါ အိုလက်ဂ်။ ဒီတရားစွဲဆိုမှုကို စီစဉ်ခဲ့တဲ့သူတွေ ကိုယ်တိုင် (တရားရုံးက) သံသယရှိသူ ခုံတန်းမှာ ထိုင်ရတဲ့အချိန်ဆိုတာ ရောက်လာဦးမှာပါ” ဟု ပိုရိုရှန်ကိုက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကလည်း အဆိုပါ တရားစွဲဆိုမှုအား ရှုတ်ချခဲ့သည်။

    “ဒီလူတွေဟာ ခရိုင်းမီးယားကို ရုရှားက ကျူးကျော်သိမ်းပိုက်တာကို ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီး “အကြမ်းဖက်” စွဲချက်တွေနဲ့ တရားမဲ့စွာ စွဲဆိုခံရတာပါ။ စစ်ဘက်ကြားနားမှုဟာ ပုံမှန်မဟုတ်တာတွေ များပြားပါတယ်။ ငြှင်းပန်းနှိပ်စက်မှု၊ သက်သေထွက်ဖို့ အခြား ဆိုးရွားတဲ့ဆက်ဆံမှုတွေကို အသုံးပြုတယ်ဆိုတဲ့ တုန်လှုပ်စရာ ဖော်ထုတ်မှုတွေလည်း ရှိနေပါတယ်” ဟု Amnesty International က ပြောကြားခဲ့သည်။

    Ref: Reuters

  • အသေအပျောက်များလာသည့် Selfie ရိုက်ခြင်းအတွက် ရုရှားက သတိပေးလှုပ်ရှားမှု ပြုလုပ်

    အသေအပျောက်များလာသည့် Selfie ရိုက်ခြင်းအတွက် ရုရှားက သတိပေးလှုပ်ရှားမှု ပြုလုပ်

    ဇူလိုင် ၈၊ ၂၀၁၅
    M-Media

    selfie

    – ထူးထူးဆန်းဆန်း Selfie များ ရိုက်သည့်အတွက် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရုရှားရဲတပ်ဖွဲ့က Selfie နှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးရေး လှုပ်ရှားမှုကို စတင်လိုက်သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ထူထူးဆန်းဆန်း Selfie ရိုက်မှုကြောင့် မကြာသေးမီကာလအတွင်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုများတွင် သေဆုံးသူ ဒါဇင်နှင့်ချီ၍ ရှိခဲ့ကာ ဒဏ်ရာရသူမှာ ၁၀၀ ခန့် ရှိခဲ့သည်။

    ပြီးခဲ့သည့်မေလအတွင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ပစ္စတိုကို ဦးခေါင်း၌ ချိန်၍ Selfie ရိုက်စဉ် မတော်တဆ ပစ်ခတ်မိခဲ့ပြီး ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။

    “ခပ်လန်းလန်း Selfie က အသက်နဲ့ ရင်းရတတ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာမှ ထုတ်ပြန်သော သတိပေးလက်ကမ်းစာစောင်တွင် ရေးသားဖော်ပြထားပြီး Selfie ရိုက်ခြင်းမှာ သေတတ်သည့် လက်နက်ဖြစ်သည်ဟုလည်း သတိပေးထားသည်။

    ပြီးခဲ့သည့်ဇန်န၀ါရီလက လူငယ်နှစ်ဦးမှာ ယူရဲလ်တောင်တန်းတွင် စနက်တံဖြုတ်ထားသော လက်ပစ်ဗုံးတစ်လုံး ကိုင်ဆောင်၍ Selfie ရိုက်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးခဲ့ပြီး ၎င်းတို့ ဓာတ်ပုံရိုက်ထားသော ဖုန်းမှတ်တမ်းမှာ ကျန်ရစ်ခဲ့သည်။

    မေလအတွင်းကလည်း ရွာဇန်ဒေသရှိ ဆယ်ကျော်သက်လူငယ်တစ်ဦးမှာ ရထားလမ်းရှိရာ တံတားပေါ်သို့ Selfie ရိုက်ရန် တက်ရောက်ရာ လျှပ်စစ်ဝါယာကြိုးဖြင့် ထိမိ၍ ဓာတ်လိုက်သေဆုံးခဲ့သည်။

    “ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ရတာ နှစ်သက်သူတွေမှာ ဖြစ်ပွားတဲ့ မတော်တဆမှုတွေဟာ သိသိသာသာ မြင့်တက်လာတယ်ဆိုတာကို ကျွန်တော်တို့ သိရှိခဲ့ပါတယ်။ နှစ်အစကစလို့ ထိခိုက်ဒဏ်ရာရမှု ရာပေါင်းများစွာကို ကျွန်တော်တို့ ပြောနေကြရပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယဲလီနာ အလက်ဇီယီဗာက ပြောကြားခဲ့သည်။

    ထို့ပြင် Selfie ရိုက်ခြင်းက ဒါဇင်နှင့်ချီ သေဆုံးရသည့် မတော်တဆမှုများကို ဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    ရုရှားရဲတပ်ဖွဲ့မှ ပြုလုပ်သည့် ယခုလှုပ်ရှားမှုအသစ်တွင် သတိပေးလက်ကမ်းစာစောင်များ၊ ဗီဒီယိုများ ဖြန့်ဝေခြင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် အကြံပြုချက်များ ဖော်ပြခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    “ “like” များများရဖို့အရေး စွန့်စားတာဟာ မရဏခရီးကို ဦးတည်သွားနိုင်တယ်ဆိုတာ Selfie မရိုက်ခင် လူတိုင်း တွေးသင့်ပါတယ်။ ပြီးတော့ သူ့ရဲ့ စွန့်စွန့်စားစား နောက်ဆုံး ဓာတ်ပုံဟာ သေပြီးမှ ထွက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု အလက်ဇီယီဗာက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: AFP