News @ M-Media

Tag: russia

  • အမေရိကန်၏ ပစ်မှတ်ထားခံရမှုကြောင့် နိုင်ငံသားများအား ရုရှားက ခရီးသွားသတိပေးချက် ထုတ်ပြန်

    အမေရိကန်၏ ပစ်မှတ်ထားခံရမှုကြောင့် နိုင်ငံသားများအား ရုရှားက ခရီးသွားသတိပေးချက် ထုတ်ပြန်

    မေ ၂၃၊ ၂၀၁၅
    M-Media

    jail

    – အမေရိကန်က ကမ္ဘာတစ်ဝှမ်းတွင် ရုရှားနိုင်ငံသားများအား အမဲလိုက်နေခြင်းကြောင့် နိုင်ငံသားများအနေဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာသည့်အခါ အန္တရာယ်အားလုံးကို ချင့်ချိန် တွက်ဆထားကြရန် ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

    နိုင်ငံရပ်ခြားရှိ ရုရှားနိုင်ငံသားများမှာ အမေရိကန် ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခြိမ်းခြောက်မှုကို ခံနေရပြီး အထူးသဖြင့် အမေရိကန်နှင့် သဘောတူစာချုပ် ချုပ်ထားသည့် နိုင်ငံများတွင်ဖြစ်သည်ဟု အဆိုပါ
    ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    မော်လ်ဒိုက်နိုင်ငံတွင် အမေရိကန် ထောက်လှမ်းရေးအေးဂျင့်များ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အမေရိကန်သို့ အတင်းအဓမ္မ လွှဲပြောင်းပေးအပ်ခံခဲ့ရသည့် ရုရှားနိုင်ငံသား ရိုမန် ဆီလီဇန်ယွဗ်ကို ထောက်ပြ၍ အမေရိကန် တပ်ဖွဲ့များမှာ အခြားနိုင်ငံမှ ရုရှားနိုင်ငံသားများကို ပြန်ပေးဆွဲသည်ဟုလည်း အဆိုပါ အကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ဆီလီဇန်ယွဗ်မှာ
    ယခုအချိန်အထိ အမေရိကန်၏ ထိန်းသိမ်းခြင်းကို ခံနေရသည်။

    အမေရိကန် တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရသူများမှာ သက်သေအထောက်အထား မရှိသော်လည်း ဖြောင့်ချက်ပေးရန် ခြိမ်းခြောက်ခံရခြင်း၊ ထိုသို့ ခြိမ်းခြောက်၍ မရပါက ရိုက်နှက်ခံရခြင်းတို့ ရှိနေသည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပြီး အမေရိကန်တို့၏ ဖမ်းဆီးခြင်းခံထားရသည့် ဗစ်တာ ဘောက်နှင့် ကွန်စတန်တင် ယာရိုရှန်ကိုတို့ကို ဥပမာပေးခဲ့သည်။

    ယာရိုရှန်ကိုမှာ အမေရိကန်သို့ မူးယစ်ဆေးဝါး မှောင်ကိုသွင်းရာတွင် ပူးပေါင်းကြံစည်မှုဖြင့် ၂၀၁၁ ခုနှစ်က ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပြီး ထိုအမှုအတွက် ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုကို နယူးယောက်တရားရုံးက ငြင်းပယ်ခဲ့သည်။ ၎င်းအား လိုက်ဘေးရီးယားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အချိန်တွင် ရုရှားက ကန့်ကွက်ခဲ့ကာ သံတမန်စည်းမျဉ်းကို
    ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဗစ်တာဘောက်မှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အမေရိကန်တွင် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသူဖြစ်ကာ မိမိနိုင်ငံသို့ပြန်ပို့ရန် ရုရှား၏တောင်းဆိုမှုကို အမေရိကန်က ငြင်းဆန်ခဲ့သည်။

    Ref: RT

  • ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော

    ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    Lighting candles in memory of Holocaust victims

    – ရုရှားသမ္မတ ဗလာဒီမာပူတင် ဖြုတ်ချခံရပါက ရုရှားရှိ ဂျူးလူမျိုးများမှာ ဆိုးရွားသည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားရှိ ဂျူးဘုန်းတော်ကြီး အလက်ဇန်ဒါ ဘိုရိုဒါက ပြောကြားလိုက်သည်။

    ရုရှားဂျူးလူ့အဖွဲ့အစည်းအသင်း ခေါင်းဆောင်ဖြစ်သူ ဘိုရိုဒါမှာ သောကြာနေ့က ပြုလုပ်ခဲ့သည့် ဂျူးအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် အခြားသော ဥရောပနိုင်ငံများထက် လက်ရှိရုရှားအစိုးရက ဂျူးလူမျိုးများ၏ လုံခြုံရေးကို အာမခံပေးကာ ရုရှားရှိ ဘာသာရေး အသင်းအဖွဲ့များကလည်း ဂျူးဆန့်ကျင်ရေးဝါဒကို ပိုမို၍ ဆန့်ကျင်ကာကွယ်ပေးကြသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    “ပူတင်အစိုးရ ပြိုလဲသွားမယ်ဆိုတဲ့ ဖြစ်နိုင်ချေနဲ့အတူ အန္တရာယ်တွေဟာလည်း တစ်ပါတည်း ပါလာမယ်ဆိုတာ ရုရှားကဂျူးတွေ နားလည်ထားရပါမယ်။ ပြီးတော့ ကစားပွဲရဲ့ ဥပဒေတွေကို နားလည်ထားရမှာဖြစ်သလို၊ ကန့်သတ်မှုတွေကိုလည်း သတိထားရပါမယ်” ဟု ဘိုရိုဒါက ဆိုသည်။

    ထို့ပြင် ရုရှား၌ သဘောတရားအရ အကန့်အသတ်မရှိသည့် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး ဂျူးလူ့အဖွဲ့အစည်းက ထိုအခြေအနေအား ဆက်လက်တည်ရှိနေရေး သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုရှားရှိ ဂျူးများအားလုံး အထူးသဖြင့် ပူတင်နှင့် ၎င်း၏ အစိုးရကို ဆန့်ကျင်သောသူများမှာ မိမိတို့အပေါ်တွင် ရှိနေသည့် အန္တရာယ်များနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို မဖြစ်မနေ နားလည်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ရုရှားအစိုးရအား ထောက်ခံမှုမှာ လစ်ဘရယ်ဂျူးများနှင့် ယူကရိန်းရှိ ဂျူးများအကြားတွင် လျော့ကျလာခဲ့ပြီး ၎င်းတို့က မော်စကိုမှာ ပြည်သူများ၏ လွတ်လပ်ခွင့်များကို ထိပါးကာ ယူကရိန်းရှိ ပြဿနာကိုလည်း မီးထိုးပေးနေသည်ဟု စွပ်စွဲကြသည်။

    ရုရှား ဂျူးလူ့အဖွဲ့အစည်းအသင်းကမူ နိုင်ငံအတွင်းရှိ ဂျူးများအား ပြန်လည်စုစည်းရာတွင် ပူတင်၏ ကူညီမှုကို ချီးကျူးခဲ့သည်။ ရုရှားနိုင်ငံတွင် ဂျူးအရေအတွက်မှာ ၃၅၀၀၀၀ ခန့်ရှိနေသည်။

    ပူတင်အစိုးရကလည်း ဂျူးဘုရားကျောင်းများ ပြင်ဆင်မှုတွင် ကူညီပေးခဲ့ပြီး မော်စကိုတွင် ကြီးမားသည့် ဂျူးပြတိုက်တစ်ခု ဆောက်လုပ်ရန်အတွက်လည်း ရန်ပုံငွေ မတည်ပေးခဲ့သည်။

    Ref: RT

  • ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    russia

    – ဘော်လ်တစ်နိင်ငံများအတွင်းသို့ နေတိုးတပ်များ ၀င်ရောက်လာခြင်း၊ သို့မဟုတ် ခရိုင်းမီးယားကို ယူကရိန်းနိုင်ငံအတွင်းသို့
    ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းလာခြင်းတို့ ဆောင်ရွက်ပါက အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများကို နျူကလီးယားသုံး၍ တုံ့ပြန်သွားမည်ဟု ရုရှားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ဂျာမနီနိုင်ငံ တော်ရ်ကာဂါယူမြို့တွင် ပြီးခဲ့သည်လက ရုရှားဗိုလ်ချုပ်များနှင့် အမေရိကန် တာဝန်ရှိသူများ ပြုလုပ်ခဲ့သော လျှို့ဝှက်အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ထိုအစည်းအဝေးတွင် အမေရိကန်တစ်ဦးရေးသားထားသော မှတ်စုကို ကိုးကား၍ The Times သတင်းစာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

    ထိုအစည်းအဝေးတွင် ခရိုင်းမီးယားအား ယူကရိန်းနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် နေတိုးအဖွဲ့က ကြိုးစားလာပါက နျူကလီးယားအင်အား အသုံးပြုခြင်း အပါအ၀င် ပြင်းထန်သည့် တုံ့ပြန်မှုများဖြင့် ကြုံတွေ့ရမည်ဟု ရုရှားက ပြောကြားခဲ့ပြီး လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံများအတွင်းသို့ နေတိုးစစ်တပ်များ ၀င်ရောက်လာပါကလည်း နျူကလီးယားမှ စစ်ဘက်မဟုတ်သော ပုံစံမျိုးအထိ တုံ့ပြန်မှုမျိုးစုံ ပြုလုပ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    ထို့ပြင် နေတိုးအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်များ ပေးပို့ပါကလည်း ထိုလုပ်ရပ်မှာ ရုရှားနယ်စပ်ကို ထပ်မံ ပိုင်နက်ကျူးလွန်ခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ရုရှားပြည်သူများက အင်နှင့်အားနှင့် တုံ့ပြန်ရန် တောင်းဆိုသွားလိမ့်မည်ဟုလည်း ရုရှားကိုယ်စားလှယ်အဖွဲ့က ထည့်သွင်းပြောဆိုခဲ့သည်။

    လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့တွင် ရုရှားစကားပြောသူများ အများအပြား ရှိနေခြင်းကြောင့် ယူကရိန်းတွင်ဖြစ်ခဲ့သည့် အခြေအနေနှင့် ရုရှားက ၀င်စွက်ရသည့် အခြေအနေမျိုးလည်း ထိုနိုင်ငံများတွင် ဖြစ်သွားနိုင်သည်ဟုလည်း ရုရှားက သတိပေးခဲ့သည်။

    အဆိုပါ မှတ်စုအရ ရုရှားမှာ ဘော်လ်တစ်ဒေသများသို့ ခြေလှမ်းရန် စဉ်းစားနေသော်လည်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးမည့် အခြေအနေမျိုးဖြစ်ကာ ယူကရိန်းအရှေ့ပိုင်းအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဆောင်ရွက်ခြင်းထက် ပို၍ ခက်ခဲမည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ရုရှားအနေဖြင့် အခြားသောနည်းလမ်းများ အသုံးပြုရန်အတွက် တပ်များချခြင်း၊ လက်နက်ကြီးများချထားခြင်းတို့ကို ရှောင်ရှားလိမ့်မည်ဟု အဆိုပါ မှတ်စုတွင် ဖော်ပြထားသည်။

    “ရုရှားဟာ နေတိုးအတွက် တပ်ဖွဲ့တွေ ဟန်ဆောင်ချထားတာမျိုးမလုပ်ဘဲ အဲဒီနိုင်ငံတွေက ရုရှားလူမျိုးတွေကို ရုရှားနိုင်ငံအတွင်းဝင်လာအောင် ဖြည်းဖြည်းချင်း ဆွဲဆောင်သွားဖို့ မျှော်လင့်နေပါတယ်”

    အကယ်၍ နေတိုးက တုံ့ပြန်မှုများ ပြုလုပ်ပါက ဘော်လ်တစ်နိုင်ငံများရှိ ရုရှားစကားပြော လူနည်းစုများတွင်ပါ ပို၍ ရန်လိုသည့် အလားအလာ ရှိသွားမည်ဖြစ်ပြီး အမေရိကန်အတွက် ယူကရိန်းပြဿနာထက် ပို၍ ကြောက်စရာကောင်းလာနိုင်သည်ဟု အဆိုပါ မှတ်စုတွင် အကြံပြုထားသည်။

    Ref: Independent

  • လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ရုရှားက တိုက်ပွဲဝင်သွားမည်

    လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ရုရှားက တိုက်ပွဲဝင်သွားမည်

    မတ် ၃၁၊ ၂၀၁၅
    M-Media

    vladimir-putin-closeup

    – ရုရှားအနေဖြင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး အရှေ့အလယ်ပိုင်း ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းလည်း တိုက်တွန်းခဲ့သည်။

    စနေနေ့က ပြုလုပ်ခဲ့သည့် အာရပ်လိဂ် ထိပ်သီးအစည်းဝေး မိန့်ခွန်းတွင် ပူတင်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံများ၏ ပြည်တွင်းရေးရာများကို နိုင်ငံခြားတိုင်းပြည်များက ၀င်ရောက်စွက်ဖက်မှုကိုလည်း ဆန့်ကျင်ခဲ့သည်။ ထို့ပြင် ရုရှား၏ အခန်းကဏ္ဍမှာ သံတမန်ရေးရာ နည်းလမ်းများတွင် ပါဝင်နိုင်သည်ဟု ဆိုသည်။

    “ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်ကာ လွတ်လပ်ပြီး နေထိုင်ဖို့သင့်တော်တဲ့ နိုင်ငံအဖြစ် တည်ထောင်ခွင့် ရှိပါတယ်။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့ နှစ်နိုင်ငံလမ်းကြောင်းတွေ၊ နိုင်ငံပေါင်းစုံ လမ်းကြောင်းတွေကနေတစ်ဆင့် ရုရှားက ဆက်လက် ကူညီသွားမှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အစ္စရေး၏ ဂါဇာပြဿနာနှင့် ပတ်သက်သည့် ရပ်တည်ချက်ကို ပူတင်က ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့ပြီး အစ္စရေးမှာ အရှေ့အလယ်ပိုင်းတွင် ခြေရှုပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် လတ်တလော ဖြစ်ပွားနေသည့် ယီမင်ပြဿနာကိုလည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည့်လက အမေရိကန်၊ ဥရောပ၊ ကုလနှင့် ရုရှားတို့ လေးဖွဲ့ပေါင်းကာ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်သွားခြင်းအတွက် စိတ်ပျက်မိသည်ဟု ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င် အခြေချအိမ်ရာများ ဆက်လက်ဆောက်လုပ်နေမှုကို မကျေနပ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပါလက်စတိုင်းက ထွက်သွားခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအစိုးရအတွင်း ဟားမက်စ်အဖွဲ့ ပါဝင်လာမှုကို လက်မခံပဲ ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့သည်။

    အဆိုပါ လေးဖွဲ့ပေါင်း ကြေညာချက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အစ္စရေး၏ လုံခြုံရေး စိုးရိမ်မှုနှင့် ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်ရေး တောင်းဆိုမှု နှစ်ခုစလုံးအပေါ် အလေးထားဆောင်ရွက်ရမည်ဟု ဆိုသည်။

    “ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကိုဖြေရှင်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိရေး အရှိန်မြှင့်ဖို့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လိုအပ်နေတဲ့ ဂါဇာက ခက်ခဲတဲ့အခြေအနေအပေါ်မှာ မိမိတို့ လေးဖွဲ့စလုံးက အလွန်အမင်း စိုးရိမ်ပူပန်မိပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Independent

  • အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    မတ် ၁၂၊ ၂၀၁၅
    M-Media

    fe0cda16700e46e3aed49fcd42d2b997_18 (1)

    – အတိုက်အခံခေါင်းဆောင် ဘောရစ်နမ်စတော့ဗ် အသတ်ခံရမှုတွင် ပါဝင်သည်ဟု ၀န်ခံထားသည့် ချေချင်းညာ ဒေသမှ ရဲအရာရှိဟောင်း ဇူးရ် ဒါဒါယက်ဗ်မှာ ညှင်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံရသည့် အလားအလာမျိုး ရှိပုံရသည်ဟု ရုရှားလူ့အခွင့်အရေးကောင်စီမှ ပြောကြားလိုက်သည်။

    ဒါဒါယက်ဗ်မှာ အဆိုပါ လူသတ်မှုတွင် ပါဝင်သည်ဟု ၀န်ခံထားပြီး တရားစွဲဆိုခြင်း ခံထားရသော်လည်း လူ့အခွင့်အရေးကောင်စီမှ အန်ဒရေ ဘာဘုရှ်ကင်ကမူ ဒါဒါယက်ဗ်မှာ အပြစ်မဲ့ဖြစ်ပြီး ခြိမ်းခြောက်ဖိအားပေးခြင်းကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဇူရ် ဒါဒါယက်ဗ်ဟာ ညှင်းပန်းနှိပ်စက်မှုအောက်မှာ ၀န်ခံခဲ့ရတယ်လို့ ယုံကြည်ရတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးသူတွေ မဟုတ်တာကြောင့် သူ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတာကို အတည်မပြုနိုင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားကို တွေ့ခဲ့ရပါတယ်။” ဟု ဒါဒါယက်ဗ်အား သွားရောက်တွေ့ဆုံပြီးနောက် ဘာဘုရှ်ကင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပူတင်အား ဝေဖန်မှုများကို ပွင့်ပွင့်လင်းလင်းပင် ပြုလုပ်သည့် နမ်စတော့ဗ်မှာ ပူတင်အာဏာယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း အသတ်ခံခဲ့ရသည့် အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်သည်။

    ဒါဒါယက်ဗ်မှာ ခြေချင်းညာရဲတပ်ဖွဲ့တွင် လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အန်ဇာရ် ဂူဘာရှက်ဗ်ဆိုသူနှင့်အတူ ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရားစွဲဆို ခံရခြင်းဖြစ်သည်။ ထို့ပြင် အခြား ၃ ဦးကိုလည်း နမ်စတော့ဗ်အသတ်ခံရမှုအတွက် သံသယဖြင့် ဖမ်းဆီးထားသည်။

    ဒါဒါယက်ဗ်က မိမိမှာ အဖမ်းခံရပြီးနောက် ဦးခေါင်းအား အိတ်စွပ်ထားကာ လက်ထိပ်ဖြင့် ၂ ရက်တိုင်တိုင် နေခဲ့ရပြီး ခြိမ်းခြောက်ဖိအားပေးမှုကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဘာဘုရှ်ကင်က ဆိုသည်။

    “သူတို့က ကျွန်တော့်ကို တစ်ချိန်လုံး “မင်း နမ်စတော့ဗ်ကို သတ်ခဲ့တယ်မဟုတ်လား” လို့ အော်နေပြီး ကျွန်တော်က မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်” ဟုဆိုပြီး နောက်ဆုံးတွင် မိမိနှင့်အတူ ဖမ်းဆီးထားသည့် ရူစ်လန် ယူဆူပေါ့ဗ်အား လွှတ်ပေးစေရန်အတွက် သတ်ဖြတ်သည်ဟု ၀န်ခံခဲ့ကြောင်း ၎င်းသွားရောက်တွေ့ဆုံစဉ် ဒါဒါယက်ဗ်၏ ပြောကြားမှုကို ဘာဘုရှ်ကင်က တစ်ဆင့် ပြန်လည် ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကမူ ဘာဘုရှ်ကင်၏ ပြောကြားမှုကို ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကာ ဒါဒါယက်ဗ်ကို သွားရောက်တွေ့ဆုံခဲ့သည့် ဘာဘုရှ်ကင်နှင့် ၎င်း၏ အဖော်ဖြစ်သူတို့မှာ ရာဇ၀တ်မှုအား ကြားဝင်မှုဖြင့် ဖမ်းဆီးမေးမြန်းခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera