News @ M-Media

Tag: russia

  • ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    ရုရှား၏ ပဲ့ထိန်းဒုံးများ မအောင်မြင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိနေ

    မတ် ၂၅၊ ၂၀၂၂

    M-Media 


    -ယူကရိန်းစစ်ပွဲမှာ ရုရှားအသုံးပြုတဲ့ ပဲ့ထိန်းဒုံးကျည်တွေရဲ့ မအောင်မြင်မှုဟာ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အာဏာပိုင်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    ပဲ့ထိန်းဒုံးကျည်တွေဟာ ပစ်မှတ်ကို အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့ လက်နက်တွေဖြစ်ပါတယ်။ ပစ်ခတ်မှု မအောင်မြင်တာတွေမှာ ပစ်လွှတ်စဥ်အတွင်း ပေါက်ကွဲသွားတာ၊ ပစ်မှတ်ကို ကျရောက်ပြီးမှ မပေါက်ကွဲတာ စသဖြင့် ပါ၀င်ပါတယ်။ 

    ယူကရိန်းစစ်ပွဲ တစ်လကျော်လာတဲ့အချိန်မှာ ရုရှားက ဒုံးကျည်ပေါင်း ၁၁၀၀ ကျော်လောက် ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဖက်က ထုတ်ပြန်ထားပါတယ်။

    Kh-555 နဲ့ Kh-101 ပဲ့ထိန်းဒုံးကျည်အမျိုးအစားတွေကို ရုရှားက ယူကရိန်းစစ်ပွဲမှာ အဓိကထား အသုံးပြုနေတာပါ။ ဒုံးကျည်အမျိုးအစားကို လိုက်ပြီး မအောင်မြင်မှုဟာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ရှိတယ်လို့ ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး အမေရိကန် တာ၀န်ရှိသူ ၂ ဦးက ပြောပါတယ်။ 

    အခြား တာ၀န်ရှိသူတစ်ဦးက ၀ေဟင်ကပစ်ရတဲ့ ခရုဇ်ဒုံးကျည် မအောင်မြင်မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောပါတယ်။

    ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်မှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းရှိလာရင်ကို အလွန်မြင့်မားတဲ့နှုန်း ဖြစ်ပါတယ်။  

    ရုရှား ကာကွယ်ရေး၀န်ကြီးဌာနက စစ်သားတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု၊ ဒုံးကျည်နည်းပညာတွေကို ချီးကျူးခဲ့ပြီး၊ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ဘူးဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ပြောကြားမှုဟာ ၀ါဒဖြန့်မှုသက်သက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

    ရုရှားဟာ ပစ်မှတ်ကို ချိန်တွယ်ပစ်ခတ်ရတဲ့ ဒုံးကျည်အရေအတွက် သိိသိသာသာ လျော့နည်းလာပြီး ဗုံးတွေ၊ လက်နက်ကြီးတွေကိုသာ အဓိကထား အသုံးပြုနေရတယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာ၀န်ရှိသူတွေက ကြာသာပတေးနေ့မှာ ထုတ်ပြောထားပါတယ်။

    Ref: US News 

  • ရုရှား-ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုအနည်းငယ်ရှိလာ

    ရုရှား-ယူကရိန်းဆွေးနွေးပွဲ တိုးတက်မှုအနည်းငယ်ရှိလာ

    မတ် ၁၆၊ ၂၀၂၂

    M-Media 

    -စစ်ပွဲရပ်ရေး ယူကရိန်းနဲ့ ရုရှားတို့ရဲ့ ဆွေးနွးမှုတွေမှာ တိုးတက်မှု အနည်းငယ်ရှိလာတာကို တွေ့လာရပါတယ်။ 

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ပတ်အတွင်း ရောက်လာပြီ ဖြစ်ပြီး တိုက်ခိုက်မှုတွေကလည်း ပိုမို ပြင်းထန်လာပါတယ်။ 

    မြို့ကြီးတစ်ချို့ကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားဖက်က ပြောဆိုထားပါတယ်။ စစ်ပွဲကြောင့် ယူကရိန်းအရပ်သား သေဆုံးမှုအရေအတွက် မြင့်တက်လာပြီး၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ကလည်း သန်းချီ ရှိလာပါတယ်။ 

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဆွေးနွေးပွဲမှာ ရုရှားရဲ့ တောင်းဆိုမှုတွေက ပိုပြီး လက်တွေ့ကျလာတာကို တွေ့ရကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် အချိန်ယူရမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ၀င်ရောက်လို့မရဘူးဆိုတဲ့ အချက်ကို တိုင်းပြည်က နားလည်ရမယ်လို့လည်း ဇယ်လင်စကီးက ပြောပါတယ်။ ကျူးကျော်မှုအတွက် ရုရှားရဲ့ အကြောင်းပြချက်တွေထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့၀င်မဖြစ်စေဖို့ အချက်လည်း ပါ၀င်ပါတယ်။ 

    ရုရှားနိုင်ငံခြားရေး၀န်ကြီး ဆာဂျီလာဗရော့က ညှိနှိုင်းဖို့အတွက် မျှော်လင့်ချက်ရှိနေတယ်လို့ မနေ့က ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးရဖို့ မလွယ်သေးဘူးလို့ ဆိုပါတယ်။ 

    Ref: BBC 

  • ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    ယူကရိန်းစစ်ပွဲတွင် နိုင်ငံခြားလက်နက်ကိုင်များပါ ပါလာရန် ရုရှား စီစဥ်နေ

    မတ် ၁၂၊ ၂၀၂၂

    M-Media

    -အရှေ့အလယ်ပိုင်းက လက်နက်ကိုင် ၁၆၀၀၀ လောက် ယူကရိန်းမှာ ၀င်ရောက်တိုက်ခိုက်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ရုရှား ကာကွယ်ရေး၀န်ကြီး ဆာဂျီ ရှိုဂူက ပြောပါတယ်။ 

    ယူကရိန်းကို ကျူးကျော်စစ်မှာ နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ ၀င်ရောက်တိုက်ခိုက်ပေးဖို့ သမ္မတ ဗလာဒီမီရ်ပူတင်က တိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းက ပါ၀င်လာမယ့် တိုက်ခိုက်ရေးသမားတွေဟာ ဆီးရီးယားက ဖြစ်ဖို့များပြီး မြို့ပြတိုက်ပွဲကို ကျွမ်းကျင်သူတွေ ပါလာနိုင်တယ်လို့ အမေရိကန် တာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။ 

    ရုရှားဟာ ဆီးရီးယားအာဏာရှင် ဘာရှာအလ်အာဆတ်ရဲ့ အနီးကပ် မဟာမိတ် ဖြစ်ပါတယ်။ 

    မနေ့က လုံခြုံရေးဆိုင်ရာ  အစည်းအ၀ေးမှာ ပူတင်က ငွေးကြေးကြောင့်မဟုတ်ဘဲ၊ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ကူညီရေး တိုက်ခိုက်ဖို့လာတဲ့သူတွေကို ကူညီပေးရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ဗြိတိသျှစစ်တပ်က တာ၀န်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့၀င်တစ်ချို့အပါအ၀င် ကမ္ဘာတစ်၀ှမ်းက စေတနာ့၀န်ထမ်း တိုက်ခိုက်ရေးသမား ၁၆၀၀၀ လောက် ယူကရိန်းဖက်က ၀င်ရောက် တိုက်ခိုက်ပေးနေပါတယ်။ 

    Ref: BBC 

  • ယူကရိန်းတွင် ရုရှားက ဇီ၀ဓာတုလက်နက်များပါ သုံးလာနိုင်

    ယူကရိန်းတွင် ရုရှားက ဇီ၀ဓာတုလက်နက်များပါ သုံးလာနိုင်

    မတ် ၁၀၊ ၂၀၂၂

    M-Media 

    -ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားဟာ ဓာတု၊ ဇီ၀ လက်နက်တွေ အသုံးပြုလာနိုင်တယ်လို့ အနောက်နိုင်ငံတွေက သုံးသပ်ပြီး သတိထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    ဗုဒ္ဓဟူးနေ့ အမေရိကန်သမ္မတရုံး အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ယူကရိန်းနိုင်ငံအတွင်း အမေရိကန်ရဲ့ ဇီ၀လက်နက် စမ်းသပ်ခန်းတွေ၊ ဓာတုလက်နက် ထုတ်လုပ်ရေးစခန်းတွေ ရှိနေတယ်ဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်တွေဟာ ယုတ္တမရှိတဲ့ ဟာသဆန်ဆန် ပြောကြားမှုသာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ရုရှားရဲ့ ဒီပြောကြားမှုဟာ နောက်ထပ် ကြိုတင်စီစဥ်တိုက်ခိုက်မှုတွေ လုပ်ဖို့ ပရိယာယ်ဆင်တာဖြစ်ပြီး ဓာတုလက်နက်၊ ဇီ၀လက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန် ဆာကီက ထည့်သွင်းပြောဆိုပါတယ်။ 

    ဥရောပနိုင်ငံတစ်ချို့ကလည်း ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ဓာတုလက်နက်၊ နျူလက်နက် အငယ်စားတွေ၊ ဇီ၀လက်နက်တွေ၊ Dirty Bomb တွေလို သမရိုးကျမဟုတ်တဲ့ လက်နက်တွေ အသုံးပြုလာနိုင်ချေ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ 

    ဆီးရီးယားစစ်ပွဲမှာ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေက ဓာတုလက်နက် အသုံးပြုခဲ့တာတွေကို ထောက်ပြပါတယ်။

    ဂျန်ဆာကီက ယူကရိန်းမှာ ရုရှားက ဓာတု၊ ဇီ၀လက်နက် အသုံးပြုလာနိုင်ချေ၊ ဒီလက်နက်တွေရှိတယ်လို့ အကြောင်းပြပြီး တိုက်ခိုက်မှု ထပ်လုပ်နိုင်ချေကို သတိထားကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။ 

    ရုရှားဟာ ယူကရိန်းမှာ သမရိုးကျမဟုတ်ဘဲ ဖျက်ဆီးနိုင်စွမ်းပြင်းတဲ့ လက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

    Ref: BBC 

  • ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့ မ၀ယ်တော့ဟု အမေရိကန်နှင့် ဗြိတိန်တို့ ကြေငြာ

    ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့ မ၀ယ်တော့ဟု အမေရိကန်နှင့် ဗြိတိန်တို့ ကြေငြာ

    မတ် ၉၊ ၂၀၂၂

    M-Media

    -ရုရှားထံကနေ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်သွင်း၀ယ်ယူမှုတွေ လုပ်တော့မှာမဟုတ်ဘူးလို့ အမေရိကန်နဲ့ ဗြိတိန်တို့က အင်္ဂါနေ့မှာ  သီးခြားစီ ကြေငြာလိုက်ပါတယ်။ 

    ဒါဟာ ယူကရိန်းကို ကျူးကျော်မှုအတွက် ဒဏ်ခတ်တာလို့ နှစ်နိုင်ငံ တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီလိုပိတ်မှုအတွက် နိုင်ငံအတွင်း ဆီစျေး၊ ဓာတ်ငွေ့စျေးတွေ တက်လာနိုင်တယ်လို့ ပြည်သူကို အသိပေးခဲ့ပါတယ်။ 

    “ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်ပို့မှု အားလုံးကို ကျွန်တော်တို့ ပိတ်ပင်လိုက်ပါတယ်။ ရုရှားရဲ့ ရေနံသင်္ဘောတွေ အမေရိကန်ဆိပ်ကမ်းမှာ ကပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ပူတင်ရဲ့ စစ်ယန္တရားအပေါ်  ပြင်းထန်တဲ့ ဒီထိုးနှက်ချက်မှာ အမေရိကန်ပြည်သူတွေလည်း ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်”

    အမေရိကန်ရဲ့ ဒီထုတ်ပြန်ချက် ထွက်မလာခင်လေးမှာပဲ ဗြိတိန်က ရုရှားရဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းအားလုံးကို ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ပိတ်ပင်ကြောင်း ကြေငြာခဲ့ပါတယ်။ 

    ဗြိတိန်အပါအ၀င် ဥရောပနိုင်ငံတော်တော်များများဟာ စွမ်းအင်အတွက် ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကို အဓိက မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ 

    သမ္မတဘိုင်ဒန်ကတော့ ရုရှားရဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တင်ပို့မှုကို အလုံးစုံ ပိတ်ပင်နိုင်ရေး ဥရောပက မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားစီးပွားရေးဟာ သိသိသာသာ ထိခိုက်ကျဆင်းသွားပြီး အခုနောက်ဆုံး ဆောင်ရွက်မှုကို ကမ္ဘာတစ်၀ှမ်းက မဟာမိတ်တွေနဲ့ တိုင်ပင် ဆောင်ရွက်တာလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref : Reuters