News @ M-Media

Tag: russia

  • အကြောင်းတစ်ခုပြကာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖွယ်ရှိနေ

    အကြောင်းတစ်ခုပြကာ ရုရှားက ယူကရိန်းကို သိမ်းပိုက်ဖွယ်ရှိနေ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ရုရှားဟာ အကြောင်းတစ်ခုခုပြကာ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်တာမျိုး အချိန်မရွေး လုပ်လာနိုင်ပြီး မိမိတို့ကလည်း နေတိုးအဖွဲ့ပိုင်နက်ကို တစ်လက်မမှ အထိမခံဘူးလို့ အမေရိကန်ကတနင်္ဂနွေနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့ဝင် တစ်သိန်းကျော်၊ စစ်လက်နက်ပစ္စည်း အပြည့်အစုံ ချထားတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်ကတည်းကဖြစ်ပြီး ယူကရိန်းကို ဝင်သိမ်းတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတာပါ။

    အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေက တင်းမာမှုလျှော့ချရေး ကြားဝင်​ဆွေးနွေးတာတွေ လုပ်ဆောင်နေပေမယ့် ပြေလည်မှု မရသေးပါဘူး။

    ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုအားလုံး လုပ်ဆောင်ထားပြီး ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ မပြီးဆုံးမီ ကျူးကျော်လာနိုင်တဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ အမေရိကန် သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။

    မနေ့က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ နေတိုးအဖွဲ့ရဲ့ပိုင်နက်ကို တစ်လက်မမှ အထိမခံဘဲ ကာကွယ်သွားမယ်လို့ ဆူလီဗန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်သမ္မတ ဘိုင်ဒန်က ရုရှားရဲ့ စစ်ရေးပြင်ဆင်မှုကို တားဆီးဖို့ သံတမန်နည်းလမ်းအရရော၊ ကာကွယ်ရေးနည်းလမ်းအရပါ တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းကိုလာလည်ဖို့အတွက်လည်း ဇယ်လင်စကီးက ဘိုင်ဒန်ကို ဖိတ်ကြားခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို အချိန်မရွေးကျူးကျော်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ပြောကြားမှုကို လက်ခံပြီး ယူကရိန်းထဲ စစ်ရေးနဲ့ စီးပွားရေးအကူအညီပေးမယ့်အစီအစဉ်ကို လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာမယ်လို့ ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

    ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းကို ရုရှားက ပြင်ဆင်ထားတယ်လို့ ယူဆကြောင်း ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး အမေရိကန်တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်တာဝန်ရှိသူတွေရဲ့ ၆ နာရီကြာ တံခါးပိတ်အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်နိုင်ခြေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲက တစ်ချို့အချက်တွေကို အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြည်တွင်းမီဒီယာတွေက မနေ့က ဖွင့်ချခဲ့ပါတယ်။

    ရုရှားဟာ ယူကရိန်းကို သိမ်းပိုက်ဖို့ လိုအပ်တဲ့ စစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းကို ပြင်ဆင်ထားပြီး ဖြစ်သလို၊ ကျူးကျော်တိုက်ခိုက်မှု ဖြစ်နိုင်ချေတွေထဲက တစ်ခုဟာ မြို့တော်ကိဗ်ကို အလျင်အမြန် ထိုးစစ်ဆင် သိမ်းယူဖို့ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    ဒီလိုသိမ်းပိုက်ဖို့ သမ္မတပူတင်က နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ထောက်လှမ်းရေးပညာရှင်တွေက ယူဆပေမယ့် တိုက်ခိုက်မှုဖြစ်လာရင် ယူကရိန်းအရပ်သား ၅ သောင်း၊ စစ်သား ၂၅၀၀၀ အသက်ဆုံးရှုံးလိမ့်မယ်လို့ တွက်ချက်ခဲ့ပါတယ်။

    ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက အမေရိကန်မီဒီယာတွေ ဖော်ပြတဲ့ ဒီခန့်မှန်းချက်တွေကို မယုံကြဖို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး မိမိတို့ကတော့ ဘယ်လိုအခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: New York Times

  • ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ယူကရိန်းကိစ္စ ရုရှားနှင့် အမေရိကန်တို့ ပြေလည်မှုမရသေး

    ဇန်နဝါရီ ၂၀၁၉၊ ၂၀၂၂
    M-Media

    -ယူကရိန်းကိစ္စ တင်းမာမှုမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ဟာ ရုရှားရဲ့ လုံခြုံရေးစိုးရိမ်မှုကို ဖြေရှင်းမှုမရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောကြားလိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအရှေ့ခြမ်းမှာ တပ်တွေ ထပ်တိုးချမယ်လို့ ကြေငြာလိုက်ပါတယ်။

    ၂၀၁၄ ခု ယူကရိန်းပြည်တွင်း မငြိမ်သက်မှုမှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်သိမ်းခဲ့ပြီး ယူကရိန်းအရှေ့ခြမ်းက ခွဲထွက်ရေးလိုလားတဲ့အဖွဲ့တွေကို လက်နက်ထောက်ပံ့နေတဲ့ ရုရှားဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ယူကရိန်းနဲ့ ကပ်နေတဲ့ နယ်စပ်တစ်၀ိုက် တပ်ဖွဲ့ဝင် သိန်းချီ ချထားခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    တင်းမာမှုတွေလျှော့ချရေး ကြိုးစားနေကြပေမယ့် အမေရိကန်နဲ့ နေတိုးအဖွဲ့ဟာ ရုရှားရဲ့ အဓိက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို ဖြေရှင်းမပေးသေးဘူးလို့ မနေ့က ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်နဲ့ ဖုန်းပြောဆိုမှုမှာ ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီအတွက် အခုတစ်ပတ်အတွင်း အဖြေတိတိကျကျသိရမှ ဘာဆက်လုပ်မလဲဆိုတာ ပြောမယ်လို့လည်း ပူတင်က ဆိုပါတယ်။ ရုရှားသမ္မတဟာ တင်းမာမှုစဖြစ်ကတည်းက နှုတ်ဆိတ်နေခဲ့တာဖြစ်ပြီး မနေ့ကမှ ပထမဆုံး မှတ်ချက်ပေးတာ ဖြစ်ပါတယ်။

    ယူကရိန်းကို နေတို့အဖွဲ့ထဲ ဝင်ခွင့်မပေးဖို့နဲ့ ရုရှားနဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေတိုးအဖွဲ့က ထိုးစစ်ဆင်နိုင်မယ့် လက်နက်တွေ မချထားဖို့ ရုရှားက လိုချင်နေတာ ဖြစ်ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားက ယူကရိန်းကို ကျူးကျော်မှုဟာ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကြာသာပတေးနေ့က ပြောကြားခဲ့ပြီး ဥရောပအရှေ့ခြမ်းမှာ နေတိုးအဖွဲ့ရဲ့ တည်ရှိမှုကို ပိုမိုအားကောင်းစေဖို့အတွက် တပ်ဖွဲ့ဝင်အနည်းငယ် စေလွှတ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    Ref: Aljazeera

  • ဥရောပအရှေ့ခြမ်းတွင် နေတိုးနှင့် အမေရိကန်တို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာ

    ဥရောပအရှေ့ခြမ်းတွင် နေတိုးနှင့် အမေရိကန်တို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာ

    ဇန်နဝါရီ ၂၅၊ ၂၀၂၂
    M-Media

    -ဥရောပအရှေ့ခြမ်းကို တပ်ဖွဲ့ဝင်တွေ ထပ်တိုးချသွားဖို့ရှိနေပြီး၊ ရှိပြီးသားတပ်ဖွဲ့တွေကိုလည်း အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ မြောက်အတ္တလန်တိတ် မဟာမိတ်အဖွဲ့ (နေတိုး) က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

    ရုရှားက နယ်စပ်မှာ စစ်အင်အား ၁ သိန်းလောက် ချထားပြီး ယူကရိန်းကို သိမ်းပိုက်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အချိန် နေတိုးအဖွဲ့ကလည်း ယူကရိန်းနိုင်ငံတည်ရှိရာ ဥရောပရှေ့ခြမ်းမှာ စစ်ပြင်ဆင်လာတာပါ။

    အမေရိကန် ကာကွယ်ရေးဌာနက တပ်ဖွဲ့ဝင် ၈၅၀၀ လောက်ကို အသင့်ပြင်ဆင်ထားပြီး အရှေ့ဥရောပမှာ ချထားဖို့အတွက် အမိန့်စောင့်နေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    ယူကရိန်းကို ဝင်သိမ်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို ရုရှားဖက်က ငြင်းဆိုထားပြီး အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေကိုကြည့်ရင် ရုရှားဟာ ကျူးကျော်သူ၊ ရန်စသူမျိုးမဟုတ်ဘဲ ပစ်မှတ်ထားခံရသူ ဖြစ်တာဆိုတာ ထင်ရှားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နဲ့ ပိုလန်ခေါင်းဆောင်တွေနဲ့တနင်္လာနေ့က မိနစ် ၈၀ ကျော်ကြာ အွန်လိုင်းက တွေ့ဆုံပြီး ယူကရိန်းကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

    အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုကိုတားဆီးဖို့ စီးပွားရေးပိတ်ဆို့တာ၊ နေတိုးရဲ့ အရှေ့ဖက်စစ်မျက်နှာမှာ လုံခြုံရေးဆိုင်ရာ အားဖြည့်မှုတွေလုပ်တာ အပါအဝင် နည်းလမ်းအားလုံးကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်ဟာ ယူကရိန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်လက်နက်ပစ္စည်းတွေ ပေးပို့ထားသလို၊ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းအပေါ် လက်နက်တွေ ထောက်ပံ့ဖို့လည်း အမေရိကန်က ခွင့်ပြုပေးခဲ့ပါတယ်။

    Ref: Reuters

  • ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ဇန်နဝါရီ ၂၄၊ ၂၀၂၂
    M-Media

    -အမေရိကန်က ပေးပို့ထောက်ပံ့တဲ့ လက်နက် ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်သည် ၁ သိန်းလောက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်တိုးချထားတဲ့အတွက် ယူကရိန်းကို ဝင်​တိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီလို ထောက်ပံ့မှု ပေါ်ပေါက်လာတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်ခဲယမ်းတွေ ယူကရိန်းကို ထောက်ပံ့သွားမယ်လို့ အမေရိကန်က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ စ​နေနေ့က ပထမအသုတ်နဲ့ တနင်္ဂနွေက ဒုတိယအသုတ် ယူကရိန်းမြို့တော် ကိဗ်ကို ရောက်လာတာ ဖြစ်ပါတယ်။

    ဝန်ကြီး Reznikov က မိတ်​ဆွေ အမေရိကန်ထံကနေ တန် ၈၀ ကျော်လောက်ရှိတဲ့ လက်နက်ခဲယမ်းတွေ ရောက်ရှိလာပြီး ဒါဟာ ယူကရိန်း ကာကွယ်ရေးစွမ်းအားကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘော်လ်ကန် ၃ နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့လည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Reuters