News @ M-Media
Tag: Saudi
  • IS အဖွဲ့ဝင် ၄၀၀ ကျော်ကို ဆော်ဒီဖမ်းဆီး
    IS အဖွဲ့ဝင် ၄၀၀ ကျော်ကို ဆော်ဒီဖမ်းဆီး
    ဇူလိုင် ၁၉၊ ၂၀၁၅
    M-Media
    sau
    – နိုင်ငံအတွင်းရှိ IS အဖွဲ့ဝင် ၄၃၁ ဦးကို ဖမ်းဆီးလိုက်ပြီး ဗလီဝတ်ကျောင်းတော်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သံတမန်များကို အသေခံတိုက်ခိုက်ရန် စီစဉ်ထားမှုများအား တားဆီး ဟန့်တားနိုင်ခဲ့သည်ဟု ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံအရှေ့ပိုင်း အလ်- ကူဒီရွာတွင် လူ ၂၁ ဦး သေဆုံးခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုကို စီစဉ်ခဲ့ကာ အခြားတိုက်ခိုက်မှု အများအပြားကိုလည်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု နိုင်ငံပိုင် သတင်းအေဂျင်စီမှ ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
    ဖမ်းဆီးလိုက်သော ၄၃၁ ဦးတွင် အများစုမှာ ဆော်ဒီနိုင်ငံသားများ ဖြစ်ကြပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများမှ နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံအရှေ့ပိုင်း ရှာရူရာ ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်များကို ပစ်မှတ်ထားကာ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားသော အသေခံဗုံးခွဲမှု ၆ ခုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လုပ်ကြံရန် ချိန်ကိုက်ထားမှုများကိုလည်း
    အာဏာပိုင်များက တားဆီးခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဘက်ဆမ် အက်တီယာက ဖမ်းဆီးရမိသောသူများမှာ သီးခြားစီ တိုက်ခိုက်ရန် စီစဉ်ထားကြသော အဖွဲ့ငယ်များမှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ဆော်ဒီအာရေဗျနိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒပြန်နှံ့ဖို့ သူတို့ ရည်ရွယ်နေကြတာပါ။ ပြီးတော့ နိုင်ငံအတွင်း ၀ရုန်းသုန်းကားနဲ့ အကွဲအပြဲဖြစ်စေဖို့ သူတို့ ဆန္ဒရှိနေပါတယ်” ဟု အက်တီယာက ပြောကြားခဲ့ကာ ၎င်းတို့မှာ အစီအစဉ်အစဉ်များကို ဆောင်ရွက်ရန်နှင့် လူသစ်စုဆောင်းရန် ဆိုရှယ်မီဒီယာကို အသုံးပြုကြသည်ဟု ဆိုသည်။
    Ref: Aljazeera
  • ယခုနှစ်ရမ်ဇာန်တွင် ဆော်ဒီ၌ အစ္စလာမ်ကိုလက်ခံသည့် နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော်ရှိ
    ယခုနှစ်ရမ်ဇာန်တွင် ဆော်ဒီ၌ အစ္စလာမ်ကိုလက်ခံသည့် နိုင်ငံခြားသားအရေအတွက် ၆၀၀ ကျော်ရှိ
    ဇူလိုင် ၁၇၊ ၂၀၁၅
    M-Media
    saudi
    – နာမ်ပိုင်းဆိုင်ရာအနေအထား အမြင့်ဆုံးကို ရောက်ရှိသည့် ရမ်ဇာန်ဥပုသ်လတွင် ဆော်ဒီအာရေဗျ၌ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာသူ နိုင်ငံခြားသား အရေအတွက်မှာ ၆၄၄ ဦး ရှိသည်ဟု သိရသည်။
    “ရမ်ဇာန်လမှာ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ ရက်ရောက်မှုစိတ်ဓာတ်၊ ညီရင်းအစ်ကိုဖြစ်မှုနဲ့ ဥပုသ်သီလဆောက်တည်သူတွေကို နေ့စဉ်အစားသောက်ပေးလှူခြင်းကနေ ရရှိတဲ့ စည်းလုံးညီညွတ်မှုကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ သူစိမ်းတွေကတောင်မှ သူတို့ရဲ့ အစ်ဖ်သာရ်ဝါဖြေပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်” ဟု ဘတ်သာရှိ အစ္စလာမ့် ဒါဝါဟ်စင်တာ အကြီးအကဲဖြစ်သူ ရှိခ်နူဟ် အလ်-ကွာရိန်းက ပြောကြားခဲ့သည်။
    “အစ်ဖ်သာရ်မှာ ပါဝင်ဖို့ မွတ်စလင်မဟုတ်တဲ့သူတွေကိုလည်း ကျွန်တော်တို့ ဖိတ်ပါတယ်။ အလုပ်သမားတွေကို လေးစားသမှုနဲ့ဆက်ဆံပြီး တန်ဖိုးထားခြင်းကနေ အစ္စလာမ့်ရဲ့ လှပတဲ့ သွန်သင်မှုကို မိတ်ဆက်ပေးဖို့ ပြည်သူတွေ၊ ကုမ္ပဏီတွေကို ကျွန်တော် တိုက်တွန်းထားပါတယ်”
    ရှိခ်နူဟ်က ၎င်းတို့၏စင်တာတွင် ပြီးခဲ့သည့်နှစ် ရမ်ဇာန်ဥပုသ်လမှစ၍ အစ္စလာမ်သို့ သက်ဝင်လာသော နိုင်ငံခြားသားအရေအတွက်မှာ ၄၀၀၀ နီးပါးရှိပြီး နိုင်ငံစုံမှဖြစ်သည်ဟု ပြောကြားခဲ့သည်။
    နောက်ဆုံး အစ္စလာမ်ကို သက်ဝင်လာခဲ့ကြသူ အုပ်စုမှာ နိုင်ငံခြားသား ၂၁ ယောက်ဖြစ်ပြီး ဒူဘသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်တွင် သက်ဝင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ရမ်ဇာန်အစမှနေ၍ အဆိုပါ ဗလီဝတ်ကျောင်းတော်၌ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများမှာ ၇၄ ဦးအထိ ရှိလာပြီဖြစ်သည်။
    မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများ ရှိနေသော်လည်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူအရေအတွက်မှာ တိုး၍သာ လာနေသည်ဟု သတင်းများက ဖော်ပြကြသည်။
    သာသနာနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ပြင်ဆင်ရာတွင် မွတ်စလင်တို့၏ ကောင်းမွန်သော စိတ်ဓာတ်နှင့် လုပ်ရပ်များက အဓိကကျခဲ့သည်ဟု ဒူဘသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်ကြီးမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် တာကီ ကွီလိုင်ဝီကဆိုသည်။
    “အစ္စလာမ့်ရဲ့သွန်သင်မှုအတိုင်း သူတို့ကို ထိတွေ့ဆက်ဆံမယ်ဆိုရင် သူတို့ဟာ အစ္စလာမ်ကို လူသားထုအတွက် မှန်ကန်တဲ့လမ်းစဉ်၊ လက်ခံရမယ့် အယူဝါဒအဖြစ် မုချတွေ့မှာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ယခုနှစ်ရမ်ဇာန်ဥပုသ်လအတွင်း အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက်မှာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၆၄၄ ဦး ရှိလာခဲ့သည်။ ရမ်ဇာန်လအစပိုင်းတွင် ဆော်ဒီအာရေဗျ၌ အလုပ်လုပ်နေသော ဖိလစ်ပိုင်နိုင်ငံသား ၂၂၀ မှာ မက္ကာဟ်မြို့၌ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့သည်။
    နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသား ၂၀ ခန့်မှာ ရီယာ့ဒ်ရှိ ဗလီဝတ်ကျောင်းတော်တွင် အစ္စလာမ်ကို ထပ်မံ လက်ခံခဲ့ကြသည်။
    ပြီးခဲ့သည့်နှစ် ဧပြီလကလည်း တရုတ်နိုင်ငံသား ၆၀၀ ခန့်မှာ မက္ကာမြို့၌ အစ္စလာမ်အကြောင်း မိတ်ဆက်လေ့လာပြီးနောက်ပိုင်းတွင် သာသနာအတွင်းသို့ ကူးပြောင်းခဲ့ကြသည်။ ဇန်န၀ါရီလကမူ ဆော်ဒီဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ရိုးရှင်းသော နာရေးကို ကြည့်ရှုခဲ့ရပြီးနောက် တရုတ်နိုင်ငံသား ၅၀၀ မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာခဲ့ဖူးသည်။
    Ref: Onislam
  • မွတ်စ်လင်မ်ကမ္ဘာ စည်းလုံး ညီညွတ်ကြရန် ဆော်ဒီဘုရင်မှ ဆော်သြ
    နိုဝင်ဘာ ၂၁ ၂၀၁၃
    M-Media
    saudi-king-achmadinajb
    ဓါတ်ပုံအညွှန်း- ဆော်ဒီဘုရင် နှင့် အီရန်သမ္မတဟောင်း Ahmadinejad တို့အား ၂၀၁၁ ခုနှစ် ကာတာနိုင်ငံ ဒိုဟာမြို့မှ ကျင်းပတဲ့ နိုင်ငံတကာအစည်းအဝေးတခုမှာ အတူတွေ့ရစဉ်
    မွတ်စ်လ်င်မ်များသည် မိမိတို့၏ကွဲလွဲမှုများကို ဘေးဖယ်ထားပြီး၊ အစ္စလာမ့်အဖွဲ့အစည်းအုပ်စုများအကြား ပွင့်လင်းစွာပြောဆို ဆွေးနွေးကြဖို့ လိုအပ်သည်ဟု ဆော်ဒီဘုရင် အဗ္ဗဒုလ္လာဟ် ဘင်န် အဗ်ဒလ်အဇီးဇ်(Abdullah bin Abdelaziz) က ဗုဒ္ဓဟူးနေ့တွင် ဆော်သြပြောကြားခဲ့သည်။
    “  မွတ်စ်လင်မ်တိုင်းအတွက် ကောင်းကျိုးကို ကျွန်တော်တို့ ရည်မျှော်တာဖြစ်တယ်။ မွတ်စ်လင်မ်တွေအကြား ကွဲပြားခြားနားကုန်မှာ မလိုလားပါဘူး။ မွတ်စ်လင်မ် အုပ်စုကွဲများ အကြား ပွင့်လင်းစွာပြောဆို ဆွေးနွေး ဆက်ဆံကြခြင်းက စည်းလုံးညီညွတ်ဖို့ နဲ့ အချင်းချင်း အပြန်အလှန် နားလည်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ထို့အတူ ကျွန်တော်တို့ရဲ့ မတူကွဲလွဲမှုများဟာ အစ္စလာမ် အွမ္မဟ်(လူထု)တစ်ရပ်လုံးရဲ့ စည်းလုံးမှုအပေါ် မကောင်းသော အကျိုးသက်ရောက်မှာကို မဖြစ်စေချင်ဘူး ” ဟု ဘုရင် အဗ္ဗဒုလ္လာဟ်၏ မိန့်ခွန်းအား အိမ်ရှေ့စံမင်းသား စလ်မန်(Crown Prince Salman) က မီနာ(Mina) တွင် နှစ်စဉ်ပြုလုပ်သော နိုင်ငံတကာ ဟဂ်ျခရီးစဉ်၏အကြီးအမှူးများကြိုဆို ဧည့်ခံသည့်အခမ်းအနား(Annual Reception to Welcome the heads of hajj mission) အတွင်း ဖတ်ကြားခဲ့သည်။
    “ တမန်တော်မြတ် မှာတမ်းများပေးအပ်ခဲ့သောနယ်မြေမှ တစ်ကမ္ဘာလုံးကို ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဘာသာတရားနဲ့ ကိုယ်ကျင့်တရားတန်ဖိုးများကို ဘယ်အရာနဲ့မှ မလဲလှယ်နိုင်ပါဘူး။ ထို့အတူ မည်သူ့ကိုမှလည်း ကျွန်တော်တို့ရဲ့ ပြည်တွင်းပြည်ပရေးရာ စွက်ဖက်ခွင့်ကိုသော်လည်းကောင်း၊ ကျွန်တော်တို့ရဲ့အချုပ်အခြာကို ထိပါးခွင့်ကိုသော် လည်းကောင်း အလျဉ်းပေးမှာမဟုတ်ဘူး ” ဟု ဘုရင့်မိန့်ခွန်းတွင် ဖော်ပြထား၏။
    ဘုရင်မှ သူသည် မည်သည့်အကျိုးအမြတ်ကို မျှော်ကိုးခြင်းမရှိပဲ တိုင်းပြည်များအချင်းချင်း အပြန်အလှန်လေးစားနားလည်မှု နှင့် ရင်းနှီးချစ်ကြည်ရေးများကိုသာ မျှော်လင့်ထားကြောင်း အောက်ပါကဲ့သို့ ရင်ဖွင့်ဖော်ပြသည်။
    “ ယခုလို ပြိုင်ဆိုင်မှုများပြားနေတဲ့ ခေတ်ကာလအတွင်း ကျွန်တော်တို့ဟာ အာဏာရှင်ဝါဒနဲ့ မောက်မာမှုများကို ဆန့်ကျင်ကြရမှာဖြစ်တယ်။ အဲ့ဒီအချက်ကို ကျွန်တော်တို့ နားလည်ကြမယ်ဆိုရင် ကျွန်တော်တိုရဲ့နှလုံးသားများမှာ ချစ်ခင်ရင်းနှီးမှု အရည်အသွေးအားလုံး ကိန်းအောင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်မခံသူများ အနေနဲ့ကတော့ သူတို့သမိုင်းကို သူတို့ရေးကြသလို ကျွန်တော်တို့ဆီမှာလည်း ကျွန်တော်တို့ရဲ့ ဇာတိပုည ဂုဏ်မာနရှိနေကြောင်း သိထားဖို့လိုအပ်ပါလိမ့်မယ် ”။
    Ref: Al Arabiya
  • မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား မတရား ဖိနှိပ်မှုများ ရပ်တံ့ဖို့ ဆော်ဒီတောင်းဆို
    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအပါအဝင် မွတ်စလင်များအပေါ် ပြုလုပ်နေသည့် မတရားမှုများအား အဆုံးသတ်ရန်နှင့် ၎င်းတို့၏ လူအခွင့်အရေးများကို ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လျင်မြန်သော လုပ်ဆောင်ချက်များပြုလုပ်ရန် ဆော်ဒီအာရေဗျနိုင်ငံ ၀န်ကြီးများကောင်စီက ယမန်နေ့တွင် မေတ္တာရပ်ခံခဲ့သည်။
    ထို့ပြင် ဆော်ဒီအိမ်ရှေ့မင်းသား ဆလ်မန်ဘင် အဗ္ဗဒူလ်အဇစ် ဦးဆောင်ပြီး ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးတို့ပါဝင်သည့် ကတ်ဘိနက်အဖွဲ့က မြန်မာနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်ခံနေရသူများထံသို့ ကူညီသည့် အထောက်အပံ့များ လွတ်လပ်စွာ ၀င်ရောက်ခွင့်ရရန်နှင့် ထိုသူများအား သိက္ခာရှိသော ဘ၀တစ်ခုဖြစ်ပေါ်လာရေးအတွက် ကူညီရန်တို့ကို သေချာအောင်ဆောက်ရွက်ပေးရန် တိုက်တွန်းခဲ့ကြသည်။
    ယင်း ကတ်ဘိနက် အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေများကို အကျဉ်းရုံးဆွေးနွေးခဲ့ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ (SPA) မှ ရရှိခဲ့သည့် ကြေညာချက်တွင် ဆော်ဒီယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ၀န်ကြီး ဒေါက်တာ အဗ္ဗဒူလ်အဇစ်ခိုဂျာက ပြောကြားခဲ့သည်။
    ထို့ပြင် လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ လူနည်းစု မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာအစိုးရအား စွဲဆောင်ရန် အားထုတ်မှုများနှင့် ရခိုင်ဒေသရှိ အကြမ်းဖက်ခံ ပြည်သူများအား လူသားချင်း စာနာသည့် အကူအညီများပေးခြင်း၊ ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများအား ကူညီလုပ်ဆောင်ပေးမှု စသည့် အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ လုပ်ဆောင်ချက်များကိုလည်း ကတ်ဘိနက်အဖွဲ့က ချီးကျူးခဲ့သည်ဟု ခိုဂျာက ထပ်လောင်းပြောကြားခဲ့သည်။
    hedstrom20130327051229607
    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မတ်လ အကုန်ပိုင်းတွင် အကြမ်းဖက်မီးရှို့ ခံရတော့ မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့မှ မြင်ကွင်းတခု၊ အကြမ်းဖက်ခံ မွတ်စလင်မ်များမှာ ၈ လကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။
    Ref:Saudi Gazette
  • မက္ကာနှင့် မဒီနာ မြို့များးကို ဆက်သွယ်ထားသည့် ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်း ၂၀၁၄ နှစ်ဆန်းတွင်ဖွင့်လှစ်နိုင်မည်
    စက်တင်ဘာ၊ ၁၄ ၊ ၂၀၁၃
    M-Media
    skorostnoy_poesdဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၊ မဒီနာနှင့် ဂျစ်ဒါမြို့တို့ကို ဆက်သွယ်ထားပြီး ကီလိုမီတာ ၄၅၀ ရှည်လျားသည့် ဆောက်လုပ်ဆဲ မြန်နှုန်းမြင့် မီးရထားလမ်းအား လာမည့် ၂၀၁၄ နှစ်ဆန်းတွင် အသုံးပြုနိုင် လိမ့်မည်ဟု ဆော်ဒီရထားလမ်းပို့ဆောင်ရေးအဖွဲ့အစည်း(SRO) က ကြေညာခဲ့သည်။
    အဆိုပါရထားလမ်းမှာ စီးပွားရေးမြို့သစ်များ၊ စက်မှုဇုံများနှင့် လူထူထပ်သည့်မြို့များကိုဖြတ်ကာ တောင်နှင့်မြောက် ဆက်သွယ်ထားသည့်မီးရထားလမ်းဖြစ်သည်။ ဆော်ဒီပို့ဆောင်ရေးဝန်ကြီးနှင့် SRO ဘုတ်အဖွဲ့၏ ဥက္ကဌဖြစ်သူ ဂျာဘာရာ အလ် ဆီရာအစ္စရီက မူလကသတ်မှတ်ထားသည့် ဘူတာရုံငါးခုတည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် မဒီနာရှိ အဘ်ယာအလီဒေသတွင် ဘူတာရုံးတစ်ခု ထပ်မံတိုးချဲ့ဆောက်လုပ်ဖွယ်ရှိနေသည်ဟု Saudi Press Agency သို့ပြောကြားခဲ့သည်။
    SRO ကုမ္ပဏီမှာ ရထားလမ်း၏ ဒုတိယ အဆင့်ကိုတည်ဆောက်ရန် ကန်ဒေါ်လာ ၉.၄ ဘီလီယံတန်သည့် ပရောဂျက်အား လွန်ခဲ့သည့်အောက်တိုဘာလက AlShoula ကုမ္ပဏီမှ ရရှိခဲ့သည်။ ဒုတိယအဆင့် တည်ဆောက်မှုတွင် ရထားလမ်းပိုင်းများတည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်ခြင်း၊ ထိန်းချုပ်ရေးစင်တာတည်ဆောက်ခြင်း၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ခြင်းနှင့် Talgo 350 ရထား ၃၅ စီးတင်သွင်းခြင်းတို့ပါဝင်မည်ဖြစ်သည်။
    မက္ကာနှင့် မဒီနာမြို့နှစ်မြို့ကို အဓိကထားပြီး ဂျစ်ဒါ၊ ရီယာဒ့်နှင့် ဒန်မာန်မြို့များနှင့်လည်းဆက်သွယ်ထားသည့် အဆိုပါရထားလမ်း ပြီးစီးသွားပါက တစ်နေ့တွင် ခရီးသည်ပေါင်း ၁၅၀,၀၀၀ ကျော်ကို ပို့ဆောင်နိုင်မည်ဖြစ်သည်။
    Ref: http://islam.ru