နိုဝင်ဘာ ၁၃၊ ၂၀၁၅
M-Media
– မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ ငြိမ်းချမ်းရေး စိတ်ဓာတ်ကို သက်သေထူနေပြီး အစ္စလာမ့်သမိုင်းတွင် ထင်ရှားသော “ဟူဒိုင်ဘီယာစာချုပ်” ချုပ်ဆိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားသည့် ဗလီဝတ်ကျောင်းတော်ကို ဖြိုချကာ ခေတ်မီဗလီဝတ်ကျောင်းတော်အဖြစ် ပြန်လည်တည်ဆောက်တော့မည်ဟု သိရသည်။
အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ မက္ကာဟ်မြို့၏ အနောက်ဖက် ဟူဒိုင်ဘီယာဟု အမည်တွင်သည့် အရပ်ဒေသတွင် တည်ရှိပြီး ထိုဆောက်လုပ်ရေးစီမံကိန်းကို ဆော်ဒီ အစ္စလာမ့်ရေးရာဝန်ကြီးဌာန၊ ဆော်ဒီ ခရီးသွားလာရေးနှင့် အမျိုးသား သမိုင်းအမွေအနှစ် ကော်မရှင် SCTNH တို့က ဦးစီးဆောင်ရွက်သွားမည်ဖြစ်သည်။
SCTNH မှ အထွေထွေဒါရိုက်တာဖြစ်သူ ဖိုင်ဆယ် အလ်-ရှရီးဖ်က ဗလီဝတ်ကျောင်းတော်သစ်ကို ဆန်ပြားသည့် အင်ဂျင်နီယာနည်းပညာများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးပေါ် သိပ္ပံနည်းစနစ်များနှင့် ပစ္စည်းကိရိယာများကိုလည်း အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။
SCTNH နှင့် အလ်-တူရက်သ် အမွေအနှစ် ဖောင်ဒေးရှင်းမှာ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်ပေါင်း ၂၁ လုံးကို ပြန်လည်ပြုပြင် ဆောက်လုပ်ပြီးဖြစ်သည်။
သက္ကရာဇ် ၆၂၈ ခုနှစ်တွင် မုဟမ္မဒ်သခင်မှာ မဒီနာမှ မက္ကာသို့ အွမ္မရာဟ်ပြုလုပ်ရန် နောက်လိုက်သာဝကများနှင့် လာရောက်စဉ် အဆိုပါ ဟူဒိုင်ဘီယာအရပ်၌ တစ်ထောက်နားနေသည့်အချိန် မက္ကာမြို့မှ မယုံကြည်သူများက မုဟမ္မဒ်သခင်နှင့်အဖွဲ့အား လာရောက်ရန်စခဲ့ကြသည်။
သို့သော်လည်း ငြိမ်းချမ်းရေးကို လိုလားသည့် မုဟမ္မဒ်သခင်မှာ တပည့်သာဝကများအား သည်းခံကြရန် မိန့်ကြားခဲ့ပြီး နောက်ဆုံးတွင် ရန်မီးငြိမ်းစေမည့် ငြိမ်းချမ်းရေးစာချုပ်ကို မိမိတို့ဘက်မှ အနာခံကာ ချုပ်ဆို၍ မက္ကာသို့ ဆက်မသွားတော့ဘဲ မဒီနာသို့ ပြန်လှည့်ခဲ့သည်။ စာချုပ်ချုပ်ဆိုသည့် အဆိုပါ ဟူဒိုင်ဘီယာဒေသကို အစွဲပြု၍ စာချုပ်ကိုလည်း “ဟူဒိုင်ဘီယာ စာချုပ်” ဟု ခေါ်တွင်ခဲ့သည်။
Ref: IINA News