နိုဝင်ဘာ ၉၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့် စက်တင်ဘာလက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကရိန်းပြုတ်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး တာဝန်ရှိသူများကိုလည်း ဥပဒေအတိုင်း အရေးယူသွားတော့မည်ဟု ဆော်ဒီအာဏာပိုင်များက ပြောကြားလိုက်သည်။
ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည်ပေါင်း ၁၁၁ ဦး သေဆုံးခဲ့ပြီး ၂၃၈ ဦး ဒဏ်ရာရရှိခဲ့သည့် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ ကရိန်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘင်လာဒင်အုပ်စု ကုမ္ပဏီဖြစ်ပြီး ၎င်းတို့၏ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ စီမံကိန်း မန်နေဂျာများနှင့် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား အုပ်ချုပ်သူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ထိုပြင် အမှုအား စစ်ဆေးနေသည့် တရားသူကြီးကမူ အပြစ်ရှိသူများကို တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်အတွင်း ထိခိုက်ဒဏ်ရာရသူများအတွက် ဆော်ဒီဘုရင်ကြီး ဆလ်မန်က ဂရုဏာကြေး အမြောက်အများ ပေးအပ်ခဲ့ပြီး၊ နစ်နာကြေးရရှိရန် တရားစွဲဆိုနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။
ကနဦးစစ်ဆေးမှုများအရ ကရိန်းပြုတ်ကျမှုမှာ လေပြင်းတိုက်ခတ်ခြင်းနှင့် ကရိန်းအနေအထား မမှန်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
Ref: Arab News


Leave a Reply
You must be logged in to post a comment.