News @ M-Media

Tag: saudi_arabia

  • အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    အီဂျစ်နှင့်ဆော်ဒီတို့ နိုင်ငံချင်းဆက်တံတား တည်ဆောက်မည်

    ဧပြီ ၉၊ ၂၀၁၆
    M-Media

    egypt 2

    – ပင်လယ်နီကိုဖြတ်ကာ နိုင်ငံချင်းဆက် တံတားတစ်ခုကို ဆောက်လုပ်ရန်အတွက် အီဂျစ်နှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အီဂျစ်သို့ အလည်အပတ်ရောက်ရှိနေစဉ်တွင် ရုပ်သံမှထုတ်လွှင့်သော မိန့်ခွန်း၌ ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်ကို အီဂျစ်သမ္မ အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီနှင့် တွေ့ဆုံစဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ၂ နိုင်ငံကိုယ်စားလှယ်များကလည်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို လက်မှတ်ရေးထိုခဲ့ကြသည်။

    “ဒါဟာ အာဖရိကနဲ့ အာရှ တိုက်ကြီး ၂ တိုက်ကို ဆက်သွယ်ဖို့အတွက် သမိုင်းဝင်ခြေလှမ်းပါပဲ။ ပြီးတော့ တိုက်ကြီးနှစ်တိုက်အကြား ကုန်သွယ်မှုတွေ တစ်မူထူးခြားတဲ့အဆင့်နဲ့ တိုးတက်လာမယ့် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဘုရင်ကြီးက ပြောကြားခဲ့သည်။

    မည်သည့်နေရာ၌ ဆောက်လုပ်မည်ကို ပြောဆိုခဲ့ခြင်းမရှိသော်လည်း အီဂျစ်နိုင်ငံ ရှာမ် အလ်-ရှိခ်၊ ဆော်ဒီအာရေဗျရှိ ရက်စ် အလ်ရှိခ် ဟာမစ် စသည့်နေရာများမှာ တံတားတည်ဆောက်ရန် အနီးစပ်ဆုံးနေရာ ဖြစ်နေသည်။ ထိုကဲ့သို့ နိုင်ငံချင်းဆက် တံတားဆောက်လုပ်ရန် ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ သဘောတူညီချက် ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera

  • မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ

    မဒီနာအစ္စလာမ့်တက္ကသိုလ်၏ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသ

    ဧပြီ ၁၊ ၂၀၁၆
    M-Media

    madina 14

    – ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့ရှိ မဒီနာအစ္စလာမ့်တက္ကသိုလ် Islamic University Of Medinah မှ ကျင်းပသော ကမ္ဘာ့နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှု ပြပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားများကလည်း မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို ၀င်ရောက်ပြသခဲ့သည်ဟု သိရသည်။

    ပဉ္စမအကြိမ်မြောက်ကျင်းပသည့် အဆိုပါ ရိုးရာယဉ်ကျေးမှုပြပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၆၄ ခုက ၀င်ရောက်ပြသခဲ့ကြသည်။

    အဆိုပါပြပွဲမှာ နိုင်ငံတကာမှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာအစားအသောက်များ၊ အထင်ကရနေရာများ၊အနုသုခုမလက်ရာများကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန် မဒီနာအစ္စလာမ့်တက္ကသိုလ်မှ ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို မဒီနာမြို့တော်ဝန် မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

    madina 11

    မြန်မာနိုင်ငံမှ ကျောင်းသားများကမူ ကရ၀ိတ်နန်းတော်ပုံစံတူ တည်ဆောက်ကာ မြန်မာနိုင်ငံပြခန်းတစ်ခုကို ပြုလုပ်ထားပြီး ကရင်လူမျိုးနှင့် ဗမာလူမျိုးတို့၏ ရိုးရာဝတ်စုံကို ၀တ်ဆင်ကာ၊ ဗမာလူမျိုး၏ ရိုးရာအကဖြစ်သော ဦးရွှေရိုးအကဖြင့် ဖျော်ဖြေခဲ့ကြသည်။

    madina 3

    ထို့ပြင် ရိုးရာမုန့်ပြသမှုတွင်လည်း မြန်မာအဖွဲ့မှာ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်၊ ကောက်ညှင်းကျည်တောက်၊ ဘိန်းမုန့် စသည့် မုန့်မျိုးစုံကို ထည့်သွင်းပြသထားက လာရောက်ကြည့်ရှုသူများက မြိန်ယှက်စွာ သုံးဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံပြခန်းအတွင်း မြန်မာနိုင်ငံရှိ အထင်ကရနေရာများ၊ အဆောက်ဦးများ၊ ရှုခင်းများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသခဲ့သည်။

    နိုင်ငံတကာမှ ရိုးရာယဉ်ကျေးမှုပြပွဲနှင့်အတူ ဆိုင်ခန်းပေါင်း ၄၅၀ ကျော်ပါသည့် ၃၃ ကြိမ်မြောက် စာအုပ်ပြပွဲကြီးကိုလည်း အဆိုပါ မဒီနာအစ္စလာမ့်တက္ကသိုလ်တွင် တစ်ပြိုင်နက်တည်း ခင်းကျင်းပြသလျက်ရှိနေသည်။

    Ref and Photo Credit : Facebook pages of လှမ်းလာခဲ့ပါမဒီနာ, Ko Lwin Moe၊ Mg Khin and Paing Phyoewai

  • အိမ်မွေး တိရစ္ဆာန်များ စောင့်ရှောက်ပေးသည့် ရွေ့လျား လုပ်ငန်း တစ်ခုကို ဆော်ဒီ အမျိုးသမီးများ စတင်

    အိမ်မွေး တိရစ္ဆာန်များ စောင့်ရှောက်ပေးသည့် ရွေ့လျား လုပ်ငန်း တစ်ခုကို ဆော်ဒီ အမျိုးသမီးများ စတင်

    မတ် ၃၀၊ ၂၀၁၆
    M-Media

    saudi 2

    – အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးပေးခြင်း၊ လက်သည်းခြေသည်း ညှပ်ပေးခြင်း၊ အမွှေးများညှိပေးခြင်းနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်ပေးခြင်း စတဲ့ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ဆော်ဒီအမျိုးသမီးလေးဦးက စတင်လိုက်တယ်လို့ သိရပါတယ်။

    အဲဒီ လုပ်ငန်းကို ဟူဒါ ကာဘာနီ၊ ၀ီဒတ် အလ်-တာမီမီ၊ နိုရာ အလ်-အေ၀ါတာနီ၊ အမ်နာ အလီရစ်ဒါတို့က စိတ်ကူးရကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အစိုးရဆီကလည်း ခွင့်ပြုချက် ရရှိထားတယ်လို့ ဆိုပါတယ်။

    အလ်-ကာဘာနီက ဒေသတွင်းမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်တွေဆီကနေ ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုမျိုးကို တွေ့ရပြီး တစ်ခါတစ်လေမှာ တိရစ္ဆာန်တွေဟာ ပိုလို့တောင် ဆိုးသွားလေ့ရှိတဲ့အတွက် ဒီလို ၀န်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    “တိရစ္ဆာန်လေးတွေကို သူတို့ရဲ့ အမွှေးအမှင်လေးတွေ ဖြတ်တောက်ပေးဖို့၊ သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။ လူတွေထင်မြင်နေသလိုမျိုး တိရစ္ဆာန်တွေဟာ သူတို့ကိုယ်တိုင် သန့်ရှင်းရေး မလုပ်တတ်ပါဘူး” လို့ အလ်-အေ၀ါတာနီက ပြောကြားခဲ့ပါတယ်။

    ကာဘာနီကတော့ သူတို့ ၃ ဦးရဲ့ ဒီလုပ်ငန်းဟာ တိရစ္ဆာန်အခွင့်အရေးကို ဖန်တီးပေးရေးအတွက် အသိပညာ ပိုမိုပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

    ဒီ ဆော်ဒီအမျိုးသမီးတွေအားလုံးဟာ ဗြိတိန်မှာ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်မှုနဲ့ပက်သက်တဲ့ ဘာသာရပ်တွေ သင်ယူတတ်မြောက်ထားကြပြီး အမွှေးအမျှင် သန့်ရှင်းရေးအပါအ၀င် တိရစ္ဆာန်များရဲ့ သဘာဝအလေ့အထကို နားလည်ကြပါတယ်။

    ဒါ့အပြင် သူတို့တွေဟာ တိရစ္ဆာန်နဲ့ပက်သက်တဲ့ စောင့်ရှောက်မှုကို ကလေးငယ်တွေအကြားမှာ အသိပညာပေးသွားမှာဖြစ်ပြီး၊ အိမ်မွေးတိရစ္ဆာန်တွေ ညှင်းပမ်းခံနေရတဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • အကြမ်းဖက်ဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတိုတစ်ခု ဆော်ဒီထုတ်ပြန်

    အကြမ်းဖက်ဆန့်ကျင်ရေး ပညာပေးဇာတ်လမ်းတိုတစ်ခု ဆော်ဒီထုတ်ပြန်

    မတ် ၁၆၊ ၂၀၁၆
    M-Media

    saudi

    – IS အဖွဲ့ကပြုလုပ်ပြီး လူအမြောက်အများသေဆုံး၊ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဆော်ဒီနိုင်ငံအတွင်းက ဗလီဝတ်ကျောင်းတော် ငါလုံး တိုက်ခိုက်မှုကို မီးမောင်းထိုးပြတဲ့ ဇာတ်လမ်းတိုလေးတစ်ခု ဆော်ဒီက ထုတ်လုပ်ဖြန့်ချီလိုက်ပါတယ်။

    “Raana Alaa Goloubhem” သို့မဟုတ် “အရောင်ဆိုးခံ နှလုံးသားများ” လို့ ခေါင်းစဉ်ရတဲ့ လေးမိနစ်စာ အဲဒီဇာတ်လမ်းတိုကို ဒါရိုက်တာ ရာကန် အလ်-ဟာဘီက ရိုက်ကူးခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၁၀၀ ခန့်သာ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

    ပြတိုက်တစ်ခုမှာ အသေခံဗုံးခွဲသမားတွေရဲ့ ခန္ဓာကိုယ်များကို အထူးပြသထားတဲ့ ပြကွက်နဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။ လည်ပတ်သူတစ်ဦး ရောက်လာတဲ့အခါ ပြတိုက်ကြီးကြပ်ရေးမှူးက လိုက်လံပြသပြီး ဘယ်သူက ဘယ်အစုလိုက်အပြုံလိုက် သေစေမှုကို ကျူးလွန်ခဲ့တာဆိုတာကို ရှင်းပြနေတဲ့ပုံစံကို ပုံဖော်ထားတာပါ။

    နောက်တစ်ကွက်ကတော့ အဲဒီလည်ပတ်သူဟာ တိုက်ခိုက်မှုဖြစ်တဲ့အချိန်ကို ရောက်သွားကာ ဗုံးခွဲမယ့်သူနဲ့ စကားပြောတဲ့အခန်း ဖြစ်ပါတယ်။ ပထမတော့ အဲဒီတိုက်ခိုက်သူဟာ သူရဲ့ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး ယုံကြည်ချက်ခိုင်မာနေရာကနေ ဗုံးပေါက်ခါနီးလေ ထိတ်လန့်လာလေဖြစ်ပြီး ဗုံးခွဲပြီးတဲ့နောက်မှာတော့ အကြီးအကျယ်ဝမ်းနည်းပူဆွေးနေတာကို ဖော်ပြထားပါတယ်။

    အလ်-ဟာဘီက ၎င်းအနေနဲ့ တိုက်ခိုက်မှုတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝကို ကြည့်ရှုသူတွေဆီ ပို့ဆောင်ပေးချင်တဲ့အတွက် ဒီနည်းလမ်းကို အသုံးပြုရတာဖြစ်ပြီး၊ တွေ့မြင်ရသူတွေကလည်း သေဆုံးသွားသူတွေအပေါ် စာနာနိုင်ဖို့ ရည်ရွယ်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဇာတ်လမ်းကိုတော့ လေးမိနစ်နဲ့ပဲ ချုံ့ထားပါတယ်၊ ဘာလို့လဲဆိုတော့ ပေးချင်တဲ့အသိတစ်ခုကို ထိထိရောက်ရောက်ဖြစ်စေဖို့ပါ။ မိနစ် ၂၀ လောက်အထိ ချဲ့လို့တော့ရပါတယ်၊ ဒါပေမယ့် တကယ်တမ်း ခင်ဗျားတို့လိုအပ်တာ ၃ မိနစ်ကနေ ၇ မိနစ်လောက်အထိပါပဲ၊ ကျန်တာကတော့ အပိုသက်သက်ပါပဲ” လို့ ၎င်းက ဆိုပါတယ်။

    IS အကြမ်းဖက်အဖွဲ့တွေနဲ့ပက်သက်တဲ့ ဇာတ်လမ်းတွေ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေမှာ အများကြီးရှိတယ်လို့လည်း အလ်-ဟာဘီက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ဇာတ်လမ်းဟာ အသိပေးပုံချင်း မတူညီတဲ့အတွက် ခြားနားမှုရှိတယ်လို့ ဆိုပါတယ်။
    ယခုရုပ်ရှင်ကို မဂျစ် အလ်-ဆာလင်ရေးတဲ့ အဖြစ်အပျက်တစ်ခုပေါ်မှာ အခြေခံထားတာဖြစ်ပြီး ဆော်ဒီအာရေဗျ ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတစ်ခုမှာ အခြားသော ဇာတ်လမ်းပေါင်း ၇၀ နဲ့အတူဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    Ref: Aran news

  • ကမ္ဘာ့အကြီးဆုံး အမိုးရှင် မက္ကာတွင်တပ်ဆင်

    ကမ္ဘာ့အကြီးဆုံး အမိုးရှင် မက္ကာတွင်တပ်ဆင်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    meccan

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ မြောက်ဖက်ရင်ပြင်မှာ ခေါက်သိမ်းလို့ရတဲ့ ကမ္ဘာ့အကြီးဆုံးအမိုးရှင် တပ်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    အဲဒီအမိုးရှင်ဟာ နည်းပညာမြင့် အကြီးစားအမိုးရှင် ၈ ခုအနက် ပထမဆုံးတစ်ခုဖြစ်ပြီး၊ အငယ်စား ၅၄ ခုကိုတော့ လာမယ့်ခြောက်လအတွင်း တပ်ဆင်သွားဖို့ ရှိပါတယ်။ ဂျာမနီက ထုတ်လုပ်တဲ့ အမိုးရှင်ရဲ့ မျက်နှာကျက်မှာ အလွန်ကြီးမားတဲ့ နာရီတစ်လုံး၊ ၀တ်ပြုသူတွေအတွက် လမ်းညွှန်စခရင်တွေ၊ လေအေးပေးစက်တွေနဲ့ လုံခြုံရေးကင်မရာတွေ ပါရှိမှာဖြစ်ပါတယ်။

    အမိုးရှင်တစ်ခုဟာ အမြင့် ၄၅ မီတာ၊ အလေးချိန် ၁၆ တန် ရှိပြီး၊ ဖွင့်လိုက်ရင်တော့ ဧရိယာ ၂၄၀၀ စတုရန်းမီတာကို အရိပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဂျာမနီက နည်းပညာကျွမ်းကျင်ပညာရှင်နဲ့ လုံခြုံရေးပညာရှင် အင်ဂျင်နီယာ ၂၅ ယောက်လောက်က တပ်ဆင်မှုနဲ့ အီလက်ထရောနစ်ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

    ဧရိယာစုစုပေါင်း စတုရန်းမီတာ ၁၉၂၀၀ လောက် လွှမ်းခြုံနိုင်မယ့် နောက်ထပ် အသေးစား အမိုးရှင် ၅၄ လက်ကိုလည်း တပ်ဆင်သွားဖို့ ရှိနေပြီး၊ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ၀တ်ပြုသူတွေအနားယူဖို့ ခုံတန်းရှည် ၁၂၂ ခုနဲ့ ၀န်ဆောင်မှုဆိုင်ရာ အဆောက်အအုံများကိုလည်း ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အမိုးရှင်တပ်ဆင်ရေးအတွက် အခြေခံလုပ်ငန်းတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

    ယခုစီမံကိန်း ပြီးစီးသွားတဲ့အခါ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်းက ဘုရင် ဖာ့ဒ် အဆောက်အအုံကနေ ဘုရင်အဗ္ဗဒူလာ အဆောက်အအုံထိ မြောက်ပိုင်းရင်ပြင် တစ်ခုလုံးမှာ အမိုးအကာတွေ ရှိမှာဖြစ်ပြီ ၀တ်ပြုသူ ၄ သိန်းလောက်ဟာ မိုးလုံလေလုံ ၀တ်ပြုနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အဲဒီအမိုးရှင်တွေဟာ နေ့ဘက်မှာ နေရာင်ခြည်က ဆိုးကျိုးဖြစ်စေတဲ့ ဓာတ်ရောင်ခြည်တွေကို ကာကွယ်ပေးမှာဖြစ်ပြီး၊ ကျောက်ပြားအခင်းတွေနဲ့ နံရံတွေက စုပ်ယူထားတဲ့ အပူတွေ ညဘက် လေထဲကို ပြန်လည်ထုတ်ပေးရာမှာလည်း အကူအညီ ဖြစ်စေမှာဖြစ်ပါတယ်။ ဆောင်းရာသီမှာတော့ ဒီလုပ်ငန်းစဉ်ရဲ့ ပြောင်းပြန်ကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    မဒီနာမြို့က တမန်တော်မြတ်ကြီးရဲ့ ဗလီဝတ်ကျောင်းတော်တစ်ဝိုက်က ရင်ပြင်တွေမှာ အလားတူ အမိုးရှင်ပေါင်း ၂၅၀ နီးပါးလောက်ကို မကြာသေးမီက တပ်ဆင်ခဲ့ပါတယ်။

    Ref: IINA